News

POST TYPE

EXTRA

တောပန်းကလေးတွေ
01-Mar-2020


ဆိုင်ကယ်ကို အရှိန်လျှော့နိုင်သမျှလျှော့ မောင်းလာရင်းလမ်းတစ်လျှောက်က မြင်သမျှပတ်ဝန်းကျင်ကို လိုက်ငေးကြည့်နေမိတယ်။ အဆုံးမရှိတဲ့ မိုးကောင်းကင်ကြီးရဲ့အောက်မှာ ပြောင်းခင်းကြီးက ကျယ်ကျယ်ဝန်းဝန်း။ အင်းကလေးက ကွေ့ကွေ့ကောက်ကောက်။ တံငါတဲကလေးတွေက ဟိုတဖြောက်၊ ဒီတဖြောက်။ လမ်းကလေးတွေကလည်း မညီမညာ ရေလှိုင်းတွန့်ကလေးတွေအလား။ 
ဒီလောက် နေ့ခင်းကြောင်တောင်နေပူကြီးထဲမှာ ဆိုင်ကယ်ကိုဖြည်းနိုင်သမျှ ဖြည်းမောင်းလာ‌နေတဲ့သူ့ကို မြင်သမျှလူတွေ ဘယ်လိုထင်ကြမလဲဆိုတာတော့ သူမပြောတတ်။ လူတို့ဘသာဝ အပြစ်ပြောကဲ့ရဲ့ သွားကြလေဦးမလားတောင် မဆိုနိုင်။ သူကတော့ သူ့အမြင် သူ့အတွေး‌လေးတွေနဲ့ကြည်နူးရင်း ပူလို့ ပူမှန်းမသိအောင် ဘေးဘီဝဲယာကိုသာ တစိမ့်စိမ့်‌ငေးကြည့် ခရီးနှင်လာခဲ့တယ်။ 

အခုတစ်လော သူဖတ်ဖြစ်နေတဲ့ စာအုပ်ကလေးက ဆရာလင်းခါးရဲ့ 'လူအုပ်ထဲကအထီးကျန်မှု' ဆိုတဲ့စာအုပ်က‌လေး။ လမ်းဘေးဝဲယာတစ်လျှောက် အောက်ခြေကနေ လမ်းနှုတ်ခမ်းစပ်အထိတွယ်တက်နေတဲ့ တောပန်းကလေးတွေကိုမြင်တော့ ဆရာ့ စာအုပ်ထဲက ခေါင်းစဉ်‌လေးတစ်ခုကို ပြေးသတိရမိတယ်။ 'ဘယ်သူမှမသိရင်နေပါ တောပန်းကလေးက လှနေမှာ' တဲ့။ ဆရာကတော့ အဲ့ဒီခေါင်းစဉ်အောက်မှာ မထင်မရှား တေးရေးဆရာတစ်‌‌ယောက်အကြောင်းကိုရေးထားတယ်။ ဘယ်သူမှမသိချင်နေပါစေ သူ့ ဝါသနာပါရာအနုပညာကို လုပ်နေရရင်ကိုပဲ ကျေနပ်နေတဲ့၊ လူတွေသိဖို့လည်း အားမထုတ်တဲ့ မထင်မရှား တေးရေးဆရာတစ်ယောက်ရဲ့ အကြောင်းပေါ့။ ‌လမ်းဘေးဝဲယာတစ်လျှောက် ဟန်မူပိုမြောက်ခြင်းအလျှင်းမရှိပါဘဲ တက်ကြွလန်းဆန်းနေကြတဲ့ တောပန်း ကလေးတွေကိုမြင်လိုက်ရတော့ ဆရာ့ရဲ့ 'ဘယ်သူမှမသိရင်နေပါ တောပန်းကလေးက လှနေမှာ' ဆိုတဲ့ အက်‌ဆေးခေါင်းစဉ်လေးက စိတ်ထဲမှာထင်းခနဲပဲ။

အောက်ခြေကနေလမ်းပေါ်အထိတွယ်တက်နေတဲ့ နွယ်ပင် နွယ်ရွက် ဖုန်အလိမ်းလိမ်းကြားကနေ နေ့လယ်ခင်းရဲ့ နေပူရှိန်ခပ်ပြင်းပြင်းကိုအန်တုပြီး ငွားငွား စွင့်စွင့်ပွင့်လန်းနေကြတဲ့ တောပန်းကလေး‌တွေ။ အရောင်အသွေး‌တွေကလည်း ဖွေး‌ဖွေးဆွတ်ဆွတ်ဖြူလို့။ ဒီပန်းကလေးတွေကို ငေးမကြည့်ဘဲ သူဆိုင်ကယ်ကို ဘယ်လိုအမြန်မောင်းသွားနိုင်ပါ့မလဲ။ ဒီလို ပန်းကလေး တွေကိုမှ ငေးမကြည့်ရင် ဘယ်လိုအလှတရားကို သူခံစားနိုင်‌တော့မလဲ။ ဘယ်လိုအလှတရားကို သူငေးကြည့်ရမှာလဲ။ ဒီအခွင့်အ‌ရေးကိုဆုံးရှုံးလိုက်ရရင်တော့ သူရရှိလိုက်ရမှာက နောင်တတရားပဲ ဖြစ်လိမ့်မယ်။ 

