News

POST TYPE

ENTERTAINMENT

ဖြိုးပြည့်စုံနဲ့ တွေ့ဆုံခြင်း
03-Jan-2017
တေးသံရှင် ဖြိုးပြည့်စုံနဲ့ တွေ့ဆုံပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ဖြန့်ချိပေးခဲ့တဲ့ Single သီချင်းသစ် ကြည့်ချင်ပွဲအကြောင်း၊ အမျိုးသမီး အဆိုတော်တွေနဲ့ ပူးပေါင်း သီဆိုထားတဲ့ စုံတွဲစီးရီးအကြောင်းနဲ့ မျှော်နိုင်သမျှ ဒီဗီဒီအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။  

Voice : နှစ်သစ်အစ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖြန့်ချိပေးခဲ့တဲ့ Single သီချင်းသစ် ကြည့်ချင်ပွဲ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
PPS : ဒီသီချင်းကို  Myanmar Music Store ကနေ ရောင်းပေးခဲ့တာပါ။ တချို့ ပရိသတ်တွေက YouTube မှာ Share ပေးထားတာလည်း ရှိတော့ အဲ့ဒီမှာလည်း ကြည့်လို့ ရပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ် ရောက်တဲ့အချိန်မှာ ပရိသတ်တွေ အားလုံးကို ပျော်စရာ ကောင်းတဲ့ အရာလေး တစ်ခုကို ပေးချင်တယ်။ နှစ်သစ် ဆိုတာက ပြောင်းလဲခြင်းကို ဖော်ဆောင်တာဖြစ်တဲ့အတွက် ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အပြောင်းအလဲ တစ်ခု လုပ်ကြည့်ချင်တာကြောင့် ကြည့်ချင်ပွဲ သီချင်းကို ဖြန့်ပေးခဲ့တာပါ။ ဒီသီချင်းကို ပရိသတ် အားလုံး ကြိုက်ရမယ်လို့လည်း မမျှော်လင့်ထားပါဘူး။ ကျွန်တော် ဆိုနေကျ ပုံစံမျိုးလည်း မဟုတ်ပါဘူး။ ဒီသီချင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စိန်ခေါ်ကြည့်တဲ့ သဘောမျိုးလေးပါ။ ဒီသီချင်းကို နားထောင်ပြီး ပရိသတ်တွေ ပျော်ကြမယ်၊ ကျွန်တော့်အပေါ် နောက်ထပ်အမြင် တစ်မျိုးနဲ့ မြင်ကြမယ်ဆိုရင် ကျေနပ်ပါတယ်။ ဒီသီချင်းက နှစ်သစ်အတွက် လက်ဆောင်လို့လည်း ပြောလို့ရပါတယ်။

Voice : ကြည့်ချင်ပွဲ သီချင်းက ကိုယ်ဆိုနေကျ ပုံစံမျိုးလည်း မဟုတ်ဘူး ဆိုတော့ ဆိုရတာ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။
PPS : ဒီသီချင်းပုံစံက ကျွန်တော်ဆိုနေကျပုံစံ မဟုတ်တဲ့အတွက် စပြီး ဆိုတဲ့အခါမှာတော့ အခက်အခဲ ရှိပါတယ်။ အဲ့ဒီအတွက် သီချင်းကို များများ နားထောင်ရတယ်။ ဆိုကျင့်ကြည့်ရတယ်။ အသံသွင်းတော့လည်း သုံးလေးငါးခါလောက် သွင်းရတယ်။ ကိုယ်အကြိုက်ဆုံးလို့ ခံစားရတဲ့အချိန်မှာ ပရိသတ်ကို ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကြည့်ချင်ပွဲ သီချင်းကို ကျွန်တော့်ပရိသတ်တချို့ကတော့ လက်ခံချင်မှ လက်ခံနိုင်လိမ့်မယ်။ ဒါပေမဲ့ ရှိုးပွဲတွေမှာတော့ ပရိသတ် နားယဉ်သွားအောင် ဒီသီချင်းကို အမြဲတမ်း ထည့်ဆိုပေးဖို့ ဆုံးဖြတ်ထားပါတယ်။

