News

POST TYPE

ENTERTAINMENT

သူရိယနဲ့ တွေ့ဆုံခြင်း
18-Jan-2017

လူငယ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူရိယနဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ သမက်တော်… ကွက်ကျော် ရုပ်ရှင်အကြောင်း၊ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲ အောင်မြင်မှု ရခဲ့တဲ့အပေါ် သူ့ခံစားမှုနဲ့ ရိုက်ကူးရေး အမှတ်တရများအကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : ဒါရိုက်တာ ရာဇဝင်ကိုနဲ့ လက်ရှိ ရိုက်နေတဲ့ သမက်တော်…ကွက်ကျော် ရုပ်ရှင်အကြောင်းကနေစပြီး ပြောပြပေးပါဦး။
TRY : ဒီကားမှာ ကျွန်တော်က မကြီးစိုး (စိုးမြတ်သူဇာ) ရဲ့ သားနေရာက သရုပ်ဆောင်ရတာပါ။ ကျွန်တော်နဲ့ အဆိုတော် ကိုဝေလျှံနဲ့က မကြီးစိုးရဲ့ သားနှစ်ယောက်ပေါ့။ ကျွန်တော်တို့ရဲ့ ဦးလေးကတော့ ကိုခန့်စည်သူပါ။ ဦးလေးက မိန်းမ မရသေးဘူး။ ကျွန်တော်တို့ကလည်း မိန်းမ ယူချင်နေတော့ သူ မိန်းမ အရင်ရအောင် တိုက်တွန်းတာပေါ့။ သူ မိန်းမရအောင် ကျွန်တော်တို့က ကြားထဲကနေ အကွက်တွေ ဆင်ပြီး ဖန်တီးပေးတာပေါ့။ အဲ့ဒီ နေရာလေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျမှာပါ။

Voice : ကိုယ့်အတွက် ထူးထူးခြားခြား လုပ်ပြရမယ့် ဇာတ်ဝင်ခန်းမျိုးရောပါလား။
TRY : ဟာသကားတွေကတော့ များသောအားဖြင့် ဇာတ်လမ်းကျောရိုးတွေ ဆင်တူသွားတာမျိုး ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ ပြောရတဲ့ ဒိုင်ယာလော့ခ်တွေ၊ ကျွန်တော်တို့ လုပ်ရတဲ့ အက်တင်တွေကတော့ တစ်ကားနဲ့ တစ်ကား လုံးဝ မတူပါဘူး။ ကျွန်တော်တို့ကတော့ ဇာတ်လမ်း အသွားအလာနဲ့ ကိုယ် လုပ်ရမယ့် ကာရိုက်တာပေါ် မူတည်ပြီး အဝတ်အစားနဲ့ အက်တင်ပိုင်းကိုတော့ ပြောင်းနိုင်ဖို့ ကြိုးစားပါတယ်။

Voice : မဟော်ဂနီ ထုတ်လုပ်ရေးနဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက်မှာ ဇာတ်ကားတွေ မရိုက်ဘဲ နားဖြစ်ခဲ့တယ်။ အခု တစ်ကျော့ ပြန်ဝင်လာတဲ့အခါမှာ အရင်ကထက် ဇာတ်ကားတွေ ပိုရိုက်ရတာလည်း တွေ့ရတယ်။ ဘယ်အရာတွေက ကိုယ့်ကို ပြောင်းလဲစေခဲ့တာလဲ။
TRY : ကျွန်တော်က ကြားထဲမှာ သုံးနှစ်လောက် ဇာတ်ကားတွေ မရိုက်ဘဲ ဒီတိုင်းပဲ ထိုင်နေခဲ့တယ်။ မဟော်ဂနီနဲ့ စာချုပ်လည်း မရှိတော့ ဇာတ်ကားတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့ အချိန်မှာ ပြန်ရိုက်ဖြစ်တယ်။ တချို့ ဇာတ်ကားလေးတွေကို ပရိသတ်တွေက အသိအမှတ်ပြု အားပေးကြတဲ့အတွက် အရမ်း ဝမ်းသာရပါတယ်။ အခု လက်ရှိ MRTV4 မှာ ပြနေတဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ ကြိုက်ကြတဲ့အတွက် ကျွန်တော် ပျော်နေပါတယ်။ ဒီနှစ်ထဲမှာလည်း ပရိသတ်တွေကို ချပြဖို့အတွက် ကျွန်တော့်မှာ ထူးခြားတဲ့ အစီအစဉ်တွေ အများကြီး ရှိပါတယ်။