ဆိုင်ကယ်မောင်းလာနေရင်း အသိတစ်ယောက်နဲ့တွေ့တော့ စသလို နောက်သလို ပြော‌သွားသေးတယ်။ 'ဟေ့... လသာနေတာမဟုတ်ဘူးနော်။ မြန်မြန်မောင်းစမ်းပါကွာ' တဲ့။ ပြောပြီးရှေ့ကို ဝေါခနဲ ကျော်တက်သွားတော့တာပဲ။ ဝေါခနဲ ကျော်တက် သွားတဲ့ အဲ့ဒီလူရဲ့ကျောပြင်ကို‌ကြည့်ပြီး လမ်းဘေးဝဲယာတစ်‌လျှောက်က နေ‌ရောင်ခြည်ရင့်ရင့်ကြားမှာ ဝင့်ဝင့်ကြွားြွကားပွင့်လန်းနေတဲ့ တောပန်းကလေးတွေကို သူအားနာ‌သွားမိတယ်။လောကမှာ အားလုံးဟာ ပူတတ်ကြမှာပါပဲလေ။ လူရယ်မှ ဟုတ်မယ်မထင်ဘူး။ တချို့အရာတွေက ကိုယ့်အပူထက် သူတစ်ပါး အေးချမ်း‌စေဖို့ ဦးစားပေးလိုက်ရတဲ့အဖြစ်မျိုးတွေ တကယ်ရှိတယ်။ ဒီလိုတောပန်းကလေးတွေလိုမျိုးပေါ့။ 

သူဆက်တွေးနေမိပြန်တယ်။ ဆိုင်ကယ်ကို အရှိန်လျှော့နိုင်သမျှ လျှော့‌မောင်းလာရင်းပေါ့။ အရင်ဆုံး လူတွေကို ကျေးဇူးတင်မိတဲ့အကြောင်း‌ တွေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုသဘာဝရဲ့ နှင်းရည်သောက်ပြီး နေအလယ်မှာ ကိုယ့်ထူးကိုယ်ချွန် ပွင့်လန်းနေတဲ့ တောပန်းကလေး‌တွေကို မဖျက်ဆီးကြလို့ ဒီအနီးပတ်ဝန်းကျင်ကလူတွေကို သူကျေးဇူးတင်တယ်။ အားလုံးမှာ အလှတရားကိုယ်စီရှိကြတယ်ဆိုတာ သူတို့နားလည်လက်ခံထားကြလို့ပဲလား။ ဒါမှမဟုတ် မရှင်းအားသေးလို့ နေကြ‌ပါစေဦးဟ ဆိုတဲ့သဘောမျိုးနဲ့လားဆိုတာ‌တော့ သူလည်း အတတ်တော့မဆိုနိုင်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပွင့်လန်းနေကြတာမြင်ရတာနဲ့တင် ဒီအနီးပတ်ဝန်းကျင်က လူတွေကို သူကျေးဇူးတင်နေမိ‌တော့တာ။ အပင်မြင်တိုင်း ရှင်းချင် ၊ ခုတ်ချင်နေတဲ့ လူတွေထဲ ဒီအနီးအနားတစ်ဝိုက်က လူတွေမပါလာကြတာ အံ့သြမှုနဲ့အတူ သူဝမ်းသာမိတယ်။ ပြီးတော့ကြည်ညိုလေးစားမိပြန်တယ်။ 

