News

POST TYPE

ENTERTAINMENT

ကျော်ထက်နဲ့ တွေ့ဆုံခြင်း
14-Jan-2017

Myanmar Idol ရဲ့ အစီအစဉ် တင်ဆက်သူ (MC) ကနေ ပရိသတ် လက်ခံမှုရလာတဲ့ သရုပ်ဆောင် ကျော်ထက်ရဲ့  ဇာတ်ကား ရွေးချယ်မှုအပိုင်း၊ သရုပ်ဆောင် လောကထဲ ခြေချခါစ အသစ် တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲ၊ သရုပ်ဆောင်ဆိုတာထက် အစီအစဉ် တင်ဆက်သူ တစ်ယောက်အဖြစ် ပရိသတ်က မြင်ကြတဲ့အပေါ် ခံစားချက်တွေနဲ့ နောက်ပိုင်း ရိုက်ကူးသွားမယ့် ဇာတ်ကားတွေ အကြောင်းကို သရုပ်ဆောင်ကျော်ထက်နဲ့ တွေ့ဆုံပြီး The Voice က မေးမြန်းထားတာ ဖြစ်ပါတယ်။ 

Voice : အသစ်တစ်ယောက်အနေနဲ့ ဇာတ်ကားရွေးချယ်မှု အပိုင်းကို ဘယ်လို ပုံစံ အဓိကထား ရွေးချယ်ဖြစ်လဲ။
KH : အခု ကျွန်တော်နဲ့ ရိုက်နေတဲ့ အောင်ခေတ်မင်း ထုတ်လုပ်ရေးက ကျွန်တော်နဲ့လိုက်တဲ့ ကာရိုက်တာတွေပဲ ရွေးပေးနေတာ ဖြစ်တယ်။ ကျွန်တော့်ကိုပဲ ဦးတည်ပြီး ရွေးပေးတာ ဆိုတော့ ကျွန်တော့်ရဲ့ နောက်တစ်ဆင့် တက်လှမ်းချင်တဲ့ ဆုံးဖြတ်ချက်ကြောင့် လက်ခံဖြစ်နေတယ်။ မကြာခင် ကျွန်တော်ရိုက်မယ့် ကြယ်ဆိုတဲ့ကားမှာလည်း သရုပ်ဆောင်တွေက များတယ်။  ဒါပေမဲ့ ကျွန်တော်က အဓိက ဇာတ်ကို ချိတ်ပေးရတဲ့လူ ဖြစ်တယ်။ ကျွန်တော့်ကြောင့်  ဒီဇာတ်တွေ ဖြစ်လာရတယ်။ 

Voice : ပထမဆုံး သရုပ်ဆောင်ထားတဲ့ သူငယ်ကားမှာ ဝါရင့် သရုပ်ဆောင်တွေနဲ့ အပြိုင် သရုပ်ဆောင်ရတာဆိုတော့  ဘယ်လိုမျိုး အတွေ့အကြုံတွေရလဲ။
KH : အတွေ့အကြုံတွေက အများကြီး ရပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ အနုပညာပိုင်း အနေနဲ့ ကျောင်းသွားတက်စရာ မလိုအောင်ကို ဒီအနုပညာပိုင်းမှာ သင်ကြားစရာ မလိုအောင်ကို ဝါရင့်အနုပညာရှင်တွေဆီက အတွေ့အကြုံတွေ  တော်တော် ရခဲ့တယ်။

Voice : သူငယ်ဇာတ်ကား ရိုက်ကူးမှု ပြီးသွားပြီဆိုတော့ ဒီဇာတ်ကားကို ကျေနပ် အားရမှုရှိလား။
KH : ရိုက်ကူးရေး လုပ်ခဲ့စဉ်ကရော၊ သင်ကြားပြသပေးတဲ့ လူတွေရော၊ ဘေးက ပတ်ဝန်ကျင်းက အားထည့်ပေးမှုအပေါ်မှာရော အကောင်းဆုံး ကြိုးစားခဲ့တာကြောင့် ပထမဦးဆုံးကား ဆိုပေမယ့် ကျွန်တော့်အနေနဲ့ အားရပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်တာတော့ ပရိသတ်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

