News

POST TYPE

EXTRA

မန်ကျည်းတစ်ပင်ရဲ့ အေးရိပ်ဆာယာ
29-Mar-2020


အပူရှိန်တွေ တစ်စတစ်စတိုးလာပြီမို့ နေ့လယ်နေ့ခင်းအချိန်ကလေးဆို သက်သောင့်သက်သာနဲ့ နေသာထိုင်သာရှိမယ့် နေရာကလေးလိုအပ်လာပြီ။ အိမ်ခေါင်းရင်းဘက်မှာရှိတဲ့ မန်ကျည်းပင်ကြီးနှစ်ပင်ကလည်း ကြွေလိုမဆဲ တသဲသဲအချိန်။ မိုးဒဏ်၊ လေဒဏ်နဲ့ ဆောင်းရဲ့အေးစိမ့်မှုဒဏ်ကို တစ်နှစ်ပတ်လုံး အန်တုခဲ့ရှာတဲ့ အရွက်ကလေးတွေလည်း ရိုးတံကိုင်းတွေကိုဆက်ပြီး ဖက်တွယ်နိုင်စွမ်းမရှိဘဲ ကြွေကျရှာပြီ။အုံ့မှိုင်းဆိုင်းလျက်ရှိခဲ့တဲ့ မန်ကျည်းအကိုင်းအခက်တွေက စာကလေးငှက်တွေရဲ့ အိပ်တန်းလည်းဖြစ်တယ်။ အိပ်တန်းဝင်ချိန် ညနေခင်းဆိုရင် တကျည်ကျည်၊ တကျာကျာနဲ့ ပွက်လော ရိုက်နေတတ်ကြသလို မနက်စောစောဆိုလည်း မြည်တွန်လေ့ရှိပါပဲ။ စာကလေးတွေရဲ့ တိုးသံဝှေ့သံကြောင့် 'လက်ပံပင် ဆက်ရက်ကျသလို'ဆိုတာ ဒါမျိုးကိုပြောတာပဲဖြစ်ရမယ်လို့ တွေးမိတော့တယ်။ အခုကတော့ မန်ကျည်းပင်ပေါ်ကို စာကလေးတွေကျကြခြင်း ဆိုရပါမယ်။ ကိုယ့်အိမ်ဝင်းကလေးထဲက သစ်ပင်တစ်ပင်ဟာ သူတို့အတွက် အရေးပါတဲ့၊ ယုံကြည်ရတဲ့ ခိုလှုံရာဖြစ်ရှာတယ်။ ကြောက်လန့်နေရမယ့် ဝန်းကျင်နေရာကို ကျွန်မတို့တစ်တွေလည်း အိပ်စက်ခိုလှုံလိုမှု မရှိကြသလို ငှက်ကလေး တွေလည်း တပျော်တပါးအိပ်စက်ဝံ့မှာ မဟုတ်။

အိမ်အဝင်ရှိ လူနှစ်ဖက်စာမျှရှိတဲ့ မန်ကျည်းပင်ကြီးကလည်း အုံ့ဆိုင်းဝဲဖြာလို့နေတယ်။အုံ့ဆိုင်းဝဲဖြာနေရတဲ့ အကြောင်းကတော့ မိုးဦးလေဦးကျချိန်ဖြစ်တဲ့ တန်ခူး၊ ကဆုန်လတွေမှာဆိုရင် မက်မောနှစ်ခြိုက်ရတဲ့ မန်ကျည်းပင်ကြီးမှာ မြင့်လွန်းတာမို့ ယိမ်းထိုးနေတဲ့အခါ ကြောက်ရွံ့ရမိကြတယ်။ ဒါကြောင့် အပေါ်ကိုထိုးတက်နေတဲ့ ပင်စည်မကြီးကို မနှစ်ကနွေကပဲ ဖြတ်ခုတ်ပစ်လိုက်တာမို့ အုံ့ဆိုင်းဝဲဖြာနေခြင်းပါပဲ။ အခုတော့ နုပျိုတဲ့မန်ကျည်းအခက်အလက်တွေဟာ အပင်အိုကြီးကနေ တွဲလွဲခိုစီးနေကြတယ်။ ပြီးတော့ ခက်လက်စိမ်းမြနေတဲ့ မန်ချည်းအခက်အလက်တွေကြား စာငှက်ကလေးတွေက တိုးကာဝှေ့ကာ အိပ်တန်းဝင်ကြရှာတယ်။ ဒါကိုပဲ ကျွန်မမှာ ကျေနပ်လို့နေမိတာပါပဲ။

