News

POST TYPE

ENTERTAINMENT

အောင်လနဲ့ တွေ့ဆုံခြင်း
12-Jan-2017
လူငယ်ပရိသတ်ကြိုက် နာမည်ကျော် တေးသံရှင် တစ်ဦးဖြစ်တဲ့ အောင်လနဲ့ တွေ့ဆုံပြီး မကြာခင် ထွက်ရှိမယ့် သူ့ရဲ့ စီးရီးသစ် “အသုံးတော်ခံ”အကြောင်း၊ ပါဝင်မယ့် သီချင်းတွေအကြောင်း Reason နဲ့ Idiots ရဲ့ Two Band Show အကြောင်းနဲ့ လတ်တလော ထွက်ပေါ်နေတဲ့ လူမှုရေး အသင်းအချို့အပေါ် သူ့ခံစားမှုကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : အောင်လရဲ့ တစ်ကိုယ်တော် စီးရီးသစ်ကို ဇန်နဝါရီလထဲ ထွက်မယ်လို့ ပြောထားဖူးတယ်နော်။ ထွက်ဖို့ အဆင်သင့် ဖြစ်ပြီလား။
AL : ကျွန်တော့်ရဲ့ စီးရီးသစ်က အမှန်ဆို ဇန်နဝါရီလထဲ ထွက်ဖို့ လုပ်ထားတာပါ။ အခုတော့ ဖေဖော်ဝါရီလထဲမှ ထွက်ဖြစ်တော့မလား မသိဘူး။ ကျွန်တော့် Band က လူတွေက ခရီးသွားနေတာလည်း ပါတယ်။ ခွေမှာ ထည့်မယ့် သီချင်းတွေကို ပရိုဂျူဆာနဲ့လည်း ညှိနေတာပေါ့နော်။ ဒီတစ်ခေါက်က သူကိုယ်တိုင်လည်း သီချင်းတွေ ပြန်ရွေးတယ်။ ကျွန်တော်က သူရွေးလို့ မရအောင် သီချင်းတွေကို ကွက်တိ လုပ်ထားတော့ သီချင်းအသစ်တွေ နည်းနည်း ထပ်လုပ်နေလို့ပါ။ 

Voice : ဒီခွေမှာ သီချင်းအကြမ်းတွေ ပိုများမယ်လို့တော့ အောင်လလည်း ပြောခဲ့ဖူးတယ်နော်။ အဲဒါကျတော့ ရင်ထဲမှာ ပေါက်ကွဲချင်တာတွေ များနေလို့လား။
AL : အဲ့ဒီလိုကြောင့် မဟုတ်ပါဘူး။ ဒီခွေမှာ သီချင်းတွေက ကျွန်တော် တစ်ယောက်တည်း ရေးတာ မဟုတ်ဘူး။ ကျွန်တော် ရေးထားတာက လေးငါးပုဒ်လောက်ပဲ ပါမယ်။ ကျန်တဲ့ သီချင်းတွေကတော့ တခြား တေးရေးဆရာတွေ ရေးပေးထားတာပါ။ အဲ့ဒီလို လုပ်ဖြစ်တာကလည်း သီချင်းပုံစံတွေ ထပ်မှာ စိုးလို့ပါ။ Band ကလည်း အသစ်ပြန်ဖွဲ့ထားတာဆိုတော့ အတီးပိုင်းတွေလည်း ကွဲသွားလိမ့်မယ်။ 

Voice : သီချင်း အကြောင်းအရာတွေကရော ပုံမှန် ကိုယ်ဆိုနေကျ ပုံစံတွေပဲလား။
AL : ဒီခွေမှာ ဘဝအကြောင်း၊ အချစ်အကြောင်း သီချင်းတွေပဲ ပါတာပါ။ အချစ်အကြောင်း သီချင်းတွေကတော့ နည်းနည်း နည်းလိမ့်မယ်။ ဘဝအကြောင်း သီချင်းတွေ များလိမ့်မယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေနဲ့ အသက် နည်းနည်း ကြီးလာတဲ့အချိန်မှာ ရလာတဲ့ သင်ခန်းစာလေးတွေ အကြောင်းကို ရေးထားတာပါ။ သီချင်းတိုင်းမှာတော့ ကျွန်တော့် ခံစားချက်တွေကို တွေ့ရမှာပါ။ နောက်ပြီး ဒီခွေမှာ ကျွန်တော် အရင်ဆိုနေကျ မဟုတ်တဲ့ သီချင်းမျိုးလေးတွေလည်း ပါတယ်။ ပရိသတ်တွေ နားထောင်ကြည့်ရင်တော့ အရင်ခွေတွေနဲ့ ကွဲပြားတာကို သိသွားကြမှာပါ။