Voice : ပထမဆုံး ဇာတ်ကားတုန်းက ဝါရင့် သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတယ်။ မကြာခင် ရိုက်ကူးမယ့်ကားမှာ  ဝါရင့်သရုပ်ဆောင်တွေနဲ့ မဟုတ်ဘူးဆိုတော့ သရုပ်ဆောင်ရတာ ကိုယ့်အတွက် ပေါ့ပေါ့ပါးပါး ပိုဖြစ်မလား။
KH : ပြောလို့တော့ မရဘူး။ ကျွန်တော်နဲ့ တွဲဖက် သရုပ်ဆောင်ရမယ့် သရုပ်ဆောင်တွေက အငယ်လေးတွေ ဆိုပေမယ့် ဝါအရတော့ ကျွန်တော့်ထက် ကြီးကြတယ်။ သူတို့က ကိုယ့်ထက် ဆရာကျတဲ့ သူတွေချည်းပဲဆိုတော့ ကျွန်တော်လည်း အမီ လိုက်ရမှာ ဖြစ်ပါတယ်။ သူတို့ သရုပ်ဆောင်ပုံတွေ ကျွန်တော် ကြည့်ဖူးတယ်ဆိုတော့ စိတ်ကတော့ အရင်ကား ရိုက်ဖူးပြီးသား အရှိန်ရှိတာကြောင့် မစိမ်းတော့ဘူး။ မစိမ်းတဲ့အတွက်ကြောင့် ကိုယ့်တစ်သီး ပုဂ္ဂလအနေနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်ပါတယ်။

Voice : ရှေ့မှာ ဇာတ်ကားတစ်ကား ရိုက်ဖူးပြီးပြီဆိုတော့ သရုပ်ဆောင်တဲ့အခါ ကိုယ့်အတွက် အဓိက ကြုံရတဲ့ အခက်အခဲက ဘာလိုအရာမျိုးလဲ။
KH : အဓိက အခက်အခဲကတော့ ကျွန်တော်က ကင်မရာကို မယူတတ်သေးတာတွေ၊ အကြည့်လွဲနေတာတွေ ဒါမျိုးတွေ ပြင်လို့ မရသေးဘူး ဖြစ်နေတယ်။ ဦးသုခကြီး ပြောသလို သဘာဝနဲ့ အရမ်း မနီးစပ်သလို၊ သဘာဝနဲ့ အရမ်း မဝေးဘူး ဆိုတဲ့အတိုင်း သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကြားထဲမှာ ဖြစ်နေတဲ့အတွက် ဒီအရာတွေက ကျွန်တော့်အတွက် ခက်တယ်လို့ ယူဆရပါတယ်။

Voice : ပရိသတ်က ကျော်ထက်ဆို MC အနေနဲ့ သဘောကျ လက်ခံထားကြတယ်။ သရုပ်ဆောင်ဘက်မှာ အဲဒီလိုမျိုး သဘောကျလာအောင် ဘယ်လိုမျိုးတွေ လုပ်သွားမလဲ။
KH : ပရိသတ်က ကျွန်တော့်ကို လက်ခံမှု ရရှိအောင် ကြိုးစားပါ့မယ်လို့ ပြောတဲ့စကားက လွယ်တာပေါ့နော်။ အလုပ်နဲ့ သက်သေပြမယ့် စကားက ပိုပြီးတော့ မှန်ပါလိမ့်မယ်။ MC မှာလည်း ကျွန်တော် အောင်မြင်မှု ရရှိအောင် နှစ်တော်တော် ကြာတဲ့အထိ ကြိုးစားခဲ့ရပါတယ်။ အမှန်အတိုင်း ပြောရရင် အနုပညာ လောကကို စဝင်ခဲ့တာ သရုပ်ဆောင်ဘဝကို ရောက်ချင်လို့ စဝင်ခဲ့တာပါ။ ဒါပေမဲ့ အခြေအနေ အကြောင်းအရ ကိုယ် တကယ် ဝါသနာပါ လာတာထက် ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်လာတာက MC ဖြစ်နေတာကြောင့် MC ဖြစ်လာရတာပါ။ အဲဒီအတွက်ကြောင့် ကျွန်တော်က ဘယ်လိုမျိုးတွေ လုပ်သွားမှာ ဆိုတာထက် ပရိသတ်ကပဲ ကျွန်တော့်ကို အဆုံးအဖြတ် ပေးလာမှာ ဖြစ်ပါတယ်။