မန်ကျည်းသီး သီးချိန်ဆိုရင်လည်း အသီးချိန်မို့ မန်ကျည်းသီးနုနုကလေးတွေကို ဟင်းတစ်ခွက်အဖြစ် ဖန်တီးဖို့ဆွတ်လေ့ရှိကြတယ်။ ရွာအခေါ်အဝေါ်ကတော့ မန်ကျည်းသီးနုနုကို ဘတန်သီးလို့ ခေါ်ကြတယ်။ အမှန်ကတော့ မတန်သီးလို့ ခေါ်ရခြင်းပါ။ ဒါပေမဲ့ ကျွန်မတို့ ရွာခေါ် ရပ်ခေါ်အသုံးကတော့ ဘတန်သီးလို့ပဲ နှုတ်ကျိုး နေကြပါတော့တယ်။ တစ်ဆင့်စကားတစ်ဆင့် ကြားနဲ့ သုံးနှုန်းကြရင်း နားကြားလွဲကာ မတန်သီးကို ဘတန်သီးလို့ သုံးမိသွားလေသလား။ ဒေသိယအသုံး ကွဲလွဲ နေခြင်းပေလား ဂဃနဏမသိ။ ဒါကတော့ မန်ကျည်းသီးကြောင်း ပြောနေတာမို့ သတိတရပြောမိခြင်းပါ။

