News

POST TYPE

ENVIRONMENT

တရားမဝင် သဲ၊ ကျောက်၊ အုတ်လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးကြောင်း တိုင်းလွှတ်တော်ထောက်ပြ
14-Mar-2019

ပုသိမ်၊ မတ် ၁၄

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ တရားမဝင် လုပ်ကိုင်နေသော မြစ်သဲ၊ မြစ်ကျောက်၊ ချောင်းကျောက်၊ တောင်ကျောက် ကျောက်စရစ်၊ အုတ်စသည့်လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် အခွန်ငွေရရှိမှု ထိခိုက်လျက်ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ထံမှ သိရှိရသည်။

ယင်းလုပ်ငန်းများသည် ခွင့်ပြုဧရိယာထက် ပိုမိုထုတ်လုပ်ခြင်း၊ ကန့်သတ် မြစ်တွင်းနေရာတို့တွင်ပါ ထုတ်လုပ်ခြင်းတို့ကြောင့် မြစ်ကြောင်းနှင့် ရေအရင်းအမြစ် ပျက်စီးခြင်း၊ လယ်မြေ၊ ဥယျာဉ်မြေနှင့် မြစ်ကမ်းအနီးတို့တွင် လက်ရိုက်အုတ်ထုတ်ခြင်းတို့ကြောင့် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ ပြုန်းတီးလာကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“တောင်ကျောက်ထုတ်တာ ကျောက်စရစ်ထုတ်တာတွေကြောင့် ပတ်ဝန်းကျင် အခြေအနေ ပျက်စီးမှုတွေရှိတဲ့အပြင် ဒီလုပ်ငန်းတွေမှာ အခွန်ရှောင် အခွန်ပုန်းတွေလည်း ရှိနေတာကြာင့် တိုင်းပြည်နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ထိခိုက်နစ်နာပါတယ်”ဟု ဝါးခယ်မမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။ 

ဧရာဝတီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက “ဒီလုပ်ငန်းတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုခဲ့တယ်။ စည်းကမ်းလိုက်နာမှု မရှိဘူး။ ချိုးဖောက်မှုတွေ ရှိနေတယ်။ ဒါကြောင့် သက်ဆိုင်ဌာနတွေနဲ့ပူးပေါင်းပြီး စိစစ်ဆောင်ရွက်သွားမယ်။ အခွန်ငွေတွေကိုလည်း လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်နှင့် အခွန်များမလျော့ကျစေရန်အတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်စေပြီး အစိုးရအဖွဲ့မှ သက်ဆိုင်ရာဌာနများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ထိန်းကျောင်းကြပ်မတ်သင့်ကြောင်း လေးမျက်နှာမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးစိုးခိုင်က အကြံပြုသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြစ်သဲ၊ မြစ်ကျောက်၊ ချောင်းကျောက်၊ တောင်ကျောက်၊ ကျောက်စရစ်၊ အုတ်စသည့်လုပ်ငန်းများမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ အခွန်ငွေကျပ် ၂၉၄ ဒသမ ၈၅ သန်း ရရှိခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ငွေ ကျပ် ၆၄၃ ဒသမ ၂၉ သန်းရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

R-12