News

POST TYPE

ENTERTAINMENT

ဒါရိုက်တာ စတီးလ်နဲ့ တွေ့ဆုံခြင်း
28-Dec-2016
ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပြီး၊ ဈေးကွက်ဝင် ဒါရိုက်တာ တစ်ယောက်ဖြစ်လာတဲ့ စတီးလ်နဲ့ တွေ့ဆုံပြီး သူနောက်ဆုံး ရိုက်ကူးခဲ့တဲ့ သားပိုက်ကောင် ရုပ်ရှင်အကြောင်း၊ ဆူပါ သရုပ်ဆောင်တွေနဲ့ ဇာတ်ကားရိုက်ကူးရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲများအကြောင်း၊ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားအတွက် အကယ်ဒမီ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။

Voice : တစ်လောက ရိုက်ခဲ့တဲ့ သားပိုက်ကောင် ရုပ်ရှင်အကြောင်းကနေ စပြီး ပြောပြပေးပါးဦး။
S : ကျွန်တော်တို့ ဆီမှာက အမေနဲ့ သံယောဇဉ်၊ အဖေနဲ့ သံယောဇဉ်၊ မောင်နှမ သံယောဇဉ်ကို ဖော်ပြတဲ့ ဇာတ်ကားတွေ ရိုက်ခဲ့ကြဖူးတယ်။ သားပိုက်ကောင် ရုပ်ရှင်မှာတော့ အဘွားနဲ့ မြေး တစ်ယောက်ရဲ့ သံယောဇဉ်လေး တစ်ခုကို အခြေခံပြီး ရိုက်ထားတယ်။ ပြောင်းလဲလာတဲ့ခေတ်ကို ရှေးလူကြီးတွေက လိုက်မမှီကြတာတွေ ရှိတယ်။ ရန်ကုန်မြို့ပေါ် တက်လာတဲ့အခါမှာ သူတို့နဲ့ သဟဇာတ မဖြစ်တဲ့အရာတွေ အများကြီး ရှိတယ်။ အဲ့ဒီအပေါ်မှာ သူတို့အတွက် စိတ်ကသိကအောက် ဖြစ်စရာလေးတွေ ကြုံရတာ ရှိမယ်ပေါ့။ နောက်ဆုံး လောကကြီးက ဘယ်လောက်ပဲ ပြောင်းလဲလာပါစေ။ မိဘမေတ္တာနဲ့ အဘိုးအဘွားတွေရဲ့ သံယောဇဉ်ကတော့ ဘယ်တော့မှ ပြောင်းလဲမှု မရှိဘူးဆိုတာကို ဒီကားမှာ ပြထားပါတယ်။ ထွန်းထွန်းနဲ့ မကြီးစိုး( စိုးမြတ်သူဇာ) က မြေးအဘွား နှစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

Voice : ကိုစတီးလ်က ထွန်းထွန်းကို ခေါင်းဆောင် အနေနဲ့ ဇာတ်ကားတွေ ပြန်ပြီး စရိုက် ပေးခဲ့တာနော်။ သူ့ကို ဘယ်အနေအထားလောက်အထိ ရောက်အောင် ပံ့ပိုးပေးသွားမလဲ။
S : အဲ့ဒါကတော့ ကျွန်တော် ဒါရိုက်တာ စလုပ်တဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားမှာ မြင့်မြတ်၊ ထွန်းထွန်း၊ ကိုခင်လှိုင်၊ နေဒွေးတို့နဲ့ စဆုံပါတယ်။ သူတို့က ကျွန်တော့်ကို ဒါရိုက်တာ အသစ် တစ်ယောက်လို သဘော မထားဘဲ၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လို သဘောထားခဲ့ကြတယ်။ သူတို့ မကြိုက်တာ ရှိရင်လည်း ကျွန်တော့်ကို ပြင်ပေးလို့ ရလားလို့ ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ ဒါလေးတော့ မပြင်ပါနဲ့ဗျာ၊ နောက်မှာ ဘယ်လိုဇာတ်ကွက်နဲ့ ချိတ်ထားလို့ပါလို့ ပြောပြရင်လည်း သူတို့ လက်ခံတယ်။ အဲ့ဒီလို ညှိနှိုင်းပြီးသွားတဲ့အခါကျတော့ သူတို့နဲ့ ကျွန်တော် လက်တွဲရတာ အဆင်ပြေပါတယ်။ အဲ့ဒါကြောင့်လည်း ဇာတ်ကား တော်တော်များများကို အတူ ရိုက်ဖြစ်နေတာပါ။