မန်ကျည်းသီးကြော်၊ မန်ကျည်းသီးချက်ဆိုတဲ့ ဟင်းတစ်မယ်ကလည်း ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ။ ရွာထဲက တချို့ကလေးငယ်တွေအတွက် မန်ကျည်း သီးနုနုကလေးတွေက မုန့်ဖိုးရစေတဲ့ ပဒေသာပင်တစ်ခု ဖြစ်တယ်။ ကျွန်မတို့အိမ်ဝင်းထဲက မန်ကျည်းပင်တွေကို မန်ကျည်းသီးနု လာဆွတ်တာပဲဖြစ်ဖြစ်၊ မန်ကျည်း ရွက်နုချိန် မန်ကျည်းရွက် လာခူးတာပဲဖြစ်ဖြစ် အိမ်အတွက် တစ်ခါချက်ကိုတော့ ပေးထားခဲ့ကြတယ်။တစ်ခါတလေ ယူထားလိုက်သလို တစ်ခါတစ်ရံတော့လည်း အားနာတာမို့ မယူလိုက်ဘူးပေါ့။ကလေးတွေ လာခူးတဲ့အခါ  "ကလေးတွေ ဂရုစိုက်ခူးကြနော် လိမ့်ကျမယ်"လို့ ခဏခဏလှမ်းအော်ရတာ အမော။လိမ့်ကျမှာစိုးလို့ မခူးခံရင်လည်း နှမြောတွန့်တိုရာထင်မှာစိုးတာမို့ ကလေးတွေမဆင်းမချင်း အလုပ်တစ်ခုလို သတိပေးနေရတယ်။ ကျွန်မတို့ငယ်ငယ်ကတော့ ဆူစ ဖြိုးစ မန်ကျည်းသီးစိမ်းတွေကို အမေနဲ့အစ်မတို့တစ်တွေက မကြာခဏ ဆွတ်ကြလေ့ရှိတယ်။ အကြောင်းကတော့ ခေါင်းလျှော်ရည်အဖြစ် သုံးဖို့ပါပဲ။ သူ့ချည်းပဲလားဆိုရင် မဟုတ်ပါဘူး။ အနောက်တောင်ကြီးပေါ်က ထင်းခွေသွားရင်း အဖေသယ်လာခဲ့တဲ့ တရော်ခေါက်၊ ကင်ပွန်းသီးနဲ့ မန်ကျည်းသီးစိမ်းတွေကို စုပေါင်းပြုတ်ပြီး ရလာတဲ့အရည်ကိုမှ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုတတ်ကြစမြဲပေါ့။ အခုခေတ်လို အရံသင့်လျှော်နိုင်တဲ့ ရောင်စုံတံဆိပ်ခေါင်းလျှော်ရည်တွေ တွင်တွင် ကျယ်ကျယ်မသုံးကြ။ သဘာဝသစ်ခေါက်သစ်သီး တွေနဲ့သာ နှစ်ပါးသွားခဲ့ရချိန် ဆိုရပါမယ်။ ပြီးတော့ မန်ကျည်းသီးမှည့်တွေကို အခုခေတ်လို အပင်ပြတ် ဝယ်သူတွေမရှိသေးဘူး။ ငယ်ငယ်က အော်ဆိုခဲ့ဖူးတဲ့ ကဗျာကလေးထဲကလို 'အိမ်တွင် နွားများ စားလို့မကုန်' ဆိုသလိုပါပဲ။ မိုးဦးလေဦးကျမှာ ကြမ်းခင်းကြွေကျလာတဲ့ မန်ကျည်းသီးမှည့်တွေကို ကောက်ယူထားကြပြီး မီးဖိုချောင်အတွက်သာမကဘဲ အခွံနွှာကာ နွားကျွေးတဲ့ နှမ်းဖတ်ရည်အိုးထဲမှာစိမ်ပြီး နွားတွေကိုလည်း ကျွေးလေ့ရှိတယ်။ ကျွန်မတို့ ကလေးဘဝတစ်လျှောက်လုံး နွေရာသီဆိုရင် မန်ကျည်းသီးမှည့်နဲ့ ရွာချက်ထန်းလျက်ခဲကို ရေဘူးကလေးတွေထဲ ဖျော်ထည့်ပြီး သောက်ကြတယ်။ ရေအိုးအသစ်အေးအေး တစ်လုံးနဲ့ တစ်အိမ်လုံးသောက်လို့ရအောင် အမေကလည်း ဖျော်ပေးတတ်တယ်။ အမေဖြစ်သူကို အတုခိုးကာ ကျွန်မတို့ကလေးတွေလည်း ကိုယ်တိုင်ဖျော်တတ်လာတယ်။ချဉ်တဲ့အရသာရယ်၊ ချိုတဲ့အရသာရယ်အပြင် ဆားနည်းနည်းကိုပါ ထည့်လို့ဖျော်လိုက်တဲ့အခါ သောက်လို့ကောင်းတဲ့ ဖျော်ရည်ကလေးဖြစ်လာတယ်။ ဒါဟာ ကျွန်မတို့ကလေးတွေရဲ့ မရိုးမအီနိုင်ခဲ့တဲ့ ကိုယ်တိုင်လုပ်ဖျော်ရည်ပေါ့။

ခုတော့ မန်ကျည်းသီးနုနုဘဝကနေ ကျော်လွန်လာခွင့်ရတဲ့ မန်ကျည်းသီးကလေးတွေက ဆူစဖြိုးစအရွယ်မှာ ခေါင်းလျှော်ရည်အဖြစ် ကျိုချက်ဖို့ ထိပါး ဆွတ်ခူးမခံရတော့။ အခွံမာကလေးတွေနဲ့ မန်ကျည်းတောင့်ကလေးကြား အဆန်ချောင်သွားတဲ့အထိ ရင့် မှည့်ခွင့်ရနေကြပြီ။ ဒါပေမဲ့ လေတိုက်တဲ့အခါ ကြွေတဲ့မန်ကျည်းတောင့်တွေကိုတော့ ဟိုတုန်းကလို  ကောက်ထားဖြစ်ကြတုန်းပါပဲ။ ပြီးတော့ မီးဖိုချောင်အတွက် လိုရင်သုံးဖို့ အခွံနွှာပြီး သိမ်းဆည်းထားကြတယ်။ ဒါပေမဲ့ ငယ်ငယ်ကလို မန်ကျည်းဖျော်ရည် မလုပ်မိတော့။ ဆိုးဆေးထည့်ဖျော်ထားတဲ့ ဓာတုဆေးဝါးမကင်းတဲ့ အရံသင့်ဖျော်ရည်တွေကိုသာ တပ်မက်နေမိကြတယ် မဟုတ်လား။