Voice : ဒီခွေမှာပါမယ့် The Woman I Love သီချင်းရဲ့ ဂီတဗီဒီယိုကိုတော့ အောင်လ သေချာ အချိန်ပေးပြီး ရိုက်နေတာလည်း တွေ့တယ်လေ။ ပရိသတ်တွေ ဘယ်တော့လောက် ကြည့်ခွင့်ရမလဲ။ 
AL : အဲ့ဒီသီချင်းအတွက် တော်တော် အချိန်ပေးပြီး ပြင်ဆင်ပြီး ရိုက်ထားတယ်။ ဒီသီချင်းကိုတော့ အွန်လိုင်းကနေ မရောင်းတော့ဘူး။ ရုပ်သံလိုင်းတွေကနေပဲ ပရိသတ်တွေကို ပြပေးမှာပါ။ ဒီသီချင်းကို ရိုက်ပေးတာကတော့ Shutter Production ကပါ။ ရိုက်မယ့်ပုံစံကိုတော့ သီချင်းကို နားထောင်ပြီးတော့ ဒါရိုက်တာနဲ့ ကျွန်တော်တို့ ဝိုင်းစဉ်းစားကြတာပါ။ ဒုတိယကမ္ဘာစစ် နောက်ခံ ဇာတ်လမ်း ပုံစံမျိုးလေး ရိုက်ထားတယ်။ ကိုယ်က စစ်သွားတိုက်ရတယ်။ အိမ်မှာ မိန်းမက စောင့်နေတယ်။ နောက်ဆက်တွဲ ဇာတ်လမ်းကတော့ ဒီ Music Video ထွက်လာတော့မှပဲ ပရိသတ်တွေ ရင်ခုန်ပြီး ကြည့်ကြပါ။

Voice : အောင်လတို့ Reason အဖွဲ့နဲ့ ရေမွန်တို့ Idiots အဖွဲ့ရဲ့ Two Band Show အကြောင်း ရေမွန့်ကို မေးတုန်းကတော့ သူ တော်တော် တက်ကြွနေတယ်။ ဒီပွဲအပေါ် အောင်လကရော ဘယ်လိုရင်ခုန်ထားလဲ။
AL : ဒီပွဲအပေါ် ကျွန်တော်လည်း တော်တော် ရင်ခုန်နေပါတယ်။ ဒီပွဲကို အစကတော့ ဖေဖော်ဝါရီလထဲမှာ လုပ်မလို့ပဲ။ ဒါပေမဲ့ ကျွန်တော်က ခွေထွက်ဖို့ ရှိနေတော့ နည်းနည်းလေး နောက်ဆုတ်ခိုင်းထားတာပါ။ ဒီပွဲမှာဆို ကျွန်တော်တို့ စတိတ်စင်ကို နှစ်ဖက် လုပ်မယ်။ ဟိုဘက်နဲ့ ဒီဘက်ကို စင်မကူးဘဲနဲ့  တစ်ပြိုင်တည်း တီးတာတို့ ဘာတို့ လုပ်မယ်။ အဲ့ဒီပွဲအတွက် ကျွန်တော်တို့ တော်တော်လေး စဉ်းစားပြင်ဆင်ပြီး လုပ်သွားတယ်။ One Band Show မလုပ်ခင်မှာ Two Band Show က ကျွန်တော်တို့ရဲ့ One Band Show လိုပဲ အားစိုက်ရတာချင်း တူတူပါပဲ။