Voice : ကိုစတီးလ်က ဆူပါ မင်းသားတွေနဲ့ ကားမရိုက်ချင်ဘူးလို့  ဖြေခဲ့ဖူးတာလည်း တွေ့တယ်လေ။ ဆူပါတွေနဲ့ ရိုက်ရင် ဘယ်လို အခက်အခဲတွေ ရှိခဲ့လို့လဲ။
S : ဒီနှစ်ထဲမှာပဲ လူငယ် ဆူပါမင်းသား တစ်ယောက်နဲ့ ကျွန်တော် ရုပ်ရှင်ကားကြီး ရိုက်ခဲ့တယ်။ ရိုက်ကွင်းမှာ အခက်အခဲပေါင်း များစွာ ကြုံခဲ့ရတယ်။ စိတ်ဆင်းရဲရတယ်။ သူ့ဘက်က ကျွန်တော်ကို အထင်သေးတယ်လို့ပဲ ယူဆတယ်။ ရိုက်ကွင်းမှာ ကျွန်တော် ပြောတဲ့ဟာကို သူ လက်မခံဘူး။ စောဒက တက်တယ်။ ဒါပေမဲ့ ကျွန်တော် သည်းခံပြီး ဇာတ်ကားပြီးအောင် ရိုက်ခဲ့တယ်။ အဲ့ဒီကား ရိုက်ပြီးချိန်မှာ ဆုံးဖြတ်ချက် တစ်ခုတော့ ချခဲ့တယ်။ သူ့ဘာသူ နာမည် ဘယ်လောက်ကြီးကြီး ဒီမင်းသားနဲ့ မရိုက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ငါသွားချင်တဲ့ ပုံစံမျိုးနဲ့က ဆူပါတွေနဲ့ မရိုက်တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်ခဲ့တယ်။

Voice : နာမည်ကြီး မင်းသမီး တစ်ယောက်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကွင်းမှာလည်း စကားများခဲ့ရသေးတယ်ဆို။
S : အဲ့ဒီမင်းသမီးကလည်း ကျွန်တော့်ကို ရှုတင်မန်နေဂျာ တစ်ယောက်လို အထင်သေးသော စကားလုံးမျိုးတွေနဲ့ ပြောလာတဲ့အခါမှာ ကျွန်တော်လည်း မခံမရပ်နိုင်ဖြစ်ပြီး ပြန်ပြောမိတယ်။ ဒါပေမဲ့ ဒီအနုပညာ လောကမှာ ပြဿနာ မကြီးထွားတာက ကောင်းတယ်လို့ နောက်ပိုင်းမှာ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်အနုပညာကိုပဲ အကောင်းဆုံး ဖြစ်အောင် ချပြမယ်လို့ စိတ်ကူးတယ်။ အဲ့ဒါကြောင့် ဈေးကွက်မှာ လက်ရှိ နာမည်ကြီးတာ မကြီးတာထက်၊ ကြိုစားတဲ့ သရုပ်ဆောင်တွေနဲ့ပဲ ဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။

Voice : ကိုစတီးလ်ဆိုလည်း ဆူပါမင်းသား ဖြစ်ခဲ့တဲ့ ဒွေးနားမှာ အနီးကပ် နေခဲ့ရတယ်လေ။ အနုပညာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကိုသားကြီး( ဒွေး) ရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။
S : ကိုသားကြီးတို့ကကျတော့ သူ့ဟာသူ နောက်ပိုင်းမှာတော့ ကာလံဒေသံအရ ဖြစ်သွားတာလေးတွေတော့ ရှိခဲ့တာပေါ့နော်။ ဒါကတော့ အကုန်လုံးလည်း သိပါတယ်။ ရှေ့ပိုင်းကာလမှာတော့ ကျွန်တော် သိသလောက်က ဇာတ်လမ်း တစ်ပုဒ်ကို ဒါရိုက်တာက လာပေးရင် ကြိုက်တယ်ဗျာ။ ရိုက်မယ်ဆိုပြီး လက်ခံတာမျိုး မဟုတ်ဘူး။ ဇာတ်လမ်းကို ဖတ်ကြည့်ပြီးလို့ ကြိုက်ပြီဆိုရင် ဒါရိုက်တာ၊ ပရိုဂျူဆာ၊ ဇာတ်ညွှန်းရေးဆရာ၊ ကင်မရာမင်းနဲ့ ဆုံပြီး ဇာတ်လမ်းအကြောင်းကို ထိုင်ပြောတာ။ ဒါက ဦးကျော်ဟိန်းရော၊ ကိုသားကြီးရော လုပ်နေကျ အလုပ်ပေါ့နော်။ ကျွန်တော် မြင်ခဲ့တာပေါ့။ ဒါရိုက်တာကလည်း ဇာတ်လမ်းကို ဘယ်လိုပုံစံရိုက်မယ် ဆိုတာကအစ သူ့ကို ပြောပြတယ်။ အဲ့ဒီအပေါ်မှာ သူ မရှင်းတာရှိရင် အကျေအလည် ဆွေးနွေးတယ်။ သူ ကျေနပ်သွားပြီဆိုရင် ဝင်မပါတော့ဘူး။ ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာက သူ့ကို ခင်ဗျား ဘောင်းဘီချွတ်ပြီး လမ်းလျှောက်ရမယ်လို့ ပြောရင် သူ လက်ခံထားပြီးသား ဖြစ်တဲ့အတွက် မငြင်းတော့ဘူး။ ကိုသားကြီး (ဒွေး) က ဇာတ်လမ်းပေါ်မှာ သစ္စာ ထားတယ်။ ဒါရိုက်တာပေါ်မှာ ရိုသေမှု ထားတယ်။ ဒါရိုက်တာ တစ်ယောက်အပေါ်မှာ ယုံပြီး ပုံအပ်လိုက်ပြီဆိုရင် သူ ဘာမှ ဝင်မပါတော့ဘူး။ ကားထွက်လာလို့ ကောင်းရင် ဒါရိုက်တာ ပိုက်ဆံရမယ်။ ကားမကောင်းရင် နောက်တစ်ကားမှာ သူ့ဟာသူ ကာကွယ်ဖို့ စဉ်းစားထားတယ်။