Voice : အနုပညာ အလုပ်အပေါ် ထားတဲ့ ခံယူချက်ရော အရင်ကနဲ့ မတူဘဲ ပြောင်းလဲလာတာမျိုးရော ရှိလား။
TRY : အနုပညာ အလုပ်အပေါ် ထားတဲ့ ခံယူချက်ကတော့ ကိုယ့်အလုပ်အပေါ်၊ ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်တွေအပေါ် တန်ဖိုးထားပါတယ်။ အနုပညာသမား ဆိုတာက ပရိသတ် မရှိဘဲနဲ့ ရပ်တည်လို့ မရပါဘူး။ အဲ့ဒီအတွက် ကိုယ့်ကို အားပေးနေတဲ့ ပရိသတ်က တစ်ယောက်ပဲ ကျန်နေရင်တောင် အဲ့ဒီတစ်ယောက်အတွက် အစွမ်းကုန် ကြိုးစားသွားမယ် ဆိုတဲ့စိတ်မျိုး ထားထားပါတယ်။

Voice : အခုလက်ရှိမှာ ပရိသတ်တွေ စိတ်ဝင်စား အားပေး ကြည့်ရှုနေတဲ့ မနေ့က ဖြစ်သည် ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုအပေါ် ဘယ်လိုခံစားရလဲ။
TRY : ဒီဇာတ်လမ်းတွဲ အောင်မြင်မှု ရသွားတဲ့အတွက် ကျွန်တော်တို့ တစ်ဖွဲ့လုံး ပျော်နေပါတယ်။ လူသတ် တရားခံ ဘယ်သူဖြစ်မလဲလို့ စိတ်ဝင်စားနေတဲ့အချိန်မှာ ကြော်ငြာတွေ ထိုးပြတာကိုတော့ မကြိုက်ဘူးလို့ တချို့ ပရိသတ်တွေ ပြောတာလည်း ပြန်ကြားရပါတယ်။ ဒီဇာတ်ကားက လူသတ်တရားခံကို ဖော်ထုတ်ရတဲ့ ဇာတ်လမ်းလည်း ဖြစ်တယ်။ ပရိသတ်တွေရဲ့ အာရုံကို ကျွန်တော်တို့ ဖမ်းစားလိုက်နိုင်တယ်။ အဲ့ဒါကြောင့်လည်း ဒီဇာတ်လမ်းတွဲက အောင်မြင်မှု ရသွားတယ်လို့ ထင်ပါတယ်။ ကြော်ငြာများတယ် ဆိုပေမယ့် ဇာတ်လမ်းတွဲ ပြီးတဲ့အထိတော့ သည်းခံပြီး စောင့်ကြည့်ပေးဖို့ ပရိသတ်တွေကို ပြောချင်ပါတယ်။ အခုဆို ဇာတ်ရှိန်တက်တဲ့ အခန်းတွေ ရောက်နေပါပြီ။ နောက်ပိုင်းမှာ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ရမှာပါ။

