News

POST TYPE

ENTERTAINMENT

ရေမွန်နဲ့ တွေ့ဆုံခြင်း
09-Jan-2017
လူငယ် ပရိသတ်ကြိုက် ရော့ခ်ဂီတအဖွဲ့ Idiots ရဲ့ ပင်တိုင် အဆိုရှင်ဖြစ်သူ ရေမွန်နဲ့ တွေ့ဆုံပြီး Reason နဲ့ Idiots နှစ်ဖွဲ့ ပေါင်းပြီး ပြုလုပ်မယ့် ရှိုးပွဲအကြောင်း၊ နောက်ဆုံး ထွက်ရှိထားတဲ့ ခေတ်သစ်ကျောက် စီးရီးအပေါ် ပရိသတ် အားပေးမှု အတိုင်းအတာနဲ့ တတိယ တစ်ကိုယ်တော် စီးရီးသစ်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရေမွန်ရဲ့ လတ်တလော ဂီတလှုပ်ရှားမှု အကြောင်းကနေစပြီး ပြောပြပေးပါဦး။
R : ဒီနှစ်ထဲမှာ ကျွန်တော်တို့ လုပ်ဖို့ စီစဉ်ထားတာလေးတွေ ရှိပါတယ်။ Reason နဲ့ Idiots ရဲ့ Two Band Show လုပ်ဖို့ ရှိတယ်။ တခြားပွဲလေးတွေလည်း စီစဉ်ထားတာ Two Band Show ရှိပါတယ်။ ကျွန်တော်တို့ Idiots နဲ့ အောင်လတို့ Reason ရဲ့ ရှိုးကတော့ သြင်္ကန် မတိုင်ခင်လည်း လုပ်ဖြစ်နိုင်သလို၊ သြင်္ကန်နောက်ပိုင်းကိုလည်း ရောက်သွားနိုင်ပါတယ်။ 

Voice : ပွဲလုပ်မယ့်အချိန်ကို အတိအကျ မသတ်မှတ်နိုင်သေးတာက ဘယ်လို အခက်အခဲတွေ ရှိလို့လဲ။
R : အဲ့ဒါကတော့ ကျွန်တော်တို့ဘက်က အဆင်သင့် မဖြစ်သေးလို့ပါ။ ပြင်ဆင်စရာတွေလည်း အများကြီး ရှိသေးတယ်။ ဒီပွဲက Forever Group နဲ့ ပေါင်းပြီး လုပ်မှာပေါ့နော်။ သူတို့ဘက်ကလည်း Myanmar Count Down Show နဲ့ အလုပ်တွေ များခဲ့တော့ ကျွန်တော်တို့ ပွဲလုပ်မယ့်ရက်ကို ရွှေ့ထားတာပါ။

Voice : ဒီပွဲအတွက်ရော အောင်လနဲ့ ရေမွန်တို့ ဘယ်လို ကြိုတင် တိုင်ပင်ထားတာတွေ ရှိကြလဲ။
R : ဒီပွဲမှာ Reason နဲ့ Idiots နှစ်ဖွဲ့ ပေါင်းပြီးတော့ ဖျော်ဖြေတာမျိုးတွေလည်း ပါမယ်။ ဥပမာ-  ဒရမ်မာ နှစ်ယောက် တီးတာတို့၊ အဖွဲ့ နှစ်ဖွဲ့က ဂစ်တာသမားတွေ ပေါင်းပြီး တီးတာမျိုးတို့၊ အောင်လနဲ့ ကျွန်တော် နှစ်ယောက် တွဲဆိုတာမျိုးတွေပါမယ်။ ကျွန်တော်တို့ မလုပ်ဖူးတဲ့ ဖျော်ဖြေမှုပုံစံ အသစ်အဆန်းလေးတွေကိုလည်း ဒီပွဲမှာ လုပ်ဖြစ်မှာပါ။

Voice : သီချင်းအသစ်တွေရော ဒီပွဲမှာ ပရိသတ်တွေကို မိတ်ဆက်ပေးသွားဖို့ရှိမလား။
R : ဒီပွဲမှာ သီချင်းအသစ်တွေထက် အဟောင်းတွေကိုပဲ ပိုပြီးတော့ သပ်သပ်ရပ်ရပ်နဲ့ ပရိသတ်တွေ မခံစားဖူးတဲ့ ပုံစံမျိုးနဲ့ ဆိုပြဖြစ်မယ် ထင်ပါတယ်။ သူတို့ သိပြီးသား သီချင်းအဟောင်းတွေဆိုတော့ ပရိသတ်တွေလည်း ကျွန်တော်တို့နဲ့ အတူတူ လိုက်ဆိုလို့ ရမယ်။ သူတို့လည်း ပိုပျော်ရတာပေါ့နော်။