နောက်တစ်ခုဆက်တွေးမိတာက ဒီအပင်လေးတွေအကြောင်းပါ။ ဒီအပင်လေးတွေရဲ့ ဘဝပေးကုသိုလ် ကံအကြောင်းပေါ့။ လူတွေမှာပဲ ကံကံ၏အကျိုးရှိတာ မဟုတ်နိုင်။ အပင်လေးတွေမှာလည်း ကံကံ၏အကျိုး ရှိပုံရတယ်။ဟုတ်တယ် ဒီအပင်လေးတွေ အပင်ဖြစ် ကံကောင်းတယ်ဆိုရမယ်။ တခြားအပင်တွေနဲ့မတူကြဘူး။ မြေလျှောက်အပင်သေးလေးတွေအဖြစ်ရှင် သန်လာကြတာကိုက သူတို့ကံကောင်းလာကြတာ။မဟုတ်ရင် လျှပ်စစ်ဓာတ်အားလိုင်း မီးတိုင်‌တွေ၊ မီးကြိုးတွေနဲ့မလွတ်လို့ဆိုတဲ့‌ အကြောင်းပြချက်တွေနဲ့ အရွယ်ရောက်တာနဲ့ သူတို့အရှင်းခံလိုက်ရတော့မယ် ။ ထင်းအဖြစ်အသုံးပြုဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ခုတ်ထွင်ခံရ‌တော့မယ်။ 

အိမ်ဆောက်ဖို့၊ ပရိဘောဂပစ္စည်းပြုလုပ်ဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ခုတ်လှဲ သစ်ဆွဲခံရ‌တော့မယ်။ လူတွေဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ သူတို့လိုအင်တွေဖြည့်ဆည်းဖို့ ရရာကို အသုံးချကြတယ်။ အဲဒီအထဲ ဒီအပင်လေးတွေအပါမခံရ‌တော့ဘူး။ ဘယ်လောက်ကံကောင်းလိုက်ကြသလဲ။ ဒီအပင်လေးတွေ သိပ်ပြီးအပင်ဖြစ်ကံကောင်းကြတာပဲ။ မာနဂုဏ်အလွှာ‌တွေ မောက်မာမှုမရှိပါဘဲ မြေမှာဝပ်စင်းပြီး လောကကြီးအတွက် အစွမ်းကုန် အလှဆင်ပွင့်လန်းခွင့် သူတို့ရကြတယ်။ သူတို့ သိပ် ကံကောင်းကြတယ်။ အပင်ကြီးတွေနဲ့စာရင် ဘာမာန၊ ဘာဂုဏ်တွေမှ မောက်မာမနေတဲ့ မြေလျှောက်ပင် အပင်နိမ့်လေးတွေကမှ အပင်ဖြစ်ရကျိုးနပ်ကြသေးတယ်။ ဂုဏ်ယူလိုက်စမ်းပါ တောပန်းကလေးတွေရယ်။

ဒီမြေလျှောက်ပင်လေးတွေ သိပ်ကိုကံကောင်းကြတယ်။ အိမ်တွေမှာ အလှစိုက်အပင်ကလေးတွေလို ဘောင်ခတ်ပိတ်လှောင်တာ မခံကြရဘူး။ မလိုအပ်တဲ့ ပြုစုယုယမှုတွေကြောင့် မွန်းကျပ်မခံကြရဘူး။ ပိုလျှံတဲ့အစာအာဟာရတွေအတွက် အသည်းအသန်အစာ ချက်နေစရာမလိုဘူး။ သဘာဝရဲ့နှင်းရည်ကိုသောက်ပြီး သဘာဝရဲ့နေခြည်ဖြာဖြာအောက်မှာ သဘာဝ ကျကျလွတ်လပ်စွာရှင်သန်ခွင့်ရကြတယ်။ဒါဟာ သူတို့ရဲ့ ပင်ကိုသဘာဝဖြစ်စဉ်တစ်ခုပဲ မဟုတ်ပါလား။ ဒီလိုလမ်းနံဘေးမှာ လမ်းပေါ်ကိုတွယ်တက်ပြီး လောကကိုအလှဆင်ခွင့်ရတဲ့ ဒီမြေလျှောက်ပင်ကလေးတွေ၊ ဒီတောပန်းကလေးတွေဟာ သူထင်ထားတာထက်‌တောင်ပိုပျော်နေကြဦးမယ်ဆိုတာ နေအလယ်မှာ ငွားငွားစွင့်စွင့် ရဲရဲရင့်ရင့် ပွင့်လန်းနေကြတဲ့ ပန်းကလေးတွေရဲ့အလှကို ငေးကြည့်လာနေတဲ့ သူသာအသိဆုံးဖြစ်လိမ့်မယ်။ ဝေါခနဲကျော်တက်သွားတဲ့ သူငယ်ချင်းကို တောပန်းကလေးတွေ အကြောင်းပြောပြရင် သူခံစားတတ်မှာမဟုတ်ဘူး။ 