တစ်လောလေးက အကြောင်းကိစ္စတစ်ခုနဲ့ အနီးအနားရွာက အသိအိမ်ကို ရောက်သွားဖြစ်တယ်။ဘယ်မှာမှ အဲ့သလိုစိုက်ပျိုးပုံကို တွေ့ဖူးတွေ့စ မရှိပေမယ့် အဲဒီအိမ်မှာတော့ နှစ်ရှည်သစ်ပင်ကြီးမျိုးကို အလှပန်းပင်စိုက်သလို စိုက်ထားခြင်းပါပဲ။အိမ်စည်းရိုးအတွင်းမှာလည်း တန်းစီစိုက်ထားသလို အိမ်ရှေ့ အခြား ပန်းပင်တွေကြားမှာလည်း စိုက်ထားပြန်ပါတယ်။ အဲ့ဒီအပင်ကတော့ အခြားမဟုတ်။ မန်ကျည်းပင်ပဲ ဖြစ်ပါတယ်။ ကျွန်မမှာ အဲဒီနေ့ကမပြန်မချင်းမန်ကျည်းပင် တွေကိုသာ သဘောကျစွာငေးနေခဲ့မိသလို စိုက်ပျိုးမွေးမြူထားတဲ့အိမ်ရှင်တွေကိုလည်း လေးစားအားကျမိခဲ့ရပါတယ်။ လူအများက တန်ဖိုးထားမွေးမြူရမှန်းမသိတဲ့၊ တယုတယစိုက်ပျိုးကြခြင်းမပြုတဲ့ မန်ကျည်းပင်ကလေးတွေကို ဒီအိမ်ဝိုင်းကလေးထဲမှာတော့ အလှပန်းများသဖွယ် အများအပြားတွေ့ရှိရတယ်။ပြုပြင်ထားတာမို့ မန်ကျည်းပင်ကလေးတွေက သုံးပေလောက်သာရှိပြီး အရွက်ကလေးတွေ မှိုင်းညှို့အုံ့ဆိုင်းနေတယ်။ ပင်စည်အောက်ခြေလေးတွေကို ရှင်းလင်းပေးထားတာမို့ အိမ်ဝင်းအတွင်းက မန်ကျည်းကလေးတွေရဲ့ပုံစံမှာ ဖွင့်ထားတဲ့ ထီးကလေတွေအလား၊ ပွင့်နေတဲ့ မှိုပွင့်ကလေးတွေအလား အောက်မေ့ရပါတယ်။အခြား အလှပန်းပင်ကလေးတွေလို ပန်းရနံ့တွေမထုံ သင်းစေနိုင်ပေမယ့်လည်း မန်ကျည်းရွက်နုနုကလေး များကိုတော့ ဆယ့်နှစ်ရာသီပတ်လုံး စားလိုက စားနိုင်ပါလိမ့်မယ်။ မီးဖိုချောင်အတွက် ဟင်းတစ်ခွက်ကိုလည်း စွမ်းဆောင်နိုင်မယ့် မန်ကျည်းပင်ကလေးများပါပဲ။ စိတ်ရှည်လက်ရှည်နဲ့ စိတ်ကူးစိတ်သန်းကောင်းစွာ စိုက်ခဲ့ပျိုးခဲ့သူကို ကျွန်မမှာ မလေးစားပဲမနေမိ။အားမကျပဲ မနေမိပါ။

ပြီးတော့ ဒီအိမ်ကလေးကိုကြည့်နေရင်း အလယ်တန်းကျောင်းသူအရွယ်က ဖတ်ဖူးခဲ့တဲ့ မန်ကျည်းစဉ် သူဌေးမျိုးညွန့်ရဲ့ အိမ်ဝင်းကလေးကို သတိရသွားမိပါတယ်။ အိမ်စည်းရိုးပတ်ပတ်လည်မှာ မန်ကျည်းပင်တွေရှိပြီး မိဘအမွေအနှစ် အိမ်ဝင်းကလေးသာ ချမ်းသာတဲ့ မျိုးညွန့်တို့ဇနီးမောင်နှံဟာ မန်ကျည်းပင်ကလေးတွေကို ဆယ့်နှစ်ရာသီလုံး နုဝေအောင်ဖန်တီးပြီး မန်ကျည်းရွက်နုတွေကို နေ့စဉ်ရောင်းကာ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပါသတဲ့။

