News

POST TYPE

ENTERTAINMENT

အိချောပိုနဲ့ တွေ့ဆုံခြင်း
04-Jan-2017
နာမည်ကျော် သရုပ်ဆောင် အိချောပိုနဲ့ တွေ့ဆုံပြီး မွေးနေ့မှာ ပြုလုပ်ဖြစ်တဲ့ အလှူအကြောင်း၊ ရိုက်ကူးဖို့ လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားများ အကြောင်းနဲ့ သူ့ရဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : မှော်ဘီ မြို့နယ်၊ အောင်ဇမ္ဗူတောရကျောင်းမှာ မွေးနေ့အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
ECP : မော်လမြိုင်မှာ ဘုန်းဘုန်းက အောင်ဇမ္ဗူတောရ ကျောင်းဆောင်ကြီး ဆောက်နေပါတယ်။ အဲ့ဒီကျောင်းမှာ ကျောင်းဆောင် အခန်းလေးတွေ လှူဖို့ ဘုန်းဘုန်းကလည်း အစောကြီးကတည်းက ပြောထားတယ်။ ကိုယ်တိုင်လည်း လှူချင်စိတ် ပေါက်လာတာနဲ့ ကိုယ့်မွေးနေ့မှာ လှူခဲ့တာပါ။ ကျောင်းဆောင်သစ် ဖွင့်ပွဲက ဇန်နဝါရီလ ၁၄ ရက်နေ့မှ လုပ်မှာပါ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ အိချောက ချောင်းသာမှာ ကားရိုက်ရှိတော့ ကိုယ့်မွေးနေ့မှာပဲ တစ်ခါတည်း လှူရင်းနဲ့ ရေစက်ချခဲ့တာပါ။ ကိုယ်နိုင်သလောက် အနုပညာကြေးလေးနဲ့ အလှူအတန်းလေး လုပ်ဖြစ်တာပါ။ ဒီနေ့ ဘုရားဖူးလာတဲ့ ဧည့်သည်တွေကိုလည်း စတုဒိသာ ကျွေးမယ်။ ဘုန်းကြီးတွေကို ဆွမ်းကပ်မယ်ပေါ့။

Voice : ဒီအလှူလေးက ကိုယ့်ရဲ့ အနုပညာကြေးတွေနဲ့ လှူဖြစ်တာဆိုတော့ ကိုယ့်ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။
ECP : ဒါက အိချောကို အားပေးနေတဲ့ ခုနစ်ရက် သားသမီး ပရိသတ်တွေ အားလုံးအတွက် ရည်စူးပြီးတော့ လှူဖြစ်တာပါ။ ပရိသတ်တွေလည်း သာဓု ခေါ်နိုင်ကြပါစေလို့ ပြောချင်ပါတယ်။ တစ်ခါမှတော့ မွေးနေ့ပွဲတွေ ဘာတွေ မလုပ်ခဲ့ဖူးဘူး။ နှစ်တိုင်း မွေးနေ့လုပ်တာမျိုးလည်း မရှိခဲ့ဖူးဘူး။ ကိုယ့် ပရိသတ်တွေကလည်း တွေ့ချင်တယ်ဆိုတာနဲ့ ဒီအလှူလေးကို လုပ်ဖြစ်တာပါ။ နှစ်သစ်အစမှာ အလှူတစ်ခု ပြုလုပ်ရတဲ့အတွက်လည်း ပီတိ ဖြစ်မိတယ်။ အများကြီးလည်း မဟုတ်ပါဘူး။ အိချော တတ်နိုင်တဲ့ အနုပညာကြေးလေးနဲ့ လှူဖြစ်တာပါ။ ဆရာတော်ကြီးရဲ့ ကျောင်းမှာလည်း အားရင်အားသလို အဓိဋ္ဌာန် ဝင်ဖြစ်ပါတယ်။

Voice : ၂၀၁၆ မှာတော့ ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ခွင့်ရခဲ့တယ်နော်။ ကိုယ့်အတွက် ကံကောင်းတဲ့နှစ် တစ်နှစ်လို့ ပြောလို့ရလား။
ECP : ၂၀၁၆ မှာ အိချော ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ရပါတယ်။ ဗီဒီယိုတွေလည်း ရိုက်ရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ရုပ်ရှင်ကားကြီးတွေ ပိုရိုက်တာများလာကြတော့ ကားကြီးကတော့ ပိုရိုက်ရတာပေါ့။ အနုပညာပျိုးခင်းမှာ စပြီး ရွေးချယ်ခံရတဲ့ ၂၀၁၁ လောက်ကတော့ ဗီဒီယိုတွေပဲ တောက်လျှောက် ရိုက်ခဲ့တယ်။ ၂၀၁၅၊ ၂၀၁၆ မှာတော့ ကားကြီးတွေ ပိုရိုက်လာရတယ်။ ၂၀၁၇ မှာလည်း အထိအတွေ့ ရုပ်ရှင်ကားကြီး စပြီး ရိုက်ရမှာပေါ့။

Voice : ဒီနှစ်မှာရော ကိုယ့်ပရိသတ်တွေကို ဘယ်လို ထူးခြားတဲ့ ဇာတ်ကားမျိုးတွေ ရွေးချယ် ရိုက်ကူးသွားဖို့ ရှိမလဲ။
ECP : ဒီနှစ်စမှာတော့ အထိအတွေ့ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ချောင်းသာမှာ စရိုက်ပါမယ်။ ဒါရိုက်တာကတော့ ဦးစတီးလ်ပါ။ သရုပ်ဆောင်တွေကတော့ ကိုထွန်းထွန်း၊ ကိုနေမျိုးအောင်၊ ကိုနေထက်လင်းတို့ ပါတယ်။ ဒီကားကို ရန်ကုန်နဲ့ ချောင်းသာမှာ ရိုက်ရမယ်။ ပြီးရင်တော့ ကိုမြင့်မြတ်နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။

