News

POST TYPE

ENTERTAINMENT

“ရုပ်ရှင်ရုံ နည်းပါးတဲ့အခါကျတော့ ဆင်ဆာကျပြီးသား ကား အရေအတွက်က ၇၀ လောက် ရှိတယ်။ ၇၀ ဆိုတာ နည်းတာမှ မဟုတ်တာ ကမ္ဘာပေါ်မှာ ကြားတောင် မကြားဖူးဘူး”
30-Jul-2016

ရုပ်ပြကာတွန်းမှာ နာမည်ကျော် လူကြိုက်များတဲ့ ကာတွန်း ဇာတ်ကောင်ကို ရုပ်ရှင်အဖြစ် အသက်သွင်း ထားတဲ့ ကိုတင့်တို့ စူပါရပ်ကွက် (၂) ရုပ်ရှင်ဇာတ်ကား ဆက်လက်ရိုက်ကူး ဖြစ်တဲ့အကြောင်း၊ ကိုတင့်ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အကြောင်းကို သရုပ်ဆောင် အရိုင်းနဲ့ တွေ့ဆုံပြီး The Voice က မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : အရှေ့ကား အောင်မြင်ခဲ့လို့ ကိုတင့်တို့ စူပါရပ်ကွက် ၂ ကို ဆက်ရိုက်ဖြစ်တာလား။

AY : ဒီကားက ရှေ့ကား အောင်မြင်တဲ့အတွက် အရှိန်လေး ရှိနေတုန်း တင်ပြတယ် ဆိုသလိုပဲ နောက်တစ်ခုကလည်း ပရိသတ်ရဲ့ တောင်းဆိုမှုလေးကို ဖြည့်ဆည်း ပေးရတာပါ။ တို့မြန်မာပြည်မှာက ဒီလိုပါပဲ။ တစ်ခု ကောင်းပြီဆိုရင် ပရိသတ်က ကြိုက်ပြီ၊ ချစ်ကြပြီဆိုရင် ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေက ရှိလာတဲ့အခါ  အနုပညာကို ဖန်တီးကြတဲ့သူတွေက ပရိသတ် အလိုကျ ပြန်လည်ပြီးတော့ လိုက်လျောရတာ အနုပညာ လောကမှာ ဒါမျိုးတွေ ရှိနေတော့ ၁ ပြီးတော့ ၂ ဆိုတာ ရိုက်ကြတဲ့ ပုံစံမျိုး ဖြစ်တာပေါ့။

Voice : ဇာတ်လမ်း ဖွဲ့စည်းပုံတွေက ၁  နဲ့ ၂ ဇာတ်လမ်း မတူအောင် ပရိသတ်ကို ဘယ်လိုမျိုး တင်ဆက်ထားလဲ။

AY : ကားရဲ့ တင်ပြပုံကတော့ ဒီလိုလေးပါပဲ။ သို့သော်ငြားလည်း ကိုလွင်မိုးဆိုရင် ကား မရိုက်တာ ကြာပြီလေ။ ဒီ့ပြင်လူနဲ့ဆိုရင် သူ ရိုက်ဖို့ မရိုက်ဖို့ကို တော်တော် စဉ်းစားလိမ့်မယ်။ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဦးအရိုင်းတို့နဲ့ ကျတော့ တကယ့် ညီအစ်ကိုလို ရဲဘော်ရဲဘက်လို နေလာတဲ့ လူဆိုတော့  အချိန်မရွေးပဲ ကျွန်တော် ရိုက်မယ်။ သူက ဒီလိုမျိုး ရိုက်ရတာ ပျော်တောင် ပျော်နေသေးတယ်။ 

Voice : ဒီကားက ပရိသတ်ကို ဘယ်လို  Message မျိုး ပေးချင်တာလဲ။

AY : သိပ်တော့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ပရိသတ်ကိုလည်း ဝန်ထုပ် ဝန်ပိုး ပိစေမယ့် တွေးခေါ်မှုမျိုးတွေ မလုပ်ချင်ပါဘူး။ ရိုးရိုးလေးပဲ သူတို့တွေအတွက်။ တစ်ခုတော့ ရှိတယ်၊ ရုံထဲ လာတယ်၊ ဒါလေး ကြည့်လိုက်တယ်၊ ဘဝအမောတွေ ပြေစေမယ်၊ ဦးအရိုင်းတို့ Entertainment မြောက် သွားတယ် ဆိုရင်တော့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ဒီထဲမှာ နည်းနည်းလေးတော့ ပရိသတ်အတွက် Message နည်းနည်းတို့တိတို့စလေးတွေ ပါ,ပါတယ်။ ဘာလဲဆိုတော့ ဇာတ်အိမ်ကြီးနဲ့ ဖွဲ့တည်ပြီး ရိုက်ထားတာ မဟုတ်တဲ့အတွက် Message ကို ပေးတဲ့အခါမှာ ပျစ်ပျစ်နှစ်နှစ်တော့ ပေးလို့ မရဘူးနော်။ ဟာသကားဖြစ်တဲ့ အခါကျတော့ ဟာသကို ဇောင်းပေးပြီး ရိုက်ထားတာပါ။

