News

POST TYPE

EXTRA

ရောက်ရှိရာအရပ်မှာ အဆိပ်မသင့်ဖို့ လိုအပ်တယ်
17-May-2020


ပြည့်စုံခြင်းများ လျော့နည်းဆုတ်ယုတ်လာသည့် ခေတ်တိုင်းခေတ်တိုင်းတွင် ကျပ်တည်းမှုများဖြင့် ဘဝတစ်ခုကို ထူထောင် ကြရပေသည်။

ထိုကဲ့သို့ ကျပ်တည်းစွာဖြတ်သန်းရပ်တည်နေကြရသော ရှင်သန်မှုဘဝများတွင် ထွက်ပေါက်ဟူသည့် စကားရပ်သည် ကြောက်စရာအကောင်းဆုံးသော စကားရပ်ပင် ဖြစ်ပါသည်။

လူ့လောကများထဲတွင် ထွက်ပေါက်ဟူသော စကားရပ်များကိုအသုံးပြု၍ ထွက်ခွာခြင်းအမျိုးမျိုးဖြင့် ထွက်ခွာနှုတ်ဆက်သွားသည့် လူသားများစွာရှိကြပေသည်။

အကြောင်းပြချက်များစွာဖြင့် မဖြစ်သင့်သောအရာများနှင့် မသွားသင့်သေးသောအရာများစွာကြားတွင် ထွက်ပေါက်ရှာ၍ ထွက်ခွာသွားကြသည့် ဘဝတချို့သည်ကား ဝမ်းနည်းနာကျင်စရာကောင်းလွန်းသည့် ထွက်ပေါက်ရှာဖွေမှုပင် ဖြစ်ပေသည်။

တိတ်ဆိတ်ခြင်းများဖြင့် ရှင်သန်မှုများကို ဖြတ်သန်းနေကြသည့်လူသားများတွင် အန္တရာယ်ကြီးလှသည့် အစိုင်အခဲများကို သိုဝှက်လို့ ထားတတ်ကြပါသည်။

ထိုအစိုင်အခဲများသည် သိုဝှက်ထားရှိချိန် ကြာမြင့်လာသည်နှင့်အမျှ ဖောက်ထွက်ရန် လမ်းစရှာဖွေတတ်ပေသည်။

ထိုကဲ့သို့ လမ်းစများကို ရှာဖွေသည့်အချိန်များတွင် ကြောက်စရာကောင်းလှသည့် ထွက်ပေါက်များဆီထိ ရှာဖွေမိကြပေသည်။

တိတ်ဆိတ်ခြင်းများ၏ တစ်ခါတလေဖြစ်ပေါ်တတ်သော အန္တရာယ်ဆိုသည်မှာ ထိန်းချုပ်မှုလွန်ကဲခြင်းတစ်မျိုးပင်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ရှင်သန်နေထိုင်ရသော မိမိတို့ဘဝ၏ ကြုံတွေ့နေရသည့် အခက်အခဲများကို တိတ်ဆိတ်ခြင်းများဖြင့် ထိန်းချုပ်ထားပေမည်။

ထိုသို့ တိတ်ဆိတ်စွာ ထိန်းချုပ်ထားသည့်အရာများသည် ပွင့်ကန်ထွက်လာသည့်အချိန်တွင် နာကျင်စရာကောင်းသော ထွက်ပေါက်တစ်ခုမှ ဝမ်းနည်းဖွယ်ရာမျိုး ထွက်ခွာသွားခြင်းများဖြင့် ရှင်သန်မှုဘဝတစ်ခုကို အရှုံးပေးသွားတတ်ပေသည်။

ဤသည်ကပင် လောကလူသားတို့ အပြောများနေသည့် ထွက်ပေါက်ဟူသော စကားရပ်အချို့၏ မကောင်းသည့် အဓိပ္ပာယ်ဖော်ဆောင်မှုပင် ဖြစ်သွားတတ်ခြင်းဖြစ်သည်။

ကျွန်တော်တို့တစ်တွေသည် ပြန်လည်ကစားခွင့်မရနိုင်သော ကစားပွဲများ၏ အနိုင်အရှုံး တစ်ခုခုကြောင့် ကံဆိုးခြင်းကံကောင်းခြင်းဟူသည့် အတိတ်ကံများကို ပြန်လည်ခိုးယူချင်မိကြပေသည်။