Voice : အထိအတွေ့ ရုပ်ရှင်က အိမ်ထောင်ရေး ပညာပေး ဇာတ်လမ်းလို့လည်း ဒါရိုက်တာ စတီးလ်က ပြောတယ်။ အိချောပိုရဲ့ ကာရိုက်တာကရော ဘယ်လိုပုံစံမျိုးလဲ။
ECP : ဟုတ်ပါတယ်။ ဒီကားက အိမ်ထောင်ရေး ပညာပေး ဇာတ်ကားပါ။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့၊ ဖြစ်နေတဲ့ အရာလေးတွေကို ပညာပေးအနေနဲ့ ရိုက်ထားတာပါ။ ညီမရဲ့ ကာရိုက်တာကတော့ ကိုထွန်းထွန်းရဲ့ ဇနီးနေရာက သရုပ်ဆောင်ရမှာပါ။ သူက အမေနဲ့ နေတဲ့အခါမှာလည်း ပထွေးရဲ့ ကြံစည်ခြင်း ခံရတဲ့ ကောင်မလေး တစ်ယောက်ပေါ့။ အဲ့ဒီလို ပုံစံမျိုးလေး သရုပ်ဆောင်ရမှာပါ။

Voice : မြင့်မြတ်နဲ့ ရိုက်ရမယ့် ရုပ်ရှင်က ဖွေးစိန်မရဲ့ ဘော်ဒီဂတ် ဇာတ်ကားလား။ မဲဆောက်ဘက်မှာ သွားရိုက်မယ်လို့တော့ ပြောဖူးတယ်။
ECP : အဲ့ဒီကားက ပြင်ဦးလွင်မှာ အရင်စရိုက်မယ်။ ပြီးတော့မှ နယ်စပ်ဘက်မှာ သွားရိုက်ရမယ်။ နယ်စပ်မှာ သွားရိုက်ရမယ့် ဇာတ်ကားကတော့ နှစ်ကားရှိတယ်။ ကိုမြင့်မြတ်နဲ့ ရိုက်ရမယ့် ဇာတ်ကားကတော့ အက်ရှင်ဇာတ်ကား ပုံစံမျိုးလေးပါ။

Voice : အခုနောက်ပိုင်းမှာ ဇာတ်ကောင်စရိုက် ရွေးချယ်မှုတွေ ပိုပြီး ရဲရင့်လာတာကိုလည်း တွေ့ရတယ်လေ။ ဇာတ်ကားတွေကို ဘယ်လို ရွေးချယ် ရိုက်ကူးဖြစ်နေလဲ။
ECP : အိချောက ဇာတ်လမ်း ဆန်းဆန်းလေးတွေ ရိုက်ရတာ သဘောကျတယ်။ တချို့ ဇာတ်ကားတွေကျတော့ ရိုက်ဖို့ စဉ်းစားရတာတွေ ရှိတယ်။ ကူဖော်လောင်ဖက်လို ကားမျိုးဆို ပညာပေးကားလို့လည်း ပြောလို့ရပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ အကြောင်းအရာ တစ်ခုကို ရိုက်ပြထားတာလေ။ အခုနောက်ပိုင်းမှာဆိုလည်း ပညာပေး ဇာတ်ကားလေးတွေ၊ အက်ရှင်ကားလေးတွေ ပိုရိုက်ဖြစ်နေပါတယ်။

Voice : ကိုယ်လက်ခံ ရိုက်ကူးပြီးတော့မှ နောင်တရမိတဲ့ ဇာတ်ကားမျိုးတွေရော ရှိလား။
ECP : အဲ့ဒီလိုမျိုးတော့ မရှိပါဘူး။ ကိုယ်စပြီး လက်ခံကတည်းက ဇာတ်လမ်းကောင်းတာလေးတွေ၊ ပရိသတ် ကြိုက်နိုင်မယ်ထင်တဲ့ ဇာတ်လမ်းမျိုးလေးတွေကို ရွေးပြီး ရိုက်ခဲ့တာပါ။ ကိုယ်ရိုက်ခဲ့တဲ့ ကားက ပရိသတ်ကြည့်ရတာ အဆင်မပြေဘူးဆိုရင် နောက်အဲ့ဒီလို မဖြစ်ရအောင် ဘယ်လိုပြင်မလဲဆိုတဲ့ စိတ်ပဲရှိတယ်။ နောင်တရတာမျိုးတော့ မရှိပါဘူး။ 

Voice : အချစ်ရေးနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် ကိုယ်တိုင် ဖွင့်ဟဝန်ခံတာမျိုးတော့ မရှိသေးဘူးနော်။
ECP : အချစ်ရေးကတော့ ပရိသတ်ကို ထူးထူးခြားခြား ပြောပြစရာ မရှိသေးပါဘူး။ ဒီအနုပညာ အလုပ်ကိုပဲ သေချာအာရုံစိုက်ပြီး လုပ်နေပါတယ်။ လူတိုင်းမှာတော့ အချစ်ရေး ဆိုတာတော့ ရှိတာပဲလေ။ ပရိသတ်ကို တိတိကျကျ ပြောပြနိုင်တဲ့ အချိန်ကျရင်တော့ အိချော အသိပေးသွားမှာပါ။ အိချောကတော့ ကိုယ့်မိသားစုနဲ့ အဆင်ပြေတဲ့သူ၊ ကိုယ့်အပေါ် နားလည်မှု ရှိတဲ့သူမျိုးကိုပဲ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သွားမှာပါ။ 

သန့်ဇင်ဦး


  • VIA