Voice : ဒီကားက ရိုက်ထားတာ ကြာပြီဆိုတော့ တချို့ ဟာသ ပြက်လုံးတွေက အခုအချိန်မှာ ပရိသတ်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ်လို့ ထင်မိလား။

AY : ဦးအရိုင်းတို့ ရိုက်တဲ့အချိန်ထဲက စဉ်းစားရတာပေါ့။ သိပ်ပြီးတော့ Up to Date ဖြစ်မယ့်ဟာမျိုး မထည့်ဘူး။ အဲဒါကိုပါ ဦးအရိုင်းတို့ ထည့်ပြီး စဉ်းစားတယ်။ ငါတို့တွေ ရိုက်လို့ ရုံတင်တဲ့ အချိန်ကျရင် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေက တချို့ စကားလုံးတွေဆိုရင် လွဲမှားသွားမှာ သေချာတယ်လေ။ အဲဒါတွေ မဖြစ်ပျက်အောင် တော်တော်ကို စဉ်းစားပြီးမှ အသုံးအနှုန်းတွေအစ လုပ်ထားတော့ ဒီကားမှာ  သိပ်တော့အများကြီး အတိမ်းအစောင်း တော့ မပါပါဘူး။

Voice : ဒီကားထဲက ကိုယ့်ကာရိုက်တာကို ပြောပြပါဦး။

AY : အမြဲတမ်း ရပ်ကွက်ထဲက ကိစ္စတွေကို သူက စပ်စပ်စပ်စပ်နဲ့ နေရာတကာ လုပ်ချင်တဲ့သူပါ။ လုပ်လိုက်တိုင်း တလွဲကြီးပဲ ဖြစ်နေတဲ့ ကာရိုက်တာလေးပါပဲ။ 

Voice : ဒီကားထဲမှာ ကိုတင့်ရဲ့ ကာရိုက်တာက ဇာတ်ကို ဘယ်လောက်ထိ ဆွဲခေါ်သွားတယ်လို့ ထင်လဲ။

AY : အဲဒါတော့ ဦးအရိုင်းတို့ ရပ်ကွက်ထဲမှာ ဖြစ်တဲ့အတွက်ကြောင့် ကာရိုက်တာ မျိုးစုံ ဘေးကပံ့ပိုးကြတယ်။ ကိုယ့်ရဲ့ Sငိန  ဗခအသမ တွေ အများကြီးပါတော့ ဒီလူတွေ အများကြီးနဲ့ ဦးအရိုင်းနဲ့တွေ့လေ သူတို့ ထောက်ပံ့မှုကောင်းလေ ဦးအရိုင်းတို့ ဇာတ်ဝင် ခန်းတွေ ပိုတက်ကြွလေဖြစ်တာဆိုတော့  သရုပ်ဆောင်ရဲ့  Sကစစသမအ က ဒီထဲမှာ အများ ကြီးလိုတာပေါ့။ 

Voice : ဗီဒီယိုနဲ့ ကိုတင့်ဇာတ်ကောင်တွေ  ရိုက်ခဲ့ဖူးတာဆိုတော့ ကိုယ့်ကို ဒီဇာတ်ကောင် က ဘယ်လောက်ထိ လွှမ်းမိုးထားလဲ။

AY : ဦးအရိုင်း ဒီကာတွန်းထဲက ကိုတင့်ရဲ့ကာရိုက်တာကို ကြိုက်နှစ်သက်တာ ကြာပြီ။ ပိုပြီးတော့ ကြိုက်နှစ်သက်စရာ ကောင်းတာက သူက ရပ်ကွက်ထဲက လူတစ် ယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို ဇာတ်အိမ် တည်ပြီး ရပ်ကွက်ထဲက ဖြစ်တဲ့အကြောင်း အရာတွေကို ရေးထားတာဆိုတော့ ဦးအရိုင်း တို့ကလည်း ရပ်ကွက်ထဲမှာနေကြတာ ဆိုတော့ ကာရိုက်တာက မိပြီးသားဖြစ်နေ တာပေါ့။ အခြေခံလူတန်းစားရဲ့ ကာရိုက်တာ မျိုး ဦးအရိုင်းလည်း ဒါမျိုးသဘောကျ တယ်လေ။