အတိတ်တွင် ကျန်ရစ်နေခဲ့သောအချိန်များကို ပြန်လည်ခိုးယူချင်မိကြသော စိတ်ကူးများသည်ကား အဆများ၏ မြစ်ဖျားခံရာပင် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ထပ်ဆင့်ဆိုရလျှင် နောင်တများနှင့် ထွက်ပေါက်ပိတ်မိနေသည့် အထီးကျန်လူသားများဟုဆိုချင်မိသည်။

လူသားတို့ဖြတ်သန်းကြရသောခေတ်တိုင်းတွင် ယုံကြည်မှုများ၏ အစွန်းထွက်မှုများကြောင့် အမှန်နှင့်အမှား ခွဲခြားဝေဖန်သုံးသပ်နိုင်ကြရန် ခက်ခဲတတ်ပါသည်။

ချစ်ခြင်း၊ မုန်းခြင်းများကြောင့်လည်း အမှန်နှင့်အမှားများကို ခွဲခြားနိုင်ဖို့ရန် ခက်ခဲတတ်ပါသည်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းဟူသော မိမိတို့၏မျှော်လင့် ချက်အတုများကြောင့်လည်း အမှန်နှင့် အမှားများကို ခွဲခြားဝေဖန်ဖို့ရန် ခဲယဉ်းတတ်ပါသည်။

ယုံကြည်မှုများကို အရင်းတည်၍ အမှန်နှင့်အမှားကို ခွဲခြားနိုင်ရန် ခက်ခဲသောလူသားအချို့နှင့် ချစ်ခြင်း၊ မုန်းခြင်းများကို အခြေပြု၍ အမှန်နှင့် အမှားများကို ခွဲခြားဝေဖန်သုံးသပ်နိုင်ရန် ခဲယဉ်းသော လူသားအချို့တွင် လမ်းပျောက်၍ ထွက်ပေါက်ပိတ်လို့ သွား တတ်လှပေသည်။

ကံအကြောင်းတရားများကို အခြေပြု၍ အမှန်နှင့်အမှားများကို ခွဲခြားနိုင်ရန် ခက်ခဲကြသူများသည်ကား မူရင်းအစကတည်းက လမ်းသစ်မရှာချင်သည့် လမ်းပျောက်နေသည့် လူသားများဟု ဆိုချင်မိပါသည်။

တစ်နည်းအားဖြင့် ကံအကြောင်းတရားများကို ပုံချအပြစ်တင်နေသူများမှာ မျှော်လင့်ချက်ပန်းတိုင် စစ်စစ်မထားရှိကြသည့် လူပေါ့များဟုသာ ဆိုချင်မိပါသည်။

မျှော်လင့်ချက်ပန်းတိုင်ရှိသည့် လူသားတိုင်းတွင် အလိုချင်ဆုံးသော ရှင်သန်မှုဘဝများရှိကြပေသည်။ ထိုသူများတွင် ပြင်းပြသော စိတ်ဆန္ဒများရှိကြပေသည်။

ပြင်းပြသော စိတ်ဓာတ်အားများရှိနှင့်ကြသူများတွင် အရှုံးပေးခြင်းဟူသော လမ်းပျောက်ခြင်းများသည်ကား မည်သည့်အချိန်မှာမှ ရောက်ရှိလို့ လာမည်မဟုတ်ပေ။

ပြင်းပြသောစိတ်ဓာတ်ကောင်းများကို ပိုင်ဆိုင်ထားကြသည့် လူသားတိုင်းသည် နာကျင်စရာကောင်း သောထွက်ပေါက်များဖြင့် လောကကို မည်သည့်အချိန်မှ နှုတ်ဆက်ထွက်ခွာရန် မရှိနိုင်၊ မဖြစ်နိုင်ကြပေ။

ပြင်းပြသောစိတ်ဓာတ်ကောင်းများဖြင့် ရှင်သန်မှုဘဝများကို မြှင့်တင်နေသည့် လူသားတိုင်းတွင် တစ်ခုသတိထားရန် လိုအပ်ပါသည်။

သတိထားရန်လိုအပ်သည့်အရာမှာ အခြားတော့မဟုတ်ပါပေ။ ရောင့်ရဲခြင်းဟူသော အလယ်အလတ် ထိန်းချုပ်နိုင်ရေး ဥပဒေတစ်ခုပင်ဖြစ်ပါသည်။

အလယ်အလတ်ထိန်းချုပ်နိုင်ရေးဥပဒေဟု ဆိုအပ်ပါသော ရောင့်ရဲခြင်းအမှုကို ထားရှိနိုင်သည့် လူသားတိုင်းသည် နာကျင်စရာထွက်ပေါက်များဆီသို့ မည်သည့်အချိန်မျှ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါပေ။