Voice : Idiots ရဲ့ နောက်ဆုံးထွက် စီးရီး ခေတ်သစ်ကျောက်ကို ပရိသတ် အားပေးမှု အခြေအနေက ဘယ်လိုရှိလဲ။
R : ကျွန်တော်တို့ရဲ့ ပထမ စီးရီးဖြစ်တဲ့ လူအဂီတတုန်းကဆို ပရိသတ်ကြားထဲ ပျံ့ဖို့ သုံးနှစ်လောက်ကြာတယ်။ သုံးနှစ်လောက် ကြာတော့မှ ပေါက်တာပေါ့နော်။ ခေတ်သစ်ကျောက် စီးရီးထွက်တဲ့ အချိန်မှာတော့ ကိုယ့်မှာ ပရိသတ်လည်း ရှိပြီးသားဆိုတော့ ကိုယ့်အမာခံ ပရိသတ်တွေကတော့ အားပေးပြီးသားပဲပေါ့နော်။ ဒါပေမဲ့ ခုနပြောသလိုပဲ သီချင်းတွေက ဖြည်းဖြည်းချင်းပဲ ပရိသတ်နားထဲကို စိမ့်ဝင်သွားတယ် ထင်တယ်။ ခွေထွက်ထွက်ချင်းကတော့ City Mart တွေရဲ့ အရောင်းရဆုံး စာရင်းမှာ နံပါတ် နှစ်ချိတ်တယ်။ နောက်မှ တဖြည်းဖြည်းချင်း ကျသွားတာပေါ့။ နောက်ပြီး အွန်လိုင်းက သီချင်းရောင်းတဲ့ Myanmar Music Store မှာလည်း အရောင်းရဆုံး သီချင်းထဲမှာ ဆယ့်တစ်ပုဒ်တောင်ပါခဲ့ပါတယ်။ အဲ့ဒီတော့ အခြေအနေ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။

Voice : ကိုယ်မျှော်လင့်ထားတဲ့ အတိုင်းအတာ တစ်ခုအထိရော ပရိသတ် အားပေးမှု ပြန်ရခဲ့ရဲ့လား။
R : အဲ့ဒါကတော့ သာမန် အားပေးတဲ့ ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ပထမအခွေကို ပိုကြိုက်ကြတယ်။ သီချင်းပုံစံရော၊ စာသား အကြောင်းအရာအရရော၊ ပထမ အခွေကတော့ လူငယ်တွေနဲ့ ပိုကိုက်တာပေါ့။ ခေတ်သစ်ကျောက်ခွေကိုကျတော့ ဂီတနဲ့ ပတ်သက်ပြီး ပညာရှင်ပိုင်းဆိုင်ရာက လူမျိုးတွေက ပိုကြိုက်တယ်။ ဒီခွေမှာ  Music ပုံစံလည်း နည်းနည်း ကျယ်ပြန့်သွားတယ်။ သာမန် ပရိသတ်တွေလည်း ကြိုက်တော့ ကြိုက်ကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော် မေးကြည့်လိုက်ရင်တော့ ပထမအခွေကို ပိုကြိုက်ကြတယ်။

Voice : အောင်လနဲ့တော့ နှစ်ယောက်တွဲ ရှိုးလုပ်ဖို့ ရှိတယ်ပေါ့။ ကျားပေါက်နဲ့ရော ဘယ်လို ဖျော်ဖြေမှု အစီအစဉ်လေးတွေ လုပ်ဖို့ရှိမလဲ။
R : ကျွန်တော်တို့  Big Bag, Reason, Idiots အဖွဲ့ သုံးဖွဲ့ပေါင်းပြီး ရှိုးလုပ်ဖို့လည်း ရှိပါတယ်။ ၂၀၁၇ ထဲမှာ လုပ်ဖြစ်မှာပေါ့နော်။ ကိုကျားပေါက်နဲ့တော့ နှစ်ယောက်တွဲ ရှိုးလုပ်ဖြစ်ဖို့၊ မဖြစ်ဖို့ကတော့ မသေချာသေးဘူးပေါ့နော်။ သူတို့မှာကလည်း လုပ်စရာ အစီအစဉ်တွေ အများကြီး ရှိနေတော့လေ။ လောလောဆယ်တော့ Reason နဲ့ Idiots  ပွဲလေးကိုတော့ အရင် လုပ်လိုက်မယ်ပေါ့။ 

