POST TYPE

ENVIRONMENT

မွန်၊ ကရင်နှင့် ဒေသအချို့ နေရာကွက် မိုးကြီးမည်
07-Aug-2018

ရန်ကုန်၊ ဩဂုတ် ၇

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“လာမယ့် သုံးရက်မှ ငါးရက်အတွင်း မုတ်သုံလေ ဆက်လက်အားကောင်းနေဖို့ အားပေးတဲ့ လေဖိအားနည်းရပ်ဝန်းပါ။ India အရှေ့ဘက်ကမ်းခြေကို ရွေ့လျားမှာပါ”ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဩဂုတ်လ ၈ ရက်နေ့၌ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်း အမြင့် ၉ ပေမှ ၁၂ ပေခန့်နှင့် ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

E-03