ယနေ့အချိန်အခါတွင် ကျွန်တော်တို့တစ်တွေ အားလုံးသည် စိတ်မောလူမောဖြင့်သာ ရှေ့ဆက်လို့နေရပေသည်။ စိတ်ပန်းလူပန်းအဖြစ်နှင့်သာ ရှင်သန်မှုများကို သက်တမ်းတိုးလို့နေရပေသည်။

ပူပင်မှုများစွာတို့ဖြင့်သာ နေ့နေ့ညည ဖြတ်သန်းနေထိုင်ကြရသော အချိန်ပင်ဖြစ်ပါသည်။ စိတ်၏ပင်ပန်းမှုများ အများဆုံး ဖြစ်သည့်အချိန်ဟုဆိုကြလျှင် ပိုမှန်ပေမည်။

ယခုလိုအချိန်မျိုးများ၌ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်းဟူသော တစ်ဦးနှင့်တစ်ဦး ဖေးမမှု များအထူးလိုအပ်သည့် အချိန်ပင်ဖြစ်သည်။

ဆာလောင်မှုအစုံစုံနှင့် ဖေးမမှုများအလိုအပ်ဆုံး သောအချိန်တွင် မိမိကိုယ်ကိုယ်မိမိ မတင်းမကျပ်သည့်နည်းများဖြင့် ထိန်းချုပ်ရပ်တည်နိုင်ကြဖို့ရန်လည်း အထူးလိုအပ်လှပါသည်။

ထိန်းချုပ်မှုများ လွန်ကဲသောကြောင့်ဖြစ်စေ၊ ထိန်းချုပ်မှုများ အားနည်းလွန်းသောကြောင့်ဖြစ်စေ ကျွန်တော်တို့တစ်တွေသည် အစွန်းနှစ်ဖက်လွတ်သည့် ရှင်သန်မှုများကို တည်ဆောက်နိုင်ရန် အလေးထားကြိုးစားရပေမည်။

ဆုတ်ယုတ်ခြင်းများစွာဖြင့် ခဏတာရှင်သန်လှုပ်ရှားနေရသော အချိန်အခါမျိုးများတွင် ဖေးမမှုလက်အစုံစုံဖြင့်သာ မိမိတို့၏ဘဝများကို လှသထက်လှအောင် ပြင်ဆင်ခြယ်သရပေမည်။

ခက်ခဲမှုတံတိုင်းများ ထူထဲလှသော ယနေ့မျက်မှောက်ခေတ်၏ ဆင်းရဲမှုပေါင်းများစွာထဲကနေ၍ အကောင်းဆုံးမှန်သမျှကို မျှော်လင့်ချက်ပန်းတိုင် အဖြစ်ထားရှိကြကာ အတူတကွရှေ့ဆက်နိုင်ကြရန် အထူးတိုက်တွန်းလိုပါသည်။

ခေတ်အဆက်ဆက်တွင် ဖြစ်ပေါ်တတ်သော နာကျင်ဝမ်းနည်းစရာကောင်းလှသည့် ထွက်ပေါက် ရှာဖွေခြင်းမျိုးမှ ကင်းဝေနိုင်စေရန်လည်း ပြောကြားလိုပါသည်။

အတိတ်ထဲတွင် ကျန်ရစ်နေခဲ့သော ချစ်ခြင်း မုန်းခြင်းများကြောင့်ဖြစ်စေ၊ အမှန်နှင့်အမှားများ၏ လွန်ဆွဲခြင်းများကြောင့်ဖြစ်စေ၊ ဘဝ၏ ပူလောင်မှုများမှ ကင်းဝေးနိုင်ကြဖို့လိုအပ်ပါသည်။

မျှော်လင့်ချက်သက်သက်ဟုသာဆိုအပ်ပါသော ပန်းတိုင်အတုများနှင့် မျှော်လင့်ချက်မဲ့သော အနာဂတ်ရန်များမှလည်း ကင်းဝေးနိုင်စေရန် သတိထားစေလိုပါသည်။

ကျွန်တော်တို့တစ်တွေသည် စိတ်၏ငြိမ်းချမ်းမှုများကို ရှာဖွေကြရင်း၊ စိတ်၏ငြိမ်းချမ်းရာအရပ်ဆီသို့ ရှာဖွေလျှောက်လှမ်းကြရင်းဖြင့်သာ ပူလောင်မှုများကို ဖြေဖျောက်ကြပါဟု တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပေတော့သည်။

ခိုင်မြင့်ဝေ