News

POST TYPE

ENTERTAINMENT

တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အေးချမ်းမေ
29-Jul-2016 tagged as ဂီတ

ရန်ကုန်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံက ဂီတချစ်ပရိသတ်တွေနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာ ခွဲခွာနေခဲ့ရတဲ့ တေးသံရှင် အေးချမ်းမေက နိုဝင်ဘာလအတွင်း ရန်ကုန်မြို့မှာ ပြုလုပ်မယ့် တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်လို့ The Voice ကို ပြောကြားပါတယ်။

“အစ်မရဲ့ တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲ ပြန်လုပ်ဖို့ စဉ်းစားထားတာ တော်တော်ကြာပါပြီ။ နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ တကယ်လုပ်ဖြစ်တော့မယ်ပေါ့နော်။ အခုလို ပရိသတ်တွေနဲ ပြန်ဆုံဖို့ အခွင့်အရေးရတဲ့အပေါ် အရမ်းစိတ်လှုပ်ရှား ရင်ခုန်ရပါတယ်။ ပြောမပြတတ်အောင်လည်း ဝမ်းသာပါတယ်” လို့ နိုဝင်ဘာလ အတွင်းမှာ ပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ ခံစားမှုကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ၊ ရွှေစင် Entertainment က တာဝန်ယူ စီစဉ်ပေးမှာ ဖြစ်ပြီး၊ ပွဲကျင်းပမယ့် နေရာကိုတော့ အကြမ်းဖျင်း ရွေးချယ်ထားတဲ့ နေရာသုံးခုထဲကမှ ပရိသတ်တွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် နေရာတစ်ခုကို ရွေးချယ်နေဆဲ ဖြစ်တယ်လို့ အေးချမ်းမေက ပြောကြားပါတယ်။

“အစ်မရဲ့One Lady Show ကို ပရိသတ်တွေအတွက် တစ်မူထူးခြားအောင် တင်ဆက်သွားမှာပါ။ ဘယ်လိုအစီအစဉ်တွေ ပါဝင်မလဲ ဆိုတာကတော့ အစ်မရဲ့ ပရိသတ်တွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပြီး မြင်စေချင်တာမို့ အခုချိန်မှာ လျှို့ဝှက်ထားပါရစေ။ ဒီပွဲမှာ သီချင်းအသစ်တွေလည်း ဆိုမှာပါ” လို့ ၎င်းက ဆိုပါတယ်။

တေးသံရှင် အေးချမ်းမေက လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှာရှိတဲ့ Clemson မြို့မှာ အခြေချနေထိုင်နေတာ ဖြစ်ပြီး တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နိုဝင်ဘာလ ပထမပတ်အတွင်းမှာ မြန်မာနိုင်ငံသို့ ပြန်လာမှာ ဖြစ်ပါတယ်။

တေးသံရှင် အေးချမ်းမေရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ ဇာတ်ဆရာ အလိုကျ၊ ဘုရားစူး၊ သီချင်းဧည့်သည်၊ သူသိသွားပြီ၊ တစ်စစီကျိုးပဲ့နေ၊ မိုးပေါ်သို့ လိမ့်ကျခြင်း စတဲ့ သီချင်းတွေကို ယနေ့ခေတ် အဆိုတော်များစွာက ပြန်လည်သီဆိုခဲ့ကြဖူးပါတယ်။