News

POST TYPE

ENTERTAINMENT

စိုးပြည့်သဇင်နဲ့တွေ့ဆုံခြင်း
10-Sep-2020
"ကိုယ်လုပ်နေကျမဟုတ်တာကို  ကြိုးစားထားတာဆိုတော့ နည်းနည်းတော့ ပိုတာဝန်ကြီးတယ်"



စိုးပြည့်သဇင်နဲ့တွေ့ဆုံ၍ လူးလူးစိန် ကာရိုက်တာအကြောင်း၊ သရုပ်ဆောင်ကျော်ကျော်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အမှတ်တရတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice   : လူးလူးစိန် ကာရိုက်တာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
SPTZ   : အခုလာလောဆယ်မှာတော့ 5plus မှာ လူးလူးစိန် ပြနေတာပေါ့။ စိုးပြည့်အတွက်ကတော့ ထူးခြားတဲ့ ကာရိုက်တာတစ်ခုကို စိုးပြည့် ဖန်တီးခွင့်ရတယ်။ ပြီးတော့ စိုးပြည့်ရဲ့ ပုံမှန်နေနေကျ ပုံစံနဲ့ နည်းနည်းကွဲ ထွက်ပြီးတော့ မြင်ရတယ်ပေါ့။ အဲဒီအပေါ်မှာ စိတ်ပူတာလေးတော့ ရှိတယ်။ စိုးပြည့်ကို ပြန်တုံ့ပြန်မယ့် အခြေအနေတစ်ခုကိုပေါ့။ သူ့ပုံစံမဟုတ်ဘူး။ သူနဲ့လည်းမလိုက်ဘူးဆိုပြီးတော့ အရမ်းအဆိုးပုံစံဖြစ်မှာစိုးရိမ်ခဲ့တယ်။ ကိုယ်မပိုင်တဲ့ ကိုယ့်ပုံစံမဟုတ်တဲ့၊ ကိုယ်လုပ်နေကျ မဟုတ်တာကို ကြိုးစားထားတာဆိုတော့ နည်းနည်းတော့ ပိုတာဝန်ကြီးတယ်။

Voice   : လုပ်နေကျကာရိုက်တာမဟုတ်တော့ ဘယ်လိုတွေ ကြိုးစားသရုပ်ဆောင်ခဲ့လဲ။
SPTZ   : စိတ်ပူတာလေးတော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်လုပ်တတ်သလောက် ကြိုးစားလုပ်ခဲ့တယ်။ ကိုကျော်ကျော်ဆိုရင် အရမ်းသရုပ်ဆောင် ကောင်းတဲ့သူဆိုတော့ ညှိစရာမလိုဘဲနဲ့ သူ့ဟာနဲ့သူ အလိုက်သင့်လေးပဲ။ လူးလူးစိန်နဲ့ ရိုစီဖြစ်သွားတဲ့အခန်းလေးတွေလည်းရှိတယ်။ အဲအပေါ်မှာ သဘောကျတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေဆို 5plus မှာပြတယ်။ စိုးပြည့်ဆိုရင်လည်း အပတ်တိုင်းထိုင်ကြည့်တယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်ဖန်တီးထားတဲ့ အနုပညာတစ်ခုနဲ့ တစ်ခဏရယ်ရယ်မောမော ဖြစ်သွားတယ်ဆိုရင် စိုးပြည့်ကျေနပ်ပါတယ်။

Voice   : ဒီကားရိုက်တုန်းက ကိုကျော်နဲ့ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲ။
SPTZ   : သူကတော့ နောက်နောက်ပြောင်ပြောင်ပဲနေတတ်တဲ့သူ။ သူ ပြောပြတာတော့ ရိုစီပုံစံကသူ့အတွက် ပထမဦးဆုံးပဲလို့ပြောပြတယ်။ စိုးပြည့်ကလည်း ပထမဆုံးဆိုတော့ တိုင်တိုင်ပင်ပင်လုပ်တာတော့ရှိ တယ်။ သူကလည်း ပျော်ပျော်နေတတ်တဲ့သူဆိုတော့ ရှုတင်မှာလည်း စစနောက်နောက်ပဲနေဖြစ်ကြတယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။ 

Voice   : ကိုကျော်က မိန်းကလေးပုံစံဆိုတော့ ဘယ်လိုမြင်လဲ။
SPTZ   : ထူးခြားတာတစ်ခုက ဒီကားထဲမှာ မိန်းကလေးပုံစံဆိုပေမယ့် မိန်းမကြီးလိုမဟုတ်ဘူး။ အခုခေတ်မှာလည်း မြင်နေရတဲ့ပုံစံမျိုးလေး တွေရှိတယ်။ အရမ်းကြီးမိန်းမ ပုံစံမျိုးမဟုတ်ဘူး။ သူ့ပုံစံလေးနဲ့သူ။ အဝတ်အစားကို အရမ်းကြီးမိန်းမပုံစံဝတ်ထားတာမဟုတ်ဘူး။ ဒါပေမဲ့လည်း အက်တင်နဲ့ ရိုစီပုံစံလေးကို သူဝင်အောင်တစ်ချက်မှမလွတ်သွားအောင် လုပ်နိုင်တယ်။ အဲဒါလေးတစ်ခုတော့ စိုးပြည့် ချီးလည်းချီးကျူးပါတယ်။

နွယ်နီ