Voice : ကိုစတီးလ်ရဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားက မှီငြမ်းဇာတ်ကားလို့လည်း ပြောကြတာတွေ ရှိတယ်နော်။ ဒီနှစ် အကယ်ဒမီ စည်းမျဉ်းအရ မှီငြမ်း ဇာတ်ကားဆိုရင် ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆု မပေးဘူးလို့ ပြောထားတော့ ဘယ်လို ခံစားရလဲ။
S : ကျွန်တော် ပြောချင်တာက ဒီဇာတ်ကားက မှီငြမ်းဆိုရင် ကျွန်တော့်ကို ချပြဗျာ။ ဒီဇာတ်က ဘယ်နိုင်ငံခြားကားကို မှီငြမ်းပါတယ်လို့ ချပြဗျာ။ သူတို့ချပြတာ မှန်တယ်ဆိုရင် ကျွန်တော် ဝန်ခံမယ်။ လက်တွေ့ မပြနိုင်ဘဲနဲ့တော့ မှီငြမ်းကားဆိုပြီး ပါးစပ်က ရမ်းသန်းပြီး မပြောနဲ့လေ။ အဲ့ဒီလို ပြောကြေးဆို ပြီးခဲ့တဲ့နှစ်က တရုတ်ကားကို မှီငြမ်းပြီး ရိုက်တဲ့ ထာဝရအလင်းတန်းများ ဇာတ်ကားကို ဘာကြောင့် ဆုတွေပေးသလဲ။ ကျွန်တော်က အကယ်ဒမီကို လိုချင်လို့ပြောတာ မဟုတ်ဘူး။ စိတ်လည်း မဝင်စားဘူး။ အသားအရောင် ကြည့်ပြီးတော့ မှီငြမ်းဇာတ်လမ်းဆိုပြီး ရမ်းမပြောနဲ့။ ကုလားဆိုတာနဲ့ အိန္ဒိယကား မှီငြမ်းတယ်လို့ မပြောနဲ့။ တရုတ်ဆိုတာနဲ့ တရုတ်ကား မှီငြမ်းတယ်လို့ မပြောနဲ့။ ခိုးဆိုးလုနှိုက် ဇာတ်ကားကို မရိုက်ခင်ကတည်းက ဆရာတော် ဦးသောမရဲ့ တရားတစ်ပုဒ်ကနေ ယူထားတယ် ဆိုတာကို အကုန်လုံးကို ပြောပြပြီးသားပါ။ ကျွန်တော်ဒီကားကို ရိုက်တာက အကယ်ဒမီကို မှန်းပြီး ရိုက်တာလည်း မဟုတ်ဘူး။ ကိုယ့်ကားကို ပရိသတ်က လက်ခံ အားပေးတယ်ဆိုရင် ပြီးတာပဲ။

Voice : ဒီဇာတ်ကားမှာ မင်းသားတွေက အပြိုင် ဖြစ်နေတော့ ဘယ်သူတွေကို ဇာတ်ဆောင်ဆုအတွက် တင်ထားလဲ။
S : ခိုးဆိုးလုနှိုက် ဇာတ်ကားအတွက်တော့ ကျွန်တော်တို့က မြင့်မြတ်ကို ဇာတ်ဆောင်ဆုအတွက် တင်ထားတယ်။ ထွန်းထွန်း၊ နေဒွေးနဲ့ ကိုခင်လှိုင်ကိုတော့ ဇာတ်ပို့ဆုအတွက် တင်ထားတယ်။ အမျိုးသမီး ဇာတ်ဆောင်နေရာအတွက်တော့ သင်ဇာဝင့်ကျော်ကို တင်ပေးထားပါတယ်။ ဒီကားက အကယ်ဒမီတစ်ကြိုစာရင်းမှာ ပါတဲ့အတွက်တော့ ဒါရိုက်တာ တစ်ယောက် အနေနဲ့ ပီတိဖြစ်ပါတယ်။ ကျွန်တော့်ကားထဲမှာ ပါတဲ့ သရုပ်ဆောင်တွေကိုလည်း ရစေချင်ပါတယ်။ သူတို့ကတော့ သရုပ်ဆောင်ဖြစ်တဲ့အတွက် လိုချင်မှာပေါ့လေ။ ရလည်း ရစေချင်တယ်။ ဒါပေမဲ့ ကိုယ်ရစေချင်တိုင်းလည်း ပေးချင်မှပေးတာလေ။ သူတို့ ကံကောင်းရင်လည်း ရမယ်။ ကံမကောင်းရင်လည်း မရဘူးပေါ့။

သန့်ဇင်ဦး


  • VIA