News

POST TYPE

ENTERTAINMENT

ရန်အောင်နဲ့ တွေ့ဆုံခြင်း
07-Sep-2020
“စိတ်ညစ်နေလည်း မထူးဘူး။ အဲဒီတော့ ပျော်ပျော်ရင်ဆိုင်မယ်၊ ပျော်ပျော်ဖြတ်မယ်” 



ရန်အောင်နဲ့တွေ့ဆုံ၍ ကိုဗစ်ထပ်ဖြစ်တဲ့အတွက် စိုးရိမ်တဲ့အကြောင်းနဲ့ ရိုက်ကူးရေးတွေ ပြန်ရပ်နားလိုက်ရတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။ 

Voice : ကိုဗစ်ဒုတိယအကြိမ်ထပ်ဖြစ်တော့ စိုးရိမ်တာမျိုးရှိလား။
YA : တော်တော်စိုးရိမ်တယ်။ စစဦးချင်းသိတုန်းကဆို Facebook မှာရေးဖြစ်တယ်။ လူတွေစိတ်ညစ်သွားမှာလည်းစိုးတယ်။ ကိုယ်လည်း စိတ်အရမ်းညစ်သွားတယ်။ ဒါပေမဲ့ စိတ်ညစ်နေလည်းဒါကိုဖြတ်ရမှာ။ စိတ်ညစ်နေလည်းမထူးဘူး။ အဲဒီတော့ ပျော်ပျော်ရင်ဆိုင်မယ်၊ ပျော်ပျော် ဖြတ်မယ်။ ကောင်းကောင်းပြန်သတိထားမယ်။ အရင်လိုပြန်နေမယ်။ ဒီခေါင်းကိုလက်နဲ့မထိဖို့ပဲ။ ခေါင်းမှာမှ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် လက်နဲ့ မထိဖို့ပေါ့။ ဒီလက်က ရောဂါပိုးရှိတဲ့သူလည်းကိုင်လို့ရတယ်။ အဲ့လိုကိုင်ပြီး လက်ပြန်ဆေးလိုက်ရင်သေတယ်။ အဲဒါကြောင့် လက်ကိုခဏခဏ ဆေးခိုင်းတယ်။ ဒါလေးကိုပြန်သတိထားရမယ်။

Voice : ဒီရောဂါနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့အကြံပေးချင်လဲ။
YA : ရေများများသောက်ပါ။ ရေသောက်ဖို့မေ့နေကြမယ်။ အိပ်ရေး ဝအောင်အိပ်မယ်။ အစားကောင်းကောင်းစားမယ်။ အခုကြား တာတော့ ဆေးရုံမှာ Quarantine နေရတဲ့သူတွေကို ဘာဆေးနဲ့မှမကုဘူး။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားခိုင်းတယ်။ အားဆေးတိုက်တယ်။ အဲဒါနဲ့ပြန်ကောင်းသွားတယ်။ အဲလို ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားမယ်။ သန့်သန့်ရှင်းရှင်း နေမယ်ဆိုရင် အကုန်လုံးကာကွယ်ပြီးသားဖြစ်သွားမယ်။ အဲဒါလေးကို သတိမမေ့ဖို့ ပြောချင်တာ။

Voice : ရှုတင်တွေရော ပြန်ရပ်လိုက်ရတာရှိလား။
YA : အကုန်တန့်ကုန်တယ်။ ရှုတင်မှမဟုတ်ပါဘူး။ စီးပွားရေးတွေလည်း တန့်သွားတယ်။ ကျောင်းတွေရောပဲ။ အနည်းနဲ့ အများတော့ ထိခိုက်ကြတာပါပဲ။ ညည်းညူမနေနဲ့တော့။ အစ်ကိုလည်း စဖြစ်တုန်းက ညည်းညူမိတယ်။ သွားပါပြီပေါ့။ ညည်းညူနေလည်းအပိုပဲ။ ပျော်အောင်နေမယ်။ ဒါကို ဝိုင်းကျော်ဖြတ်မယ်။ ကျွန်တော်တို့လည်း အရင်အတိုင်းပဲ ပိုးသတ်ဆေးတွေ ပြန်ဖျန်းရတယ်။

Voice : ကိုဗစ်ပြန်ဖြစ်တော့ ရုပ်ရှင်နှစ် ၁၀၀ ပြည့်လည်း ရွှေ့လိုက်ရတာပေါ့။
YA : ဒီပွဲကိုလုပ်မယ်ဆိုပြီး ဟိုနေ့ကအစည်းအဝေးလုပ်တယ်။ အောက်တိုဘာလ ၁၃ ကျရင် အကျဉ်းချုံးပြီးလုပ်မယ်ပေါ့။ အကုန်လုံး အကြမ်းဖျင်းတွေလျာထားတဲ့အချိန်မှာ ကိုဗစ် Second Wave က ဝင်လာတယ်။ ၁၀ ဆ ပိုမြန်တယ်ဆိုတော့ အကုန်ရပ်သွားတယ်။

Voice : ဒီရောဂါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျမိတာရှိလား။
YA : စိတ်ဓာတ်ကျတာရှိတာပေါ့။ အခက်အခဲတွေလည်း ရှိတယ်။ လူဆိုတာ ပြည့်စုံတာမှ မရှိတာ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အကျိုးသင့်အကြောင်းသင့်တွေးတယ်။ တွေးပြီးရင် စိတ်ထဲကနေပြေနိုင်အောင် ကြိုးစားတယ်။ ဖြေရှင်းနိုင်အောင် ကြိုးစားတယ်။

နွယ်နီ