News

POST TYPE

ENTERTAINMENT

လူရွှင်တော် ကောင်းကျော်နှင့် တွေ့ဆုံခြင်း
01-Sep-2020
“အခွင့်အရေး လိုချင်လို့ဝင်တဲ့သူရှိသလို နှလုံးသားနဲ့ ရင်းပြီးတော့ဝင်တဲ့ အသင်းသားတွေလည်း ရှိတယ်”



ကောင်းကျော်နဲ့တွေ့ဆုံ၍ ဟာသလူရွှင်တော် ကိုတော့ပ် ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်တဲ့အကြောင်းနဲ့ လူရွှင်တော်အသင်းအကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ဟာသလူရွှင်တော် ကိုတော့ပ်ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
KK : ကိုတော့ပ်ဆိုတာလည်း လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေပါပဲ။ ရင်းလည်းရင်းနှီးပါတယ်။ ရင်းနှီးပေမယ့် သူဖြစ်တဲ့အချိန်ကာလရယ်၊ သူဆုံးပါးသွားတဲ့အချိန်ကာလရယ်က တကယ့်ကို ကျဉ်းထဲကျပ်ထဲ အချိန်ကြီးဖြစ်နေတာရယ်၊ ဘယ်လိုမှလုပ်ပေးလို့မရတဲ့အနေအထားမျိုးတွေဖြစ်နေတာကြောင့် စိတ်ထဲတော့ မကောင်းဘူးပေါ့။ သေပန်းမလှဘူးပေါ့။ အဲအတွက်တော့ စိတ်ထဲ ယူကျုံးမရဖြစ်မိတယ်။ ဒီအချိန်မှာ မင်းတို့ လူရွှင်တော်အသင်းက ဘာလုပ်နေလဲ မေးကောင်း မေးလာပါလိမ့်မယ်။ အသင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းက အသင်းသားများသာလျှင် ကူညီ ထောက်ပံ့မှုတွေပေးရမယ်ဆိုတဲ့ အများရဲ့ ဆုံးဖြတ်ချက်က ရှိနေတယ်။ ပြီးတော့ ကိုတော့ပ်ကလူရွှင်တော်မှန်သော်ငြားလည်း အသင်းဝင်မဟုတ်ဘူး။ ပြီးတော့ သူက ရန်ကုန်နေတဲ့သူလည်း မဟုတ်ဘူး။ အသင်းနဲ့လည်း အထိအတွေ့အဆက်အဆံမရှိဘူး။ အဲအတွက် ဆုံးဖြတ်ရမယ့် အပိုင်းတွေမှာ ခက်ခဲတာတွေရှိတယ်။ အဲဒီအပိုင်းတော့ ရှိတာပေါ့။

Voice : သူ့ကို ပြန်ကောင်းလာမယ်လို့ ထင်တာလား။
KK : ပြန်ကောင်းပြီးတော့ ဆေးရုံကဆင်းသွားပြီတောင် ထင်တာ။ ခုနပြောသလို သူ့အားနည်းမှုက ချိတ်ဆက်မှုတွေက သူနဲ့ လုံးဝမရှိတာ။ မိသားစုရှိရင်လည်း ကိုကောင်းကျော် ရေ၊ ကိုဒိန်းဒေါင်ရေ နောက်ဆုံးအသင်းသား ဟုတ်သည်၊ မဟုတ်သည်ထား လူရွှင်တော် တစ်ယောက်အနေနဲ့ကတော့ နားလည်စာနာမှုတွေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးရမှာ။ ချိတ်ဆက်အားတွေနည်းတော့ ဒီဘက်ကလည်း အသင်းကိစ္စတွေ၊ ပရဟိတတွေနဲ့ အချိန်ပေးနေရတော့ အစ်ကိုတို့ဘက်က အချိန်မပေးနိုင်တဲ့ အားနည်းချက်တွေလည်းရှိပါတယ်။

Voice : လူရွှင်တော်အသင်းနဲ့ပတ်သက်ပြီး လုပ်ရတာအခက်အခဲတွေရောရှိလား။
KK : ထင်တာက လူရွှင်တော်မှန်ရင်ရမယ်လို့ ထင်ထားကြတာ တချို့က။ ဒီအသင်းဝင်မှ အသင်းရဲ့ ပရဟိတတွေလုပ်ဖို့ အသင်းရဲ့နှစ်စဉ်ကြေးတွေ အသင်းသားတွေကထောက်ပံ့နေသလို အလှူခံကိစ္စဘာညာလည်း အသင်းဝင်မဟုတ်ဘဲနဲ့ ကူညီကြတဲ့သူတွေလည်းရှိပါတယ်။ သို့သော် စည်းနဲ့ဘောင်နဲ့လုပ်လိုက်တဲ့အခါကျတော့ လုပ်လို့မရတာတွေအများကြီးရှိတယ်။ အဲဒီအခါကျတော့ နားလည်မှုတွေလွဲကုန်ရော။ လူကြီးမလို့၊ လူမသိတာတို့ဆိုတာတို့ ပါလာတယ်။

Voice : ဘာများပြောချင်တာရှိသေးလဲ။
KK : လူရွှင်တော်နဲ့ အသက်မွေးတဲ့လူရွှင်တော်တိုင်း လူရွှင်တော်တွေစုပေါင်းဖွဲ့စည်းထားတဲ့ လူရွှင်တော်အသင်းရန်ကုန်ကို ဝင်ကြပါ။ တချို့ကျတော့ အခွင့်အရေးခံစားချင်လို့၊ အခွင့် အရေးလိုချင်လို့ဝင်တဲ့သူရှိသလို နှလုံးသားနဲ့ရင်းပြီးတော့ဝင်တဲ့ အသင်းသားတွေလည်း ရှိတယ်။ အစကတည်းက အခွင့်အရေးရဖို့ထောင်ထားတဲ့အသင်းမှမဟုတ်တာကိုး။ မိဘတွေ၊ ဆရာတွေကို တတ်နိုင်သလောက် တစ်စုတစ်စည်းတည်း ကန်တော့ချင်တဲ့အတွက် ထောင်ထား တဲ့အသင်းဖြစ်တာကိုး။ လူရွှင်တော်မှန်ရင် အသင်းဝင်ထားစေချင်ပါတယ်။

နွယ်နီ