သူနားလည်နိုင်မှာမဟုတ်ဘူး။ သူတို့ကို ဦးညွှတ်တတ်မှာမဟုတ်ဘူး။ အဲ့ဒီအတွက် ဒီပန်းကလေးတွေကို သူငေးကြည့်မှာမဟုတ်ဘူး။ ဒီပန်းလေးတွေအကြောင်း သူ တယုတယတွေးနေမိမှာမဟုတ်ဘူး။ တကယ်တော့ ဒီပန်းကလေးတွေက ဆရာ့စာအုပ်‌လေးထဲကလို ဘယ်သူမှအလေးမထားလည်း ဖူးပွင့်မြဲ ဖူးပွင့်နေမယ့်၊ လန်းဆန်းမြဲလန်းဆန်းနေမယ့်၊ တက်ကြွမြဲတက်ကြွနေကြမယ့် ပန်းကလေးတွေပါ။ သူတို့အလှကိုမြင်နိုင်တဲ့သူတွေ သူတို့ကိုငေးကြည့်သွားလိမ့်မယ်။ သူတို့ကိုချီးမွမ်းသွားလိမ့်မယ်။သူတို့ကတော့ သူတို့ရဲ့အလှတရားအတွက် ဘယ်သူ့ကိုမှ လက်ယပ်ခေါ်ဖော်ကြူးနေမှာမဟုတ်သလို ဘယ်သူ့အတွက်ရယ်လို့လည်း တသီးတသန့် ပွင့်ဝေ‌ပေးနေကြမှာမဟုတ်ပါဘူး။ သူတို့အခြေချရာ သူတို့ကမ္ဘာ‌လောကကြီးအတွက် အစွမ်းကုန်ကျေးဇူးဆပ်ခွင့်ရ‌နေရုံနဲ့ သူတို့ပြုံးပျော်ကျေနပ်နေကြရှာတာ။ အဆင်းသာမက အချင်းပါဖြူတဲ့ တောပန်းကလေးတွေ။ သူတို့မှာ လူတွေအထင်ကြီးအောင်ပွင့်လန်းပြဖို့ ၊ မာနထောင်လွှား ဟိတ်ဟန်တွေပြ‌နေဖို့ အချိန်လည်းမရှိဘူးထင်ပါရဲ့။ 

သူတော့ ဒီတောပန်းကလေးကို ငေးကြည့်လို့မဝဘူး။ ပြောရရင် ဒီခရီး မပြီးဆုံးချင်သေးဘူး။ဒီတောပန်းကလေးတွေရဲ့သဘာဝအလှကို အားရပါးရခံစား‌ငေးကြည့်ချင်နေသေးတာ။ ဒါပေမဲ့ ချစ်ချစ်တောက်ပူနေတဲ့နေရယ်။ ရပ်လို့အဆင်မပြေတဲ့ လိမ့်နေဆဲဘီး‌တွေ ရယ်က ဒီခရီးကို တဖြည်းဖြည်းကုန်ဆုံးစေ‌တော့မယ်။ ဝေါခနဲကျော်တက်သွားတဲ့ဆိုင်ကယ်ပိုင်ရှင်ကတော့ အိမ်ရောက်လို့ တစ်မှေးတစ်မောအိပ်စက်အနားယူနေလောက်ပြီထင်ပါရဲ့။ သူကတော့ တောပန်းကလေးတွေရဲ့အလှ၊ တောပန်းကလေးတွေရဲ့မြင့်မြတ်မှု၊ တောပန်းကလေးတွေရဲ့ လွတ်လပ်မှုနဲ့ တောပန်းကလေးတွေရဲ့ ကံအကျိုးပေးတရားတွေကို အကြိမ်ကြိမ်ငေးကြည့်ပြီး အခါခါဦးညွှတ်နေခဲ့မိတယ်။ အပင်ဆိုတဲ့အပင်ချင်း တူသော်လည်း၊ အပွင့်ဆိုတဲ့အပွင့်ချင်း တူသော်လည်း၊ တူတာတွေကြားမှာ မတူတာခြားပြီး ဂုဏ်တင့်နေတဲ့ တောပန်းကလေးတွေကို သူတော့ ဒီခရီးမဆုံးချင် လောက်အောင် အကြိမ်ကြိမ်အားကျ ငေးမောနေ ခဲ့မိပါပြီ။ မထင်မရှားတေးရေး ဆရာတစ်ယောက်အတွက် ဆရာလင်းခါးရေးခဲ့တဲ့ 'ဘယ်သူမှမသိရင်နေပါ တောပန်းကလေးကလှနေမှာ၊ ဘယ်သူမှ မတွေ့ရင်နေပါ တောပန်းကလေးကမွှေးနေမှာ' ဆိုတဲ့ ကဗျာစာသားလေး‌တွေက သူ့ရဲ့စိတ်နှလုံးအိမ်ထဲမှာ ပဲ့တင်ထပ်လို့ပေါ့။ 

မေမီမိုးမြင့်