Voice : အနုပညာသက်တမ်းမှာ ခေါင်း ဆောင်အနေနဲ့ ရိုက်ခဲ့တာဆိုတော့ ဒီကားနဲ့  ပတ်သက်ပြီး ဘယ်လို အမှတ်တရတွေရှိခဲ့လဲ။

AY : ဖြစ်တာပေါ့။ ဘာဖြစ်လဲဆိုတော့ ဦးအရိုင်း ရုပ်ရှင်ရိုက်လာခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံးမှာ ဦးအရိုင်းအတွက် ပထမဦးဆုံးကားဆိုရင် ခေါင်းဆောင် ကားအနေနဲ့ စပြီးတော့ ရုပ်ရှင်ကားကြီးမှာ  ရိုက်ခွင့်ရတယ်။ ဒါဆိုရင် ဒုတိယမြောက် ကား ရိုက်ရတယ်။ ကိုယ့်သက်တမ်းတစ် လျှောက်မှာ ဒီလို ခေါင်းဆောင်အနေနဲ့ ရိုက်ရ တယ်ဆိုတဲ့ဥစ္စာဟာ ဦးအရိုင်းတို့လို လူတွေအတွက် မဟာ ဆုလာဘ်ကြီးပေါ့။ ကိုယ့်အတွက် အလိုချင်ဆုံးထက် ကျော်သွားတယ်လို့  ခံစားရပါတယ်။ ပရိသတ် နှစ်သက်တယ်၊  လက်ခံ အားပေးတယ်၊ အတိုင်းအတာတွေ ကျော်ပြီးတော့ လက်ခံမှုကို ရရှိစေတဲ့အတွက် ပိုဆိုးသွားပြီးပေါ့။

Voice : ဒီဇာတ်ကားကို B-Channel နဲ့သာ မပြဘူးဆိုရင် ဘယ်အချိန်လောက်မှ ပြခွင့်ရမလဲ။

AY : ၂၀၁၉- ၂၀၂၀ ကြားထဲမှ တင်ဖြစ်မှာ သေချာတယ်။ အနည်းဆုံး ၂ နှစ်၊ ၃ နှစ်လောက် ဟသွားမယ်။

Voice : ရုပ်ရှင်ရုံတွေ များလာရင် ဒီ ပြဿနာတွေ ဖြေရှင်းနိုင်မယ်လို့ ထင်မိလား။

AY : ကားပြသမှု၊ စီးဆင်းတဲ့ ပုံသဏ္ဌာန် အဆင်ပြေ သွားမှာပေါ့။ ဒီလို စောင့်နေစရာ မလိုတော့ဘူး။ ရုပ်ရှင်ရုံ နည်းပါးတဲ့ အခါကျတော့ ဆင်ဆာကျပြီးသား ကား အရေအတွက်က ၇၀ လောက် ရှိတယ်။ ၇၀ ဆိုတာ နည်းတာမှ မဟုတ်တာ၊ ကမ္ဘာပေါ်မှာ ကြားတောင် မကြားဖူးဘူး။ ၇၀ လောက် တစ်ခံနေတဲ့ ကားက ရုပ်ရှင်ရုံ မလုံလောက်မှု ကြောင့် ဒီပြဿနာ ဖြစ်တာ။ ရုပ်ရှင်ရုံ လုံလောက်သွားရင် ဒီပြဿနာ မရှိတော့ဘူး။  ကြည့်ရတဲ့ ပရိသတ်လည်း Up to Date ဖြစ်မယ်။ ရိုက်ရတဲ့ ဒါရိုက်တာရော၊ သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တွေ အကုန်လုံး က Up to Date ဖြစ်မယ်၊ Current ဖြစ်မယ့် အကြောင်းအရာတွေ အကုန်လုံးကို ပရိသတ်က အချိန်တိုတို အတွင်းမှာ ခံစားရမှာပေါ့။ 

