News

POST TYPE

EXTRA

ကိုယ်တိုင်ထုဆစ်၍ လမ်းသစ်ဖွင့်စေချင်
15-Mar-2020


ကျွန်မသည် လိုင်းဖွင့်ထားသော်လည်း မိတ်ဆွေသူငယ်ချင်းများနှင့် စကားစမြည် ပြောဖြစ်သည်ကနည်းသည်။ အကြောင်းအရာတစ်ခုခု ၊ ကိစ္စတစ်ခုခုရှိမှသာ ပြောတတ်သည်။ လိုင်းဖွင့်သည့်အခါတိုင်း တက်လာသည့် သတင်းအကြောင်းအရာများကြည့်လျှင်ကြည့်သည်။ မိတ်ဆွေသူငယ်ချင်းများတင်ကြသော ပို့စ်အချို့ကို ကြည့်လျှင်ကြည့်သည်။ မဟုတ်လျှင် Only Me နှင့် အယ်လ်ဘမ်လုပ်သိမ်းဆည်းထားသော အက်ဆေး ၊ ဆောင်းပါး ၊ ဝတ္ထုတိုလေးများဖတ်နေလေ့ရှိသည်။ 

ယခုလည်း အက်ဆေးကလေးတစ်ပုဒ်ဖတ်နေရင်း ကျွန်မ၏ မက်ဆင်ဂျာမှ စာတစ်စောင်ဝင်လာသည်။ ပို့လာသူမှာ ကျွန်မ၏ သူငယ်ချင်းစာရင်းဝင်တစ်ယောက်တော့ဖြစ်သည်။ ကျွန်မနှင့်မကြာခဏစကားပြောဖြစ်သည့် သူထဲကတော့မဟုတ်။ သို့နှင့် စာမပြန်ခင် သူ၏ Profile ထဲသို့ ဝင်ကြည့်ရသည်။ Profile တွင်သူ့ပုံတင်ထား၍ သူမည်သူဆိုသည်ကို သိခဲ့ရမှ သူ့ကိုစာပြန်ခဲ့၏။ သူကလည်း "ငါဘယ်သူလည်း သိလို့လား" ဟုမေးပါသည်။ "သိပါတယ် ငါတို့တွေ ကိုးတန်းနှစ်က အထကအထောင်မှာ အတူတူတက်ခဲ့ကြတာလေ" ဟုဆိုမှ သူ့ကိုမှတ်မိ၍ ကျေနပ်သွားဟန်နှင့် ပြုံးနေသည့် Sticker လေးတစ်ခု ပြန်ပို့သည်။ သူလည်း ကျွန်မ အကောင့်ထဲသို့ ဝင်ကြည့်ထားဟန်တူပါသည်။ 

"နင်တို့ကတော့ ဆရာမကြီးတွေ ဖြစ်နေပြီပေါ့" ဟုစကားစသည်။ သူ့အလုပ်အကိုင်ပြန်မေးသည့်အခါ ရေရေရာရာမပြော။ "ငါကအခုတော်တော်ဆိုးနေတာ၊ လူဆိုးစာရင်းဝင်တစ်ယောက်ဖြစ်နေပြီ" ဟုသာပြောသည်။ "နင်တို့ တို့တွေအရွယ်က ငယ်သေးတာပဲ ပြင်ဆင်ဖို့အချိန်ရှိပါသေးတယ်" ဟု ပြောကြည့်သည့်အခါ "မရတော့ဘူး၊ နောက်ကျသွားပြီ" ဟုသူပြန်ပြောသည်။ သူရွာကိုမပြန်ဖြစ်တာလည်း အတော်ကြာပြီဟုဆို၏။ သူဘယ်လို လူဆိုးစာရင်းဝင်နေခဲ့သည်ကို မပြောပြချင်ဟန်ရှိသည်နှင့် ဆက်မမေးဘဲထားလိုက်သည်။ သို့သော် သူ့ကိုတော့ ယခုလက်ရှိဘဝမှ ပြောင်းလဲစေချင်မိသည်မှာ အမှန်ဖြစ်သည်။ 