Voice : လက်ရှိထွက်ပေါ်နေတဲ့ အောင်လရဲ့ လူမှုရေး သတင်းအချို့နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘယ်တော့လောက် အသိပေး ပြောကြားသွားဖို့ ရှိမလဲ။ 
AL : အဲဒါကတော့ အစ်ကိုတို့လည်း ကြားမှာပဲလေ။ အားလုံးလည်း ပြောနေကြတာဆိုတော့။ ကျွန်တော်ကတော့ အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထားတယ်။ ကျွန်တော့်ရဲ့ Personal ကိုတော့ သတ်သတ်စီ ထားထားပါတယ်။ ကျွန်တော့်ရဲ့ အလုပ်မှာတော့ ကြိုးစားမှုကို လုံးဝ မလျှော့ဘူး။ ဘယ်သူတွေ ဘာပဲ ကျွန်တော့်ကို ပြောနေ ပြောနေ၊ ကျွန်တော်ကတော့ အလုပ်ကို ဒီ့ထက် ပိုပြီးတော့ ကြိုးစားပြီး လုပ်နေပါတယ်။ 

Voice : ပရိသတ်တွေကရော ကိုယ့်ရဲ့ အနုပညာ အလုပ်နဲ့ ပုဂ္ဂိုလ်ရေး ဘဝကို ဘယ်လို ခွဲခြားပြီး မြင်စေချင်လဲ။ 
AL : အဲ့ဒါကတော့ လူတိုင်းမှာ Personal Life ဆိုတာတော့ ရှိတာပဲလေ။ အဲဒီအတွက်တော့ ကျွန်တော် အများကြီး ထူးထူးထွေထွေတော့ ရှင်းပြမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ အခုချိန်အထိ လုံးဝ မလျှော့ပါဘူး။ အရင်အတိုင်းပဲ ကြိုးစားနေတုန်းပါပဲ။ ကျွန်တော့်ရဲ့ Personal ကတော့ ပရိသတ် မသိခင်၊ အရင်ကတည်းကလည်း ရှိခဲ့တာပဲလေ။ အဲ့ဒီ Personal ကြောင့်ပဲ သီချင်းတွေ ဖြစ်လာတာပေါ့နော်။ ကျွန်တော့်ရဲ့ သီချင်းတွေနဲ့ Personal ပိုင်းကိုတော့ နည်းနည်းကွဲကွဲပြားပြားလေး မြင်စေချင်ပါတယ်။ ကျွန်တော့် ပရိသတ်တွေကတော့ နားလည်ပါတယ်။ သူတို့ကတော့ သိပါတယ်။

Voice : အနုပညာရှင်တိုင်းကတော့ ဝေဖန်မှုတွေနဲ့ ကြုံနေရတာပဲလေ။ လက်ရှိ ကိုယ်ရင်ဆိုင်နေရတဲ့ ဝေဖန်ပြောဆိုမှုတွေ အပေါ်ကိုရော ဘယ်လိုစိတ်နဲ့ ရင်ဆိုင်ဖြစ်မလဲ။
AL : အခုဆို ကျွန်တော် Facebook တောင် သိပ်ပြီး ဝင်းမကြည့်ဖြစ်တော့ဘူး။ ဝင်ကြည့်ရင် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ တွေ့နေမှာစိုးလို့။ တချို့အကြောင်းအရာတွေက ဘာမှ မဟုတ်ဘဲ၊ ကိုယ်နဲ့ မဆိုင်ဘဲနဲ့ ကိုယ့်စိတ်ကို ဥပါဒ် ပြန်ဖြစ်စေတယ်။ လူကြားထဲ မသွားချင်တော့တာမျိုးတွေ ဖြစ်သွားမှာစိုးလို့ အခု နောက်ပိုင်း သတင်းတွေ သိပ်မကြည့်ဖြစ်ဘူး။ ကြားရတဲ့ သတင်းတွေကိုလည်း ဟိုဘက်နားထဲဝင်ပြီး ဒီဘက်နားထဲက ပြန်ထုတ်လိုက်တယ်။ လက်ရှိမှာ အလုပ်ထဲကိုပဲ ပိုပြီး အာရုံစိုက်ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး အမြဲတမ်းလည်း ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လေ့လာနေပါတယ်။

သန့်ဇင်ဦး


  • VIA