News

POST TYPE

ENTERTAINMENT

လွှတ်တော် တင်တော့မယ့် ရုပ်ရှင် ဥပဒေအတွက် အနုပညာ လောကသားများ ပါဝင် အကြံပြု နိုင်ပါတယ်လို့ လူမင်း ဆို
20-Aug-2016
ရန်ကုန်၊ သြဂုတ် ၂ဝ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေ ဦးဆောင် ရေးဆွဲထားတဲ့ ရုပ်ရှင် ဥပဒေကို မကြာမီ လွှတ်တော် တင်တော့မှာ ဖြစ်တဲ့အတွက် အနုပညာ လောကသားများ အားလုံး ပါဝင်အကြံပြု နိုင်ပါတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက ပြောကြားပါတယ်။ ရန်ကုန်မြို့၊ Parkroyal Hotel မှာ သြဂုတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဖိုရမ်မှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ “ရုပ်ရှင် ဥပဒေတွေကို လေ့လာပြီးတော့ ကျွန်တော်တို့ လောကသားတွေ အားလုံး အကြံဉာဏ်တွေ ပေးကြပါ။ ကျွန်တော် တစ်လတိတိ အချိန် ပေးပါတယ်။ ဒီဥပဒေကို အမြန်ဆုံး အတည်ပြုနိုင်ဖို့ ကြိုးစား ဆောင်ရွက်မှသာလျှင် ခေတ်ကာလနဲ့ ကိုက်ညီမှု ရှိတဲ့ ဥပဒေ အသစ်တွေကို ပြဋ္ဌာန်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”လို့ ယင်းဥပဒေနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။ မြန်မာ့ရုပ်ရှင် ဥပဒေကိုတော့ ရုပ်ရှင် အစည်းအရုံးက ဦးစီးပြီးတော့ အနုပညာ လောကသားတွေ ကိုယ်တိုင် ပူးပေါင်း ပါဝင်ထားတဲ့ ဥပဒေရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းပြီး အကြိမ်ပေါင်း ၃ဝ ကျော်၊ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီးမှ ရေးဆွဲခဲ့တာ ဖြစ်ကြောင်း၊ ယင်းဥပဒေကို ယှဉ်တွဲပြီး ပြန်ကြားရေး ဝန်ကြီးဌာနကနေ သုံးသပ် ပေးထားတဲ့ ရုပ်ရှင် ဥပဒေလည်း ပြီးစီးနေပြီ ဖြစ်ကြောင်း လူမင်းက ဆိုပါတယ်။ “ဒီဥပဒေ နှစ်ခုကို နှိုင်းယှဉ်ပြီး လွှတ်တော်မှာလည်း အကြမ်းဖျင်း သွားရောက် ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ လောကရဲ့ အနာဂတ်အတွက် ရုပ်ရှင် ဥပဒေဆိုတာ အသက်ပါပဲ။ အရာရာကို ဥပဒေအရပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေအရပဲ အကာအကွယ် ယူရမှာ ဖြစ်ပါတယ်။ ဥပဒေအရပဲ အခွင့်အရေးတွေ တောင်းဆိုရမှာ ဖြစ်ပါတယ်”လို့ ၎င်းက ပြောဆိုပါတယ်။ ရုပ်ရှင်ဥပဒေကို ပြန်ပြင်ဆင် ရေးဆွဲဖို့အတွက် လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေပြီဖြစ်ပြီး ဥပဒေ တစ်ခု ပြုတဲ့အခါမှာ လစ်ဟာချက်တွေ မရှိဖို့အတွက် ရုပ်ရှင်နယ်ပယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြညသူ့ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောကြားပါတယ်။ “ရုပ်ရှင်လောကနဲ့ ပတ်သက်ရင် ကျွန်တော်တို့က အပြင်ကနေ လှမ်းကြည့်တာပါ။ အပြင်က မြင်တဲ့ အမြင်ပဲ ရှိပါတယ်။ ဒီလောကနယ်ပယ်ကို ကျွန်တော်တို့ မကျွမ်းကျင်ပါဘူး။ ဒီလောက နယ်ပယ်မှာ ထဲထဲဝင်ဝင် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်ဟာကို အပြောင်းအလဲ လုပ်ရင်တော့ ဘယ်လို အခြေအနေတွေ ဖြစ်သွားမယ်၊ ဘယ်နေရာကိုတော့ ပြုပြင် ပြောင်းလဲဖို့ လိုတယ်၊ ဘယ်ဟာတွေဟာ အားနည်းနေတယ် ဆိုတာသည် တကယ် ထဲထဲဝင်ဝင် လုပ်နေတဲ့ ရုပ်ရှင်နယ်ပယ်က ပုဂ္ဂိုလ်တွေက ပိုသိပါတယ်”လို့ ၎င်းက ဆိုပါတယ်။


  • VIA