Voice : သီချင်းနာမည်ကို ကြည့်ချင်ပွဲလို့ ပေးဖြစ်တဲ့အကြောင်းလည်း ပြောပြပေးပါဦး။ 
PPS : ကြည့်ချင်ပွဲ ဆိုတာကတော့ အရင်ခေတ်က လူတွေသုံးတဲ့ စကားလေးပေါ့နော်။ ကျေးလက်တွေမှာဆိုရင် ပွဲတစ်ခုလာလုပ်ပြီဆိုရင် ကြည့်ချင်ပွဲလို့ ပြောကြတယ်။ ရွာတွေမှာကျတော့  ပွဲလမ်းသဘင်တွေက လုပ်ခဲတယ်။ လုပ်ပြီဆိုရင်လည်း ပွဲဈေးတွေ ဘာတွေထည့်ပြီး စည်ကားအောင် လုပ်ကြတယ်။ သီချင်းမှာဆို ရွာခံ တစ်ယောက်က ဒီဘက်ခေတ်မှာဆိုရင် ကျေးလက်တွေမှာလည်း ဒီအနုပညာကို လိုက်မီလာကြပြီ။ ဟစ်ဟော့ပ်တွေ၊ ရော့ခ်သီချင်းတွေကိုလည်း လက်ခံလာကြပြီ။ သူတို့လည်း လိုက်ဆိုတတ်လာကြပြီ။ ညကျရင် ပွဲရှိတယ်။ လာကြည့်ကြပါလို့ သူက အားလုံးကို ဖိတ်ခေါ်တယ်။ ဒီပွဲက ဘယ်လောက်အထိ ခမ်းနားတယ်။ ပျော်ဖို့ ကောင်းတယ်။ မိုးလင်းပေါက်အထိ ကဲကြတယ်ဆိုတာ လေးကို ပျော်စရာ ကောင်းအောင် ရေးထားတယ်။ ဒီဘက်ခေတ်ရဲ့ စကားလုံး တစ်ခုဖြစ်တဲ့ လန်းချက်က နိုင်းလောက် ရှိတယ်တို့လို စကားလုံးမျိုးလည်း ပါတယ်။ ကျေးလက်မှာ ကွမ်းစားတဲ့ဓလေ့၊ ပင်ကျရည် သောက်တဲ့ အလေ့အထလေးတွေ အကြောင်းကိုလည်း ရေးထားပါတယ်။

Voice : အမျိုးသမီး အဆိုတော်တွေနဲ့ လုပ်နေတဲ့ စုံတွဲ စီးရီးလေးကရော ပရိသတ်တွေ ဘယ်တော့လောက် နားထောင်ရမလဲ။
PPS : အဲ့ဒီစုံတွဲ စီးရီးကတော့ ၉၀ ရာခိုင်နှုန်းလောက်တောင် ပြီးနေပါပြီ။ နောက်ဆုံးအဆင့်တော့ ရောက်နေပါပြီ။ ခွေထွက်ဖို့အတွက် အချိန်လေး တစ်ခုကိုပဲ စောင့်နေပါတယ်။ ဒီခွေက စုံတွဲစီးရီး ဖြစ်တဲ့အတွက် ချစ်သူများနေ့ အမီတော့ ထွက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ချစ်သူများနေ့ တစ်ခုတည်းအတွက် ဒီခွေကို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ သီချင်းတွေမှာဆိုလည်း ချစ်တာ တစ်ခုတည်း မဟုတ်ဘူး။ လွမ်းဆွေးတဲ့ သီချင်းတွေလည်း ပါတယ်။ ကျွန်တော်နဲ့ တွဲမဆိုဖူးတဲ့ တေးသံရှင်ကြီးတွေလည်းပါပါတယ်။ မျှော်နိုင်သမျှ စီးရီးပြီးရင် ဒီခွေက ဒုတိယခွေလို ဖြစ်နေတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဒီခွေကို ဇန်နဝါရီလ တတိယပတ်လောက် ကျွန်တော် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

Voice : ဒီခွေမှာပါမယ့် သီချင်းတွေကရော အသစ်တွေပဲလား။ သီချင်း အဟောင်းတွေရော ပြန်ထည့်ထားတာမျိုးရှိလား။
PPS : ဒီခွေမှာ သီချင်းအဟောင်းတွေလည်းပါပါတယ်။ သီချင်းတွေကတော့ ကျွန်တော်နဲ့ စုံတွဲဆိုပေးမယ့် အဆိုတော်တွေနဲ့ တိုင်ပင်ပြီး ရွေးကြပါတယ်။ သီချင်းအဟောင်းက ခုနစ်ပုဒ်လောက်ပါပါမယ်။ သီချင်း အသစ်ကတော့ ငါးပုဒ်လောက်ပါပါမယ်။ သီချင်းအဟောင်း ခုနစ်ပုဒ် ဆိုပေမယ့် ပရိသတ်တွေ သိနေတာက လေးပုဒ်လောက်ပဲ ပါလိမ့်မယ်။ တချို့ သီချင်းအဟောင်းလေးတွေက ပရိသတ် သိပ်မကြားဖူးတာလေးတွေကို ကျွန်တော်တို့က ဆန်းသစ်ပြီး ပြန်ဆိုထားတာပါ။ အဲ့ဒီအတွက် ပရိသတ်တွေ နားထောင်လိုက်ရင် အသစ် တစ်ခုလို ခံစားရပါလိမ့်မယ်။