Voice : ကျော်ထက်ဆိုရင် ပရိသတ်တွေက သရုပ်ဆောင်အဖြစ် မမြင်ဘဲ MC တစ်ယောက် အနေနဲ့ပဲ မြင်နေတာဆိုတော့ အဲဒီအပေါ် ဘယ်လိုခံစားမိလဲ။
KH : အဲဒါကတော့ ကျွန်တော် တော်တော်လေး ခံစားရတယ်။ ပရိသတ်က ကျော်ထက်ဆိုတာနဲ့ MC တစ်ယောက်လို့ပဲ အရင် မြင်ကြတယ်။ ကျွန်တော် ဘယ်လိုလုပ်ပြရမလဲဆိုတာ တော်တော်လေး ပြောရခက်တယ်။ ပန်းချီဆွဲပြလည်းမရ၊ ပုံဖော်ပြလို့လည်းမရ အခြေအနေတွေဆိုတော့ ခုနပြောသလို အလုပ်နဲ့ သက်သေပြရမယ်။ ကာရိုက်တာတွေ ချိန်းသွားအောင် စတိတ်ပေါ်မှာ ရောက်တဲ့အခါ ကျော်ထက်အောင်ဖြစ်ပြီး Screen ပေါ်မှာ ကျော်ထက်လို့ နှစ်ယောက် မြင်ရအောင် ကြိုးစားရမှာ ဖြစ်တဲ့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ 

Voice : MC တစ်ယောက်ကနေ သရုပ်ဆောင်ပြောင်းရတာ ပုံစံချင်းမတူတော့ ကိုယ့်အတွက် ဘယ်လို အခက်အခဲတွေ ကြုံရသလဲ။
KH : ကျွန်တော်က ကင်မရာတွေ၊ Editing တွေ၊ Industry ရဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေကအစ ကျွန်တော်နဲ့  မစိမ်းဘူး။ ပြောင်းရတဲ့နှုန်းက တစ်ခုပဲ။ သရုပ်ဆောင်တာနဲ့ Reallity နဲ့ ဘဝကို ပြောင်းပစ်ရတယ်။ MC က Reallity၊ သရုပ်ဆောင်တာ ကာရိုက်တာကို မိရတာပေါ့။ အဲဒါနှစ်ခုပြောင်းတဲ့ကြားမှာ နည်းပညာလေးတွေ ရှိတာပေါ့။ အခုက အဲဒါလေးတွေ မိအောင်ဖမ်းဖို့ အခု သင်ကြားနေဆဲ ကာလပါ။