Voice : ဒီဇာတ်လမ်းတွဲကို စရိုက်ခဲ့တုန်းကရော ဒီလောက်အထိ အောင်မြင်မှု ရသွားလိမ့်မယ်လို့ ထင်ခဲ့လား။
TRY : ကျွန်တော်တို့ကတော့ ဇာတ်လမ်းတွဲ စရိုက်ခဲ့ကတည်းက ကိုယ်ကြိုးစားထားတဲ့ အရာတစ်ခုကို ပရိသတ်တွေ သဘောကျပြီး ပေါက်စေချင်တာပဲလေ။ ဒါပေမဲ့ အောင်မြင်မှုရဖို့က ကံတရားနဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ရိုက်ကူးရေးပိုင်းမှာ ရာနှုန်းပြည့် ကြိုးစားခဲ့ပါတယ်။ ဇာတ်ညွှန်းပိုင်းမှာဆိုလည်း ပရိသတ် အာရုံကို ဆွဲဆောင်နိုင်ဖို့အတွက် ဘယ်အပိုင်းမှာ ဘယ်လိုရပ်ပြီး၊ နောက်တစ်ပိုင်းမှာ ဘယ်လို ပြန်စမယ်ဆိုတာကို ကြိုပြီး စဉ်းစားခဲ့တာတွေ ရှိပါတယ်။ အဓိကကတော့ ပရိသတ်တွေက နောက်ပြမယ့်အပိုင်းတွေကို ဆက်ပြီး ကြည့်ချင်လာအောင် တွက်ပြီး ရိုက်ခဲ့တာပါ။ တစ်ဖွဲ့လုံးရဲ့ ကြိုးစား အားထုတ်မှုတွေ၊ ကိုသိုးဆောင်းနဲ့ မမယ်ခိုင်တို့ရဲ့ ဇာတ်ညွှန်းပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေကြောင့် အောင်မြင်မှု ရခဲ့တယ်လို့ ထင်ပါတယ်။

Voice : ဇာတ်လမ်းတွဲ ရိုက်ကူးရေးပိုင်းမှာရော ကိုယ့်အတွက် ဘယ်လို အမှတ်တရတွေ၊ အခက်အခဲတွေ ကြုံခဲ့ရတာမျိုးရှိလဲ။
TRY : ဒီဇာတ်လမ်းတွဲက လူသတ်ကား ဖြစ်တဲ့အတွက် ညဘက် ရိုက်ရတဲ့ အခန်းတွေ များတယ်။ တစ်ခါတလေကျရင် မနက်ခြောက်နာရီလောက်မှ အိမ်ပြန်ရတာတွေ ရှိတယ်။ အိမ်ရောက်တာနဲ့ အိပ်တယ်။ ညနေ ငါးနာရီလောက်မှာ ရှူတင်ကို ပြန်လာရတယ်။ မိုးရွာတဲ့ အခန်းတွေ ရိုက်တုန်းကဆိုလည်း အခက်အခဲ တချို့ ရှိခဲ့တယ်။ ရေကားခေါ်ပြီး မိုးအတု ရွာပြီး ရိုက်နေတဲ့ အချိန်မှာပဲ ရေကုန်သွားတာမျိုး ကြုံရတယ်။ အဲ့ဒီ အခန်းကိုပဲ နောက်တစ်နေ့မှာ ရေကားခေါ်ပြီး ထပ်ရိုက်ရတာမျိုး ရှိတယ်။ အဲ့ဒီတုန်းက မိုးတွင်းဘက်မှာပဲ ရိုက်ခဲ့တာ။ ဒါပေမဲ့ ကိုယ်ရိုက်မယ့် အချိန်မှာ မိုးမရွာတော့ ရေကားခေါ်ပြီး ရိုက်ခဲ့တာပါ။

Voice : အရင်တုန်းက သီချင်းတွေ ဘာတွေ ဆိုဖြစ်ခဲ့သေးတယ်နော်။ စီးရီးတွေ ထွက်ဖို့ရော အစီအစဉ်ရှိလား။
TRY : သီချင်းကတော့ ဆိုမလို့ လုပ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီဘက်ကို မလှည့်နိုင်သေးဘူး ဖြစ်နေတယ်။ ကားရိုက်တွေနဲ့ပဲ အလုပ် ရှုပ်နေတော့ သီချင်းဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်။ ညဘက်ကျရင်လည်း ကျွန်တော့်မှာ သီချင်း သွားမဆိုနိုင်ဘူး။ ညဘက် အိပ်ချိန် မမှန်ရင် ကျွန်တော် ဝိတ်တက်မယ်လေ။ အဲ့ဒီအတွက် အားကစားလေး ဘာလေး လုပ်ဖို့ အချိန် ပေးရတယ်။ စီးရီးထွက်မယ်ဆိုရင်တော့ ပရိသတ်တွေကို အသိပေးပြီးမှ လုပ်သွားမှာပါ။

သန့်ဇင်ဦး

  • VIA