News

POST TYPE

ENTERTAINMENT

ခိုင်နှင်းဝေနှင့်တွေ့ဆုံခြင်း
20-Sep-2020
"အလှူရှင် ရှားပါးနေတဲ့ အချိန်ဖြစ်တဲ့အတွက် တစ်လကို အနည်းဆုံးက ၇၀၊ ၈၀ သွားနေတာ"



ခိုင်နှင်းဝေနဲ့တွေ့ဆုံ၍ ရင်ခွင်မဲ့ဂေဟာမှာ ကလေးတွေထပ်လက်ခံဖြစ်တဲ့အကြောင်းနဲ့ ကလေးလက်ခံတာ ရပ်တော့မယ့် အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice  : ကလေးတွေ ထပ်လက်ခံဖြစ်တဲ့အကြောင်း ပြောပေးပါဦး။
KNW    : အစ်မက ကလေးအယောက် ၂၀ ကျော်ကတည်းက ရပ်ထားတာ။ ရပ်ထားရင်းကြားက သူတို့တွေရဲ့ ဒုက္ခတွေမြင်နေပြန်တော့လည်း တချို့ကျတော့ တကယ်ဒုက္ခရောက်တဲ့သူတွေပါ။ တချို့ကျတော့လည်း လိမ်ဆင်တွေလာတယ်။ ကိုယ့်ဟာကိုယ် ဝေဖန်သုံးသပ်စိစစ်ရတာပေါ့။ တကယ့် တကယ် ဒုက္ခရောက်တဲ့သူကလည်း ကြည့်လိုက်တာနဲ့ သိသာတယ်။ လိမ်တဲ့သူကလည်း ကြည့်လိုက်တာနဲ့သိသာတယ်။ ပရဟိတလုပ်တာကလည်း ကုသိုလ်လည်းရတယ်။ အကုသိုလ်လည်းရတယ်။

Voice  : တချို့လိမ်ဆင်တွေက ဘယ်လိုမျိုးတွေဖြစ်မလဲ။
KNW    : ကလေးလာပေးတဲ့အချိန်မှာ အလှူငွေလှူလိုက်တယ်။ မီဒီယာတွေကနေကြည့်ပြီး ကလေးတွေလာပေး။ ကျွန်မတို့က,ကလေးမပေးချင်ဘူး။ အလှူငွေပဲလှူပါ။ အဲလိုမျိုးတွေကလာတယ်။ လွယ်လွယ်ရမှန်းသိတော့ လာကြတာ။ အမှန်တကယ်တော့ လွယ်လွယ်ရတာ မဟုတ်ဘူး။ ဟိုတစ်ခါလာတဲ့ကောင်မလေးဆို တကယ်ဒုက္ခရောက်နေတာ။ ပေးချင်တယ်၊ ဒါပေမဲ့ကလေးကို တစ်ခဏစိတ်ဆုံးဖြတ်ချက်ပေါ့။ အရမ်းကျပ်တည်းနေတော့ တော်ပြီငါပေးလိုက်တော့မယ်ဆိုတဲ့စိတ်မျိုးပေါ့။ တကယ်ပေးမလားဆိုတဲ့ အခါကျတော့ကောင်မလေးက ကလေးလေးအပေါ်မှာ မိခင်စိတ်ရှိတယ်။ အဲအတွက်ကြောင့် ဒါကိုမြင်ရတော့ အစ်မကအလှူငွေလှူလိုက်တာ။ တချို့ကျတော့လည်းမဟုတ်ဘူး။ ငါပိုက်ဆံရဖို့အရေးပဲ။ အဲဒါမျိုးတွေကျ မသမာဘူးပဲ ပြောရမှာပေါ့။ ပြောဆိုရတာပေါ့။ တရားချရတာတွေရှိတယ်။ ပွဲကြမ်းရတာတွေရှိတယ်။ ပွဲကြမ်းတာက ခြိမ်းခြောက်ရတာမျိုးတွေပါ။ အဲဒါကြောင့် ကုသိုလ်လည်းရတယ်။ အကုသိုလ်လည်းရတယ်။

Voice  : အခုရော ကလေးတွေထပ်လက်ခံဖို့ရှိသေးလား။
KNW    : လက်မခံတော့ဘူး။ အကယ်၍ လာပြီးပေးချင်တဲ့သူတွေရှိရင် တခြားမိဘမဲ့ကျောင်းပို့ရင်လည်းပို့ပေါ့။ မွေးစားဖို့ လာပြောထားတဲ့သူတွေရှိရင် အဲလူတွေနဲ့ ချိတ်ပေးမယ်ပေါ့။ အဲဒီလိုလည်း စဉ်းစားထားတယ်။ ရောဂါတွေလည်း ဖြစ်နေတော့ အပြင်က,ကလေးကို ဂေဟာထဲ မထည့်ချင်ဘူး။ အလှူရှင်ရှားပါးနေတဲ့အချိန် ဖြစ်တဲ့အတွက် တစ်လကို အနည်းဆုံးက ၇၀၊ ၈၀ သွားနေတာ။ နို့မှုန့်ဆို ၁ ဖာကို ၁ ရက်ခွဲနဲ့ကုန်နေတဲ့ဟာက အမြဲတမ်းထွက်နေတဲ့အခါကျတော့ အစ်မလည်း ရေရှည်ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ။ အစ်မအပြင်မှာ အလှူတွေလုပ်ပေးသေးတာ။ အစ်မက မင်းသမီးဆိုတော့ ပြည့်စုံနေပြီထင်တာ။ အမှန်တော့ ပြည့်စုံနေတာမဟုတ်ဘူး။ အစ်မတို့က လှလှပပလေးနေတယ်။ သွားတဲ့လာတဲ့အခါကျတော့ ကိုယ်ဒုက္ခရောက်နေတာ မသိဘူးလေ။ အဲလိုမျိုးလေးလည်း စာနာစေချင်ပါတယ်။ အစ်မလည်း တစ်ယောက်တည်း ရုန်းကန်ပြီး အလှူငွေတွေရှာရ။ ကလေးတွေကျန်းမာရေး၊ ဝန်ထမ်းစရိတ် ကိုယ်ခေါင်းရွက်ထားရတာတွေ အများကြီးပဲ။ ရုန်းကန်နေရတယ်ဆိုတာကိုလည်း ပရိသတ်ကို သိစေချင်တယ်။


Voice  : ပရိသတ်ကိုဘာများပြောချင်တာ ရှိသေးလဲ။
KNW    : အစ်မရဲ့ပရိသတ်တွေ ကလေးတွေကိုချစ်ပေးပြီးတော့ အစ်မကိုလည်း ချစ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို Covid-19 ဖြစ်နေတဲ့အချိန်မှာ အဝေးကနေလှမ်းလှူပေးတဲ့ သူတွေ၊ ဂေဟာမှာလာလှူပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။                        

နွယ်နီ