News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မိုးကြီး

ရန်ကုန်၊ ဇွန် ၁၇

မုတ်သုံလေအား အလွန်ကောင်းနေသည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုအားပိုနေပြီး ဒေသအလိုက် မိုးကြီးနေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် စသည့်ဒေသများတွင် ယခုရက်ပိုင်း၌ မိုးသည်းထန်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဖွယ် ရှိသေးကြောင်း ၎င်းကပြောဆိုသည်။

ယင်းသို့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးများနိုင်သော်လည်း အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင် မိုးအား ပြန်လျော့သွားနိုင်ကြောင်း၊ မွန်- တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး ရခိုင်ပြည် နယ်ဘက်တွင် မုတ်သုံအင်အားလျော့နည်းနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံတစ်ဝန်း မိုးအားကောင်းနေခြင်းကြောင့် မကွေးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ် စသည့်မြစ်ကြီးများတွင် မြစ်ရေဆက်လက် မြင့်တက်လျက်ရှိသည်။

ဇွန်လ ၁၈ ရက်နေ့၌ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား ပဲခူးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာပြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

“တောင်​ပိုင်း​ဒေသ​တွေမှာ စုစုပေါင်း မိုး​ရေချိန်​ ခြောက်လက်​မမှ ၁၀ လက်​မအတွင်း ရွာနိုင်​ပါတယ်​။ မိုးအား၊ မုတ်​သုံ အားအကောင်းဆုံးကာလ ဇူလိုင်​၊ ဩဂုတ်​လ​တွေမှာလည်း မိုး​ကောင်းဖို့ အ​ခြေအ​နေ များပါတယ်”ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

အနောက်တောင်မုတ်သုံလေသည် ဇွန်လ ၁၇ ရက်နေ့ တိုင်းထွာချက်များအရ အားအလွန်ကောင်းနေပြီး တိမ်တိုက်စုကြီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန် တိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအပေါ်၌ ဖုံးလွှမ်းနေခြင်းကြောင့် မွန်ပြည်နယ် အပါအဝင် ဒေသအချို့တွင် မိုးကြီးခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသ အခြေအနေ လေ့လာစောင့်ကြည့်သုံးသပ်သူများက ပြောကြားသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် အများစုတွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရသည်။

ယင်းသို့ မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ရာ မုဒုံမြို့သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း မိုးရေချိန်စံချိန်သစ်အဖြစ် ၁၁ ဒသမ ၆၉ လက်မကို ဇွန်လ ၁၇ ရက်နေ့၌ ရရှိခဲ့သည်။

E-03