Voice : ဗိုလ်ချုပ်ရှပ်ရှင် ဇာတ်ကား ဘယ် အခြေအနေလောက် ရှိပြီလဲ။

AY : အဲဒါက ရိုက်ကို မရိုက်ရသေးတာ။ ရိုက်ကို မရိုက်ရသေးတာ ဆိုတာ တိုင်းပြည်ရဲ့ အနေအထားပေါ် မူတည်ပါတယ်။ တချို့က ဒီဟာနဲ့ ပတ်သက်ရင် သိပ်ပြီး မသိကြဘူး။ ပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး လုပ်နေရတဲ့ လူတွေရဲ့ အခက်အခဲတွေကို မသိကြဘူး။ မသိတဲ့ အခါကျတော့  လူဆိုတာ လူ့သဘာဝအတိုင်း ပြောကြတာပါ။ တကယ် အလုပ်လုပ် ကြည့်ကြတဲ့အခါမှ အခက်အခဲတွေ အများကြီး ရှိတာ သိကြမှာလေ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း  ဒီဇာတ်ကားကြီးကို ဖြစ်စေချင်တဲ့ဆန္ဒ သူ့မှာလည်း အပြည့်အဝ ရှိတယ်။ ထိုနည်းတူစွာပင် လုပ်နေကြတဲ့သူတွေ၊ တချို့သော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ရင် စိတ်ဝင်စားတဲ့သူတွေ ဒီကားကြီးကို ဖြစ်စေချင်တာ အားလုံး ဆန္ဒအမှန်ပဲ။ သို့သော်ငြားလည်း တိုင်းပြည် တစ်ပြည်မှာ ဒီလိုဇာတ်ကား မျိုးရိုက်တဲ့ အခါကျရင် ချောချောမွေ့မွေ့ ဘယ်လိုမှတော့ မပြီးနိုင်ဘူး။ မပြီးနိုင်ဘူး ဆိုတာ နိုင်ငံ့အရေးရဲ့ အဖြတ်အတောက်၊ အဆုတ်အတက်တွေ ရှိတယ်။ အဲဒါက သိပ် အရေးကြီးတယ်။ ဒါတွေကို ဦးအရိုင်းတို့က သိပ်အရေးမကြီးပါဘူးကွ လုပ်လို့ မရဘူး။ ဘာဖြစ်လဲဆိုတော့ တစ်တိုင်း တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သား အားလုံးနဲ့ ဆိုင်တယ်။ တချို့ မသိကြတော့ သူတို့ စိတ်ထဲမှာ ကြာတယ်၊ ဘာဖြစ်တယ် ဒီမှာ တာဝန်ယူ လုပ်နေသူတွေ အသုံး မကျဘူး ပြောဆိုသံတွေ ကြားရပါတယ်။ ဒါပေမဲ့ ဒါတွေ အပြောအဆို ခံပြီး ဦးအရိုင်းတို့ ဘုတ်အဖွဲ့တွေက ဒါကို ကြိုးစားနေတယ်။ အခုအချိန်မှာ တိုင်းပြည်က ထူထောင်ရေးအတွက် နိုင်ငံရေး တည်ငြိမ်ဖို့၊ ငြိမ်းချမ်းရေး ရဖို့၊ စီးပွားရေးတွေ ကောင်းလာဖို့အတွက် ပညာရေး ကဏ္ဍတွေ၊ ကျန်းမာရေး ကဏ္ဍတွေ ဒီကဏ္ဍတွေကို လုပ်နေရတဲ့အခါ ဘာဖြစ်လဲဆိုတော့ တစ်ရက် နှစ်ရက်နဲ့  ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ။ အရေးကြီးတာတွေ ဦးစား ပေးနေရတယ်။ အားလုံးနဲ့ ယှဉ်လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်တာ အရေး မကြီးဘူးလား ဆိုတော့လည်း မဟုတ်ဘူး အရေးကြီးတယ်။ တိုင်းပြည် ထူထောင်ရေးက ပိုအရေးကြီးတဲ့အတွက် ပိုအရေးကြီးတာကို အခုချိန်မှာ ဦးစား ပေးထားတာ။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ကို ဦးအရိုင်းတို့ သွားပြောရင် ဒါက နောက်ကျနေလား မသိဘူး သွားပြောရင် သူ့မှာ ဒီ့ပြင် တာဝန်တွေ ယူထားရတာတွေ၊ ဒီ့ပြင် အကြောင်းအရာတွေကို ခေါင်းထဲ ထည့်ထားပြီးတော့ တစ်ကမ္ဘာလုံး ပတ်ပြီး အလုပ် လုပ်နေရတာ။ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် ဒါလေးကို အားလုံး နားလည်ပေးကြပါ။ ပရိသတ်တွေဘက်ကလည်း ဖြစ်စေချင်တဲ့အတွက် ဝမ်းသာပါတယ်။ အဲဒါလေးကို မျှမျှတတ တွေးခေါ်ပြီး နားလည်ပေးကြပါ။ တတ်နိုင်တဲ့ဘက်က ဝိုင်းပြီး ကူညီဖို့ စဉ်းစား ပေးကြပါလို့ ပြောချင်ပါတယ်။

  • VIA