သူနှင့် ကျောင်းအတူတက်ခဲ့စဉ်က သူသည် လိမ္မာသောတပည့်များထဲတွင်ပါဝင်သည်။ သူနှင့်တစ်နှစ်သာအတူတက်ခွင့်ရခဲ့သော်လည်း သူ့ကိုကောင်းကောင်းမှတ်မိ၏။ သူသည် အတန်းထဲတွင် အမြဲဖျတ်လတ်တက်ကြွနေသူဖြစ်သည်။ အရာရာကိုသူဦးဆောင်လုပ်ကိုင်သည်။ သူငယ်ချင်းများအပေါ်လည်း သည်းခံကြင်နာတတ်သည်။ ဤအချက်များကြောင့်ပင် သူ့ကိုကောင်းကောင်းမှတ်မိနေခဲ့ခြင်းဖြစ်သည်။ သူသည် အသက်အရွယ်အလိုက် သိသိသာသာ မျက်နှာအချိုးအစားပြောင်းလဲတတ်သည့်သူထဲတွင်မပါ။ သူ့ပင်ကိုယ်မျက်နှာ အနေအထားအတိုင်းပင် ရှိနေပါသည်။ သို့သော် သူ၏ profile ကိုစတင်ကြည့်မိသည့်အချိန်က သူဟုတ်မဟုတ် ထပ်ခါတလဲလဲ ကြည့်ပြီးမှသာ ဆုံးဖြတ်နိုင်ခဲ့သည်။ အရင်က ဆံပင်တိုတိုကို ဆီလိမ်း၍ အက်နေအောင်ဖြီးထားတတ်သောသူသည် ယခုတွင် ဆံပင်ဆံရှည်နှင့် လက်များတွင်လည်း တက်တူးများနှင့်ဖြစ်နေသည်။ ဆံပင်ရှည်များနှင့် ရှုပ်ပွနေသော သူ၏မျက်နှာသည် အရင်အတိုင်း မပြောင်းမလဲရှိနေသော်လည်း အထပ်ထပ်ပြန်ကြည့်မှသာ ကျောင်းအတူတက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူပြောခဲ့သည့် စကားကလေးတစ်ခွန်းက ကျွန်မကို အတွေးများစွားချန်ထားပေးခဲ့၏။ သူပြောသွားသည့်စကားလေးက "ငါတို့လို လူမျိုးတွေမဖြစ်အောင် နင်ကြိုးစားသင်ပေးပါနော်"ဟု ပြောသွားသည် ။ 

ကျွန်မတွေးနေမိသည်။ သူကတော့ ဘယ်လိုသဘောမျိုးနှင့် ပြောသွားသည်မသိ။ သူပြောလိုက်သည်က အနှောင့်အသွား သိပ်မလွတ်ဟုထင်သည်။ သူနှင့်ကျွန်မသည် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၂ ယောက်ရှိသော စာသင်ခန်းတစ်ခန်းထဲတွင် အတူတက်ခဲ့ရဖူးသော သူငယ်ချင်းများဖြစ်ကြသည်။ စာသင်ချိန်အတူတူ၊ နားချိန်အတူတူ၊ စားချိန်အတူတူ၊ ဆင်းချိန်အတူတူတက်ခဲ့ကြသော သူငယ်ချင်းများဖြစ်ကြ၏။ ထိုသို့ အတူတက်ခဲ့ဖူးသော သူငယ်ချင်းများထဲမှ အထက်တန်းပြ ဆရာ ဆရာမ ဖြစ်သွားကြသူတွေရှိသည်။ သူနာပြုဆရာမဖြစ်သွားကြသူတွေရှိသည်။ 

အင်ဂျင်နီယာဖြစ်သွားကြသူတွေရှိသည်။ ဘွဲ့ရပြီး တခြားအလုပ်အကိုင် လုပ်ကိုင်နေကြသူများလည်းရှိသည်။ ဘွဲ့မရပါဘဲနှင့်လည်း ကျွမ်းကျင်ရာ အပြင်စီးပွားရေးလုပ်ကာ ချမ်းသာကြွယ်ဝနေသူများလည်းရှိသည်။ ကျွန်မတို့၏ ဆရာ ဆရာမများသည် တပည့်များအပေါ် တန်းတူညီမျှသင်ကြားပို့ချပေးခဲ့ကြသည်သာဖြစ်ပါသည်။ 'အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ' ဆိုသည့်အတိုင်း အတန်းစာသည်သာမက အလျဉ်းသင့်သည့်အခါတိုင်းလည်း ဆုံးမသြဝါဒစကားများ သွန်သင်ဆုံးမကြသည်ချည်းဖြစ်ပါသည်။ မည်သူ့ကိုတော့ဖြင့် သာစေ၊ မည်သူ့ကိုတော့ဖြင့်နာစေ ဆိုသည့် သာစေ နာစေ သဘောမျိုး မရှိခဲ့ကြပါ။ ရှိခဲ့ကြမည်လည်း မထင်ပါ။ ထိုအထဲမှ ကျွန်မတို့၏ ခံယူချက်၊ အသုံးချမှုများအပေါ်သာ မူတည်၍ ကျွန်မတို့၏ ဘဝရပ်တည်ချက်များ ကွဲပြားခြားနား သွားရခြင်းဖြစ်သည်ဟု ထင်ပါသည်။ 