Voice : ဒီနှစ်ထဲမှာ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ထပ်ထွက်ဖို့ရော ရှိဦးမလား။ ခေတ်သစ်ကျောက် စီးရီးကိုပဲ MTV ရိုက်ဖို့အတွက် အချိန်ပေးဖြစ်မလား။
R : ဒီနှစ်ထဲမှာ အရင်ရိုက်ထားပြီးဖြစ်တဲ့ လူအဂီတ MTV ထွက်လိမ့်မယ်။ ခေတ်သစ်ကျောက်အတွက် MTV လည်း ရိုက်ဖြစ်မယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်မယ့် MRTV-4 နဲ့ ပေါင်းပြီး လုပ်မှာဆိုတော့ သိပ်တော့ မကြာတော့ပါဘူး။ တတိယ စီးရီးအတွက်လည်း ဒီနှစ်ထဲမှာပဲ သီချင်းတွေ လုပ်ဖြစ်မယ်။ ခေတ်သစ်ကျောက် စီးရီးတုန်းက ထွက်ဖို့ လေးနှစ်ကျော်လောက် ကြာသွားတော့ ပရိသတ်ကိုလည်း အရမ်း အားနာတယ်။ တတိယခွေ အတွက်ကတော့ သီချင်းတွေလည်း ရှိသင့်သလောက် ရှိနေပါပြီ။

Voice : တတိယစီးရီးအတွက်ရော သီချင်းတွေကို ဘယ်လိုပုံစံမျိုး ပြင်ဆင်သွားဖို့ ရှိမလဲ။
R : တတိယ စီးရီးအတွက်ကတော့ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင်လည်း ရေးဖြစ်မယ်။ Idiots အဖွဲ့ထဲက လူတွေ ရေးပေးတဲ့ သီချင်းတွေလည်း ပါရင်ပါမှာပေါ့။ ဒီခွေကိုတော့ Camp ဝင်ပြီး သေချာလုပ်ဖို့ စဉ်းစားထားတယ်။ ကျွန်တော့် ကျန်းမာရေးပိုင်းကို သေချာပြန်ဂရုစိုက်ပြီးတော့ တတိယခွေကို Camp ဝင်ပြီး သွင်းဖို့ စဉ်းစားထားတယ်။ 

Voice : ရေမွန့်ရဲ့ Facebook Page မှာ နှလုံးသား အရေးနဲ့ ပတ်သက်တဲ့ စာသားလေးတွေ ရေးတင်တာလည်း တွေ့တယ်နော်။
R : ကျွန်တော်တင်ထားတဲ့ Status က နှလုံးသားရေး တစ်ခုတည်းနဲ့ ပတ်သက်တာ မဟုတ်ပါဘူး။ နှစ်တိုင်း၊ နှစ်တိုင်း နယူးရီးယားရောက်ရင် ကျွန်တော် အရမ်း ဒုက္ခရောက်တယ်။ ဘဝမှာ အမြဲတမ်း တစ်ခုခုဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် နယူးရီးယားတုန်းကလည်း ဖြစ်တယ်။ ဒီနှစ်မှာလည်း ထပ်ဖြစ်တယ်။ နှလုံးသားရေးရာကြောင့် တစ်ခုတည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံက အကြောင်းတွေပါပါတယ်။

Voice : ကိုယ့်ရဲ့ လက်ရှိ အချစ်ရေးကရော အပြောင်းအလဲရှိလား။ အိမ်ထောင်ပြုဖို့ အစီအစဉ်ရော စပြီး စဉ်းစားနေပြီလား။
R : ကျွန်တော့်ရဲ့ အချစ်ရေးကတော့ အပြောင်းအလဲ မရှိပါဘူး။ လက်ရှိ တွဲနေတဲ့ ကောင်မလေးနဲ့ တွဲနေတာ ငါးလလောက် ရှိနေပါပြီ။ အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ ကျွန်တော်တို့ Idiots Band အတွက် လုပ်စရာလေးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျွန်တော့် မိသားစု ဘဝအတွက်ကတော့ ဘာလုပ်ရမလဲတောင် သေချာ မစဉ်းစားရသေးပါဘူး။ 

သန့်ဇင်ဦး


  • VIA