ဘာပဲဖြစ်ဖြစ် မန်ကျည်စဉ် သူဌေးမျိုးညွန့်လို အိမ်ဝင်းထဲရှိတဲ့ မန်ကျည်းပင်က မန်ကျည်းရွက်နုတွေကိုရောင်းပြီး စားဝတ်နေရေး မဖြေရှင်းနိုင်ရင်တောင် အကျိုးတော့မယုတ်နိုင်။ အုံ့ဆိုင်းအေးမြတဲ့အရိပ်ကို ကိုယ်သာမက ငှက်ကလေးတွေလည်း ရနိုင်ပါလိမ့်မယ်။ မန်ကျည်းရွက်နုကလေးတွေ၊ မန်ကျည်းသီးနုကလေး တွေကိုလည်း ကိုယ်သာမကပတ်ဝန်းကျင်ကသူတွေပါ ခူးယူစေနိုင်မှာတော့ အမှန်ပါပဲ။

မန်ကျည်းရွက်နုနုတွေ၊ မန်ကျည်းသီးတွေဟာလည်း မန်ကျည်းပင်ရဲ့ အေးမြစေတဲ့အရိပ်သဖွယ်ပါပဲ။အရွက်ကိုစားလို့ တပ်မက်ခြင်းကို အာသာပြေစေ၊ ကြည်ရွှင်ကျေနပ်စေသလို အသီးကိုခူးပြီး အလိုရှိနေမိကြတဲ့ အာဟာရ ရမ္မက်ကို သုံးစွဲခွင့်ရကြတယ်။ငှက်ကလေးတွေအိပ်ကြတယ်။ ကြက်ကလေးတွေ အိပ်ကြတယ်။ ဒါဟာ မန်ကျည်းပင်တစ်ပင်ရဲ့ ကျယ်ပြန့်တဲ့အရိပ်၊ အေးမြစေနိုင်မှု ပရိဝုဏ်ပါပဲ။

အဲ့ဒီနေ့က အိမ်ပြန်ရောက်တဲ့အခါ ကျွန်မအိမ်ဝင်းအတွင်းမှာပေါက်နေတဲ့ မန်ကျည်းပင်ငယ်လေး နွေကိုငေးမောနေမိတယ်။ အခုလက်ရှိမှာတော့ ကျွန်မ အိမ်ဝင်းကလေးထဲမှာ လူတစ်ဖက် နှစ်ဖက်စာရှိတဲ့ မန်ကျည်းပင်ကြီးသုံးပင်ရှိပြီး မန်ကျည်းပင်ပျို နှစ်ပင်ပဲရှိတယ်။ အိမ်ရှေ့စည်းရိုးမှာရှိတဲ့ မန်ကျည်းပင်ပျို ကလေးကတော့ အကိုင်းအခက်ကင်းမဲ့လို့ နေရှာတယ်။ အကြောင်းကတော့ အိမ်ရှေ့ကမီးတိုင်ကနေ လျှပ်စစ် မီးကြိုးဆွဲယူဖို့ဆိုကာ ကျွန်မအစ်ကိုဖြစ်သူက ခုတ်ထစ် ပစ်လိုက်ခြင်းပါပဲ။ မန်ကျည်းပင်ကလေးကို နှမြောလှတာမို့ အိမ်ခေါင်းရင်းဘက် မီးတိုင်ဆီကပဲ ကြိုးဆွဲလို့ရပါကြောင်း ပြောခဲ့ပေမယ့်လည်း သက်ငယ်စကားကို သက်ကြီးကြားရိုးထုံးစံ မရှိလေသလားမသိ။အကိုင်းအခက် တစ်လက်မကျန် ခုတ်ပစ်လိုက်ပါတယ်။ မန်ကျည်းပင်ဆိုတာက ကြီးထွားဖွံ့ဖြိုးလွယ်တဲ့ သစ်ပင် မျိုးမဟုတ်။ ဒါ့ကြောင့် ထီးကလေးလို၊ မှိုပွင့်ကလေးလို အုံ့ဆိုင်းဆိုင်း မန်ကျည်းပင်ကလေး မြင်ရဖို့ စောင့်ဆိုင်းရပါဦးမယ်။

 ခင်ဇော်မိုး