ထိုသူငယ်ချင်း ဤသို့ဆိုးသွမ်းသွားရခြင်းမှာ သူ၏ဝန်းကျင် အပေါင်းအသင်းများကြောင့်လည်း ဖြစ်ရလိမ့်မည်ဟု ကျွန်မတွေးမိသည်။ သူသည် အပေါင်းအသင်းမှားသွားသည့်အတွက်ကြောင့်သာ လူဆိုးစာရင်းဝင်တစ်ယောက်ဖြစ်သွားခဲ့ရသည်ထင်၏။ သူနှင့်တွဲတင်ထားလေ့ရှိသည့် သူ၏သူငယ်ချင်းများကို ကြည့်ရသည်မှာလည်း သူ့လိုလူမျိုးချည်းသာဖြစ်နိုင်ကြောင်း ခန့်မှန်းသိနိုင်သည်။ သူငယ်ချင်းသည် သူ့ကိုယ်သူ လူဆိုးစာရင်းဝင်တစ်ယောက် ဖြစ်နေမှန်း သိနေပါသည်။ သို့သော် ပြန်လည်ပြုပြင်၍ အချိန်မီသေးသည်ကို သူမေ့လျော့နေခဲ့သည်လား။ သို့တည်းမဟုတ် သူကိုယ်တိုင်ကပင် ဤအလုပ်များ၌ မွေ့ပျော်နေခဲ့၍လား မပြောတတ်တော့ပေ။ 

သူဘာအလုပ်လုပ်ကိုင်သည်ကို ကျွန်မ မသိချင်ပါ။ မေးလည်းမမေးချင်ပါ။ သို့သော် အမှားမှန်းသိ၍ အမှန်ပြင်ချင်စိတ်ကလေးတော့ သူ့တွင် ရှိစေချင်မိသည်။ သူ့ကိုပြောကြည့်သည့်အခါ "အေးပါ ငါကြိုးစားပါ့မယ်" ဟုသာပြောသည်။ သူ့အဖြေကား အားရလောက်သည့် အဖြေတော့ မဟုတ်။ 

ဖေ့စ်ဘွတ်ပေါ်တွင် 'တာဝန်' ဆိုသည့်ခေါင်းစဉ်နှင့် စာရေးဆရာမ ဆောင်းချစ်က ဤသို့ ပို့စ်တင်ထားသည့်အခါ ထိုသူငယ်ချင်းကို ပြေးမြင်လာမိသည်။ 'တတ်အောင်သင်ဖို့က ဆရာ့တာဝန်၊ ကျွမ်းကျင်အောင်လေ့ကျင့်ရမှာက တပည့်အလုပ်၊ထူးချွန်အောင်ပံ့ပိုးရမှာက မိဘဝတ္တရား။ အခုတော့ ဆရာ့တာဝန်၊ဆရာ့အလုပ်၊ဆရာ့ဝတ္တရား ။' ဟူ၍ ရေးထား၏။ လက်တွေ့တွင် အမှန်လည်း ဟုတ်နေ၏။ ယနေ့ခေတ်ပိုဆိုးမည်ထင်သည်။ လက်သည်ချည်း အားမကိုးဘဲ ညှစ်အားလေးလည်းသုံးပါမှ ဆိုသကဲ့သို့ နေရာတကာ ဆရာကိုချည်း အားကိုးနေ၍ မရနိုင်ပါ။ ဆရာကိုချည်း အပြစ်ပုံချနေ၍လည်း မရပါ။ ဆရာသည် တပည့်အားလုံးအပေါ် ပညာအားလုံးကို တန်းတူညီမျှ သင်ကြားပို့ချပေးခဲ့မည်သာဖြစ်သည်။ ထိုအထဲမှ မိမိဘဝလမ်းကြောင်းအတွက် တိုးတက်ရာတိုးတက်ကြောင်း နည်းလမ်းကောင်းတွေကို စဉ်းစားဆင်ခြင် ဆုံးဖြတ်ရွေးချယ်နိုင်ကြသူများမှသာ သာယာလှပသော ဘဝအထွေထွေကို ပိုင်ဆိုင်နိုင်သွားကြမည်ဖြစ်ပါသည်။

