News

POST TYPE

ENTERTAINMENT

ပိုးမီနဲ့ တွေ့ဆုံခြင်း
03-Sep-2020
“အပြင်ပုံစံက အရမ်းမာကျောသလို ထင်ရပေမယ့် ရင်ထဲမှာ အရမ်းနူးညံ့တယ်”



ပိုးမီနဲ့ တွေ့ဆုံ၍ အမေဖြစ်သူစာရေးဆရာမအကြောင်းနဲ့ အမေ့အတွက် အိမ်ဆောက်ပေးထားတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : အမေက စာပေသမားဖြစ်တဲ့အတွက် စကားလုံးပြောင်မြောက်နေတာ အမေ့ကြောင့်လို့ ပြောလို့ရလား။
PM : ပါတာပေါ့။ ၁၀၀ ရာခိုင်နှုန်းပဲ။ ငယ်ငယ်ကတည်းက စာအုပ်အငှားဆိုင် လေးလည်း ဖွင့်ထားတယ်။ အဲဒီကတည်းက နင်တို့ ဘာစာဖတ်ဆိုပြီး ပြောခဲ့တာ။ ကာတွန်းဆိုတာထက် ဘာသာပြန်ဝတ္ထုတွေ ပိုကြိုက်ခဲ့တာ အမေ့ ကြောင့်ပါတယ်။ အဲဒီအထဲကမှ စာပေဆိုတာက လူတစ်ယောက်ရဲ့ စိတ်ပြတင်းပေါက်ပေါ့။ ဒီလိုမျိုး ခံယူထားတဲ့အတွက် စာအုပ်တွေ ဖတ်ခိုင်းတယ်။ အခုအချိန်မှာ ဘယ်အရာကိုပဲဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တာ အမေ့ကျေးဇူးတွေ အများကြီးပါပါတယ်။

Voice : အမေ့အတွက် အိမ်ဆောက်ပေးထားတယ်လည်း ကြားတယ် အဲဒါလေး ပြောပေးပါဦး။
PM : အိမ်က မေမေဖြစ်ချင်တဲ့ဆန္ဒပေါ့။ ဝါးအသင်းမှာလည်း အသင်း ဝင်ထားတယ်ဆိုတော့ သူ့ဘဝကို ဝါးစိုက်ပျိုးမယ်။ အပင်သစ်ပင်ပန်းပင်တွေ စိုက်မယ်။ ဒါနဲ့ပဲ အချိန်ကုန်ချင်တဲ့အခါကျတော့ ကိုယ့်အမေနဲ့ကိုယ် ရန်ကုန် မှာ အတူတူနေချင်တာပေါ့။ ဒါပေမဲ့လည်း အမေက အလုပ်မလုပ်ရရင် နေမကောင်းတဲ့ရောဂါ ရှိတယ်။ အိမ်မှာ သူ့ကို ဘာမှမလုပ်နဲ့ ထိုင်နေဆို ဖျားချင်သလို ဖြစ်ပြီ။ သူ့ဟာသူ ပေါ့ပေါ့ပါးပါးသွားမယ်။ အိမ်က မေမေ့ ဆန္ဒလေးကိုပုံဖော်ပေးတာပါ။ အကုန်အမေ့စိတ်ကြိုက် သူ့အိုင်ဒီယာချည်းပဲ။

Voice : ကိုယ်တိုင်ကရော စာရေးရတာ ဝါသနာပါလား။
PM : တက္ကသိုလ်တုန်းက ရေးတယ်။ အမေ့လိုတော့ မဟုတ်ဘူးပေါ့။ ကိုယ်တွေက အချစ်ကဗျာတွေရေးတာ။ အဲတုန်းကဆို မဂ္ဂဇင်းတွေထဲမှာပါတယ်။ ပိုးဝိုင်ဆို တဲ့ နာမည်နဲ့ရေးတာ။ အပျိုစင်တို့ ဘာတို့မှာ အချစ်ကဗျာတွေပါတယ်။ တော်တော် များများရေးဖြစ်တယ်။ နောက်ပိုင်းကျတော့ ဂီတကို လုပ်ဖြစ်လာတော့ ကဗျာဆို တာထက် သီချင်းရေးရတာကို ပိုကြိုက်လာတယ်။

Voice : အမေနဲ့ ကိုယ်နဲ့ကျတော့ အမေကပို Strong ဖြစ်တယ်လို့ ပြောလို့ရလား။
PM : ဖြစ်တာပေါ့။ ကိုယ်က တစ်ခါတလေကျရင် သွေးဆူတယ်။ သွေးပွက် လွယ်တယ်။ စိတ်ဓာတ်ကျလွယ်တဲ့ အထဲမှာပါတယ်။ အပြင်ပုံစံက အရမ်း မာကျောသလို ထင်ရပေမယ့် ရင်ထဲမှာအရမ်းနူးညံ့တယ်။ စိတ်ဓာတ်ကျပြီး ခံနိုင်ရည်မရှိတော့ဘူးဆိုရင် အမေရေဒီလိုဒီလိုဖြစ်တယ်။ အမေ့စကားတစ်ခွန်းဆို သေချာတယ် ပိုးမီ အားတက်သွားပြီ။ ပြောရင်လည်း ဒီလိုမှန်တယ်။ ဒီလို မှားတယ် ပြောတာမဟုတ်ဘူး။ အရွှန်းဖောက်ပြီး ဟာသတွေချည်းပြောတာ။ အဲမှာ လူက အားတက်သွားရော။ မေမေ့နာမည်အရင်းက ဆရာမ ဒေါ်ခင်သန်းဝေပါ။ ကလောင်အမည်ကတော့ ဝသုန္ဒရီပါ။

Voice : အမေက ကိုယ့်ရဲ့ ပရိသတ်ထဲမှာရောပါလား။
PM : ကိုယ်တောင် တစ်ခါတလေ သူ့လောက် မဖီးလ်နိုင်ဘူး။ ညဆို ဖွင့်ပြီ။ ကိုယ့်ရဲ့ အမာခံပရိသတ်ပဲ။

နွယ်နီ