Voice : မျှော်နိုင်သမျှ ဒီဗီဒီကတော့ စုံတွဲစီးရီး ဖြန့်ပြီးတော့မှ ထွက်ဖြစ်တော့မှာပေါ့။
PPS : မျှော်နိုင်သမျှ ဒီဗီဒီကတော့ သြင်္ကန်အပြီးလောက်မှ ထွက်နိုင်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖေဖော်ဝါရီ၊ မတ်လလောက်ဆို သြင်္ကန်သီချင်းတွေ ထွက်တော့မှာ ဆိုတော့လေ။ အဲ့ဒီအတွက် သြင်္ကန်ပြီးတော့မှပဲ မျှော်နိုင်သမျှ ဒီဗီဒီကို ပရိသတ်ကို ပေးနိုင်တော့မယ်။ တချို့ သီချင်းလေးတွေလည်း ကျွန်တော် ရိုက်ဖို့ ကျန်သေးတယ်။ အကြီးစားကြီးတွေတော့ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါး ရိုက်ရမယ့် သီချင်းလေးတွေပဲ ကျန်တော့တာပါ။

Voice : ကိုယ့်ရဲ့ ပေါက်သီချင်းဖြစ်တဲ့ လရိပ် MTV ကို ပုံဖော်ရိုက်ကူး ထားတဲ့ပုံစံကို တချို့ ပရိသတ်တွေက သဘော မကျကြဘူးနော်။ သီချင်းရဲ့ ဆိုလိုရင်းနဲ့လည်း လွဲနေတယ်လို့ ထင်ကြတယ်။
PPS : အဲ့ဒီအကြောင်းကို ကျွန်တော့်ရဲ့  Facebook ကနေတစ်ဆင့် ပရိသတ်တွေကို ရှင်းပြထားပါတယ်။ ကျွန်တော့်ကို ချစ်တဲ့ ပရိသတ်တွေကျတော့ သီချင်းလေးအတိုင်း ကွက်တိ ပုံဖော်ထားတာကို လိုချင်ကြတယ်။ ကျွန်တော့်ဘက်ကကျတော့ ရင်းလိုက်တဲ့ သဘောပါပဲ။ ဒီသီချင်းကို ရိုက်ပေးတဲ့ ဒါရိုက်တာ စိုင်းအောင်ထွန်းက အမေရိကမှာ DOP လုပ်နေတဲ့သူတစ်ယောက်ပါ။ မြန်မာနိုင်ငံမှာလည်း သူကြော်ငြာတွေ လာရိုက်ဖူးတယ်။ ကျွန်တော်နဲ့ ဆုံတွေ့တဲ့အခါမှာ သူ့ရဲ့ စိတ်ကူးလေးကို ရှင်းပြတယ်။ ပုံမှန်သမားရိုးကျ ချစ်ကွဲညားပုံစံမျိုး ရိုက်တာထက်စာရင် လူတွေကြုံနေရတဲ့ လက်တွေ့ကျတဲ့ ဘဝတစ်ခုကို ချပြရင် မကောင်းဘူးလားလို့ ပြောပြတော့ ကျွန်တော်လည်း သဘောကျတယ်။ သရုပ်ဆောင်ပေးတဲ့ ကိုနေတိုးနဲ့ မဝိုင်းစုကလည်း အက်တင် အရမ်း ကောင်းတယ်လေ။ အဲ့ဒီအတွက် ဘဝထဲက အချစ်တစ်ခုကို ရိုက်ပြခဲ့တာပါ။ လရိပ် သီချင်းမှာ ဆိုပြထားတာတော့ သမီးရည်းစား နှစ်ယောက်ရဲ့ အချစ်ပေါ့။ ကျွန်တော်တို့ ရိုက်ပြထားတာကတော့ ကောင်လေးက တက္ကစီ မောင်းနေတဲ့ အခြေခံလူတန်းစား၊ ကောင်မလေးကလည်း ချစ်သူကိုပဲ အားကိုးပြီး တစ်မျက်နှာ တစ်ရွာ ထင်နေတဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရိုက်ပြထားတာပေါ့။ တစ်ယောက်ကို တစ်ယောက် ပေးဆပ်ပြီး ချစ်တဲ့ အချစ်တစ်ခုကို ရိုက်ပြထားတာပါ။ ဒါပေမဲ့ အများကြီးတွေးပေးပြီးမှ ခံစားလို့ရမယ့် ပုံစံမျိုးဆိုတော့ ပရိသတ် ထင်ထားတာနဲ့ ထပ်တူ မကျတာမျိုးတွေ ဖြစ်လာတာပါ။ 

သန့်ဇင်ဦး


  • VIA