မိမိဘဝကို မိမိသာလျှင် ကိုယ်တိုင် ထုဆစ်ပုံဖော်နိုင်ရပါမည်။ မည်သည့်အကြောင်းကြောင့် မည်သည့်အကျိုးဖြစ်ပေါ်နိုင်မည်ဟူသော အကြောင်းနှင့်အကျိုးခွဲခြမ်းစိတ်ဖြာနိုင်ရေးမှာ မိမိနှင့်သာသက်ဆိုင်သွားပါသည်။ နောက်တစ်ချက်အနေနှင့် မိဘများ၏ ဆုံးမသွန်သင် လမ်းပြမှုများကြောင့်လည်း ကွာခြားနိုင်ပါသေးသည်။ 'လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ' ဆိုသကဲ့သို့ သားသမီးတို့၏ လက်ဦးဆရာများဖြစ်ကြသော မိဘများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးလှပါသည်။ 

ထိုသူငယ်ချင်းသည် 'ငါတို့လို လူမျိုးတွေ မဖြစ်အောင် နင်ကြိုးစားသင်ပေးပါနော်' ဟု ပြောလိုက်ခြင်းမှာ ကျွန်မတပည့်လေးများကို သူကဲ့သို့ လမ်းမှားမရောက်စေချင်သည့် ဆန္ဒမွန်နှင့်ပြောလိုက်ခြင်းလည်းဖြစ်ချင်ဖြစ်ပေမည်။ ကျွန်မတို့၏ ဆရာဆရာမများအပေါ် တမင် အပြစ်ဖို့လိုသော ဆန္ဒသဘောထားမျိုးနှင့် ပြောလိုက်ခြင်းမျိုးကား ဟုတ်နိုင်လိမ့်မည်မထင်ပေ။ သို့သော် ကျွန်မတွေးလိုက်မိသည်မှာ ဤသို့အဓိပ္ပာယ်သက်ရောက်သွားသည်ဟုသာ တွေးလိုက်မိသောကြောင့်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ။ ကျွန်မတို့ ဆရာ ဆရာမများဘက်မှ မည်မျှ ဆုံးမသွန်သင်လမ်းပြပေးနေပါစေ တပည့်များဘက်မှ ကိုယ်တိုင်ခံယူလိုက်နာမှုမရှိက အချည်းအနှီးသာပင် ဖြစ်ပါလိမ့်မည်။ 

လူ့ဘဝဟူသည် မိဘ ဆရာတို့ အစပျိုး လမ်းထွင်ပေးလိုက်သည်မှစ၍ ရှေ့ဆက်သွားရဦးမည့် ကန္တာရခရီးကြမ်းကြီးတွင် မိမိတို့ကိုယ်တိုင် လမ်းဖောက်၍ ခရီးဆုံးအောင် လျှောက်ကြရမည့် ခရီးလမ်းရှည်ကြီးတစ်ခုသာဖြစ်ပါသည်။ ဤသို့ လမ်းဖောက်ရာတွင် မည်သည့်လမ်းမျိုးကို ရွေးချယ်ဖောက်လုပ်မည်နည်း။ မိမိကိုယ်တိုင် ရွေးချယ်နိုင်သည်။ မိမိတို့ဖောက်ကြသည့်လမ်းအတိုင်းသာ မိမိတို့လျှောက်ကြရမည်။ မှားသွားလျှင် အချိန်မီပြန်ပြင်ခွင့်ရှိသည်။ အမှားကို အမှားမှန်းသိလျက် ဆက်သွားနေပါက အချည်းအနှီးဖြစ်သော ခရီးလမ်းတစ်ခုသာဖြစ်သွားပါလိမ့်မည်။ သူငယ်ချင်းကိုလည်း မှားမှန်းသိနေသည့်လမ်းမှ လှည့်ပြန်လာခဲ့၍ တခြားမှန်ကန်သည့်လမ်းမှတစ်ဆင့် ကောင်းနိုးအရာရာ လမ်းထွင်လျက် လက်ကျန်ဘဝခရီးကို တန်ဖိုးရှိရှိဖြတ်သန်းစေချင်မိသည်။ 

အမှားကိုအမှားဟု ဝန်ခံရဲသောသတ္တိ ထိုသူငယ်ချင်းတွင်ရှိနေကြောင်း ကျွန်မသိခဲ့ရပါသည်။ထို့ကြောင့် အမှားကို အမှန်သို့ပြင်နိုင်ရဲသော သတ္တိသည်လည်း သူ့တွင်ရှိနေလိမ့်မည်ဖြစ်ကြောင်း ကျွန်မယုံကြည်နေမိပါတော့သည်။ 

မေမီမိုးမြင့်