Voice : ကိုယ်တိုင်က ဘယ်လို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်တာ ပိုလိုက်တယ်လို့ ထင်လဲ။
KH : အမှန်အတိုင်းပြောရရင် ကျွန်တော့် ဒီအနုပညာက စလုံးရေးစသုညဖြစ်တဲ့အတွက် ကျွန်တော်နဲ့ ဘယ်ကာ ရိုက်တာ လိုက်တယ်၊ ဘယ်လို အခြေအနေရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိပါဘူး။ ကိုယ်တိုင်က ပရိသတ် တစ်ယောက်ပဲ ဖြစ်ခဲ့ဖူးတာ။ ဟောလိဝုဒ်ကားတွေ၊ မြန်မာပြည်တွင်းကားတွေရဲ့ ပရိသတ် အနေနဲ့ပဲ ရှိခဲ့ဖူးတာ။ ပရိသတ် အနေနဲ့တုန်းက လိုအပ်ချက်တွေ၊ ကြိုက်တာတွေ ပြောခဲ့ဖူးတာ ရှိတယ်။ ကိုယ်တကယ် သရုပ်ဆောင်ရတဲ့ အခါဆိုတော့ ငါဘာသရုပ်ဆောင်ရမလဲ၊ ဘာသရုပ်ဆောင်တတ်လဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရတဲ့ အဆင့်ပဲ ရှိပါတယ်။ အမှန်တကယ်က ကျွန်တော်က ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ချင်တယ်။ ဖြစ်နိုင်ရင် မခိုင်လေး ပြောသလို လာခဲ့ နင်သပ်သပ်ရပ်ရပ် ဖြီးထားတဲ့ ဆံပင်တွေကို ဖွပြီးပုဆိုးကို စွန်တောင်ဆွဲတဲ့ ကာရိုက်တာတွေ လုပ်ကြည့်။ အဲဒီ ကာရိုက်တာတွေ လုပ်ကြည့်ချင်တယ်။ အဲဒါမျိုးတွေလည်း လုပ်ရဲတယ်။ အစုံကို လုပ်ကြည့်ချင်တယ်။ ပြီးတော့မှ  ဝင်သွားတဲ့ ကာရိုက်တာ တစ်ခုကို ပရိသတ် လက်ခံတယ်ဆိုရင် ကိုယ့်ကြိုးစားမှုကို ပျော်ရတာပေါ့။

Voice : တခြား ထုတ်လုပ်ရေးတွေက ကမ်းလှမ်းလာရင် လက်ခံသွားဖို့ရှိလား။
KH : နောက်ထပ် ထုတ်လုပ်ရေးတွေ လက်ခံဖို့အတွက် အောင်ခေတ်မင်း အပေါ်မှာ မူတည်ပါတယ်။ သူတို့နဲ့ တိုင်ပင်ပြီး နောက်ထပ် ထုတ်လုပ်ရေးက ကျွန်တော့်ကို ဘယ်လို ကာရိုက်တာပေးမလဲဆိုတာပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ။

Voice : လက်ခံဖြစ်တဲ့အခါ ဇာတ်လမ်းကိုပဲ ရွေးချယ်မလား၊ ဒါမှမဟုတ် ပရိသတ် မြင်ရအောင် ကိုယ့်အတွက် လုပ်ကွက် မရှိတဲ့ ဇာတ်ကားတွေဆို လက်ခံဖြစ်မလား။
KH : အဓိက Role ကြောင့်ပါမယ်။ အောင်ခေတ်မင်း တင်ထားတဲ့ Role တစ်ခုကို ကျွန်တော်က ထပ်ဆင်းပြီးတော့  သွားဖို့ဆိုတာ အဆင် မပြေပါဘူး။ အဲဒါကြောင့် စနစ်တကျ တိုင်ပင် ဆွေးနွေးမှုတွေ အပေါ်မှာ မူတည်ပြီးတော့ လုပ်ဖြစ်သွားမှာပါ။

Voice : မကြာခင် ရိုက်ကူးမယ့်ကားရဲ့ ကာရိုက်တာအတွက် ဘယ်လောက်အထိ ပြင်ဆင်ပြီးပြီလဲ။
KH : ကျွန်တော့်ရဲ့ ကာရိုက်တာက ရောဂါသည် ဆရာဝန်၊ အိပ်မက်တွေရှိတဲ့ ကလေးတွေကို မြေတောင်မြှောက်ပေးတာ ဆိုတော့ ကာရိုက်တာ အပိုင်းကို သေချာလေး ပြင်ဆင်ထားတယ်။ ရောဂါသည် ဖြစ်နေတဲ့ လူနာတွေကအစ လေ့လာဖြစ် တယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဝတ္ထုပိုင်ရှင် မလွန်းထားထားနဲ့ တိုင်ပင် ဖြစ်တယ်။ သူ ရည်ရွယ်ထားတဲ့ လင်းညိုက ဘယ်လို ကာရိုက်တာ ရှိတယ်။ ဘယ်လို ဝတ်စားတတ်တယ်။ လင်းညိုစကားပြောရင် ဘယ်လိုပြောတဲ့ကအစ မလွန်းထားထားကို သေချာလေးကို မေးထားတယ်။

ဆုအိနြေ္ဒဦး

  • VIA