News

POST TYPE

ENTERTAINMENT

အောင်ခိုင်နဲ့ တွေ့ဆုံခြင်း
20-Feb-2019



“မြန်မာပြည်က ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပညာရှင်တွေက သိပ်အညံ့စားကြီးထဲမှာ မရှိပါဘူး။ ပံ့ပိုးမှုလေးပဲလိုပါတယ်”

တရုတ်နိုင်ငံက အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ “Line  Walker 2” ရုပ်ရှင်ဇာတ်ကား နဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင် အောင်ခိုင်ရဲ့ အမြင်များကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “Line  Walker 2” ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
AK : တရုတ်နိုင်ငံက “Line  Walker 2” ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ လာရိုက်တာကို အနုပညာလောကသား တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြောခွင့်ရတုန်းမှာ ပြောလိုက်ချင်တာက ဒီဇာတ်ကားမှာ သုံးဖို့ လက်နက်အစစ်တွေ ယူလာတာအားကျစရာကြီးပါ။ ပံ့ပိုးပေးမယ့်သူရှိတော့ လက်နက်အစစ်တွေကို ရဲစခန်းမှာကို ထိန်းသိမ်းပေးထားတယ်။ လိုအပ်ရင်လက်နက်အစစ်တွေကို ထုတ်သုံးပေးမယ်တဲ့။ သူတို့ရှဲ့Story Board မှာလည်း သေချာရေးထားပြီးပြီလို့ ပြောတယ်။ 

Voice : မြန်မာအက်ရှင်ဇာတ်ကား တော်တော်များများမှာတော့ လက်နက်အတုတွေ သုံးပြီးရိုက်ရတာနော်။
AK : ကျွန်တော်တို့ မြန်မာအက်ရှင်ဇာတ်ကားတွေမှာ သုံးဖို့အတွက် ငှားပေးတဲ့ လက်နက်အတုတွေကို စုဆောင်းထားတဲ့သူကတော့ အခုချိန်မှာ ထောင်ထဲရောက်နေပါတယ်။ လက်နက်ပုဒ်မနဲ့ ထောင်ထဲရောက်နေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက အနုပညာသမားတွေကိုလည်း ဒီလိုမျိုးလေးများ ပံ့ပိုးပေးမယ်ဆိုရင် အက်ရှင်ကားတွေ ရိုက်တဲ့အခါမျိုးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တစ်စိတ်တစ်ပိုင်းတော့ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Voice : မြန်မာနိုင်ငံမှာ အက်ရှင်ဇာတ်ကားတွေက အောင်မြင်မှုသိပ်မရတာကရော ဘာကြောင့်ဖြစ်မယ်ထင်လဲ။
AK : အဲဒါကတော့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင် မြန်မာအက်ရှင်ကားတွေမှာ သုံးတဲ့သေနတ်တွေက သစ်သားတွေမှန်း အရမ်းသိသာတာပဲလို့ ခဏခဏအပြောခံရတယ်။ ကျွန်တော်တို့ မှာ ဝမ်းနည်းရုံကလွဲလို့ မနာနိုင်ပါဘူး။ သေနတ်အစစ်တွေနဲ့တူတဲ့ အတုတွေကို ဝါသနာအရ စုဆောင်းထားတဲ့ ကျွန်တော်တို့ ရုပ်ရှင်ရိုက်တဲ့အချိန်မှာ ငှားပေးတဲ့သူကတော့ လက်နက်ပုဒ်မနဲ့ ထောင်ထဲရောက်နေတဲ့ အချိန်မှာ နိုင်ငံခြားက လာရိုက်တဲ့ကားမှာ လက်နက်တွေအများကြီးပဲ တွေ့လိုက်ရတော့ ကောင်းလေစွလို့ စိတ်ထဲမှာ ပြောရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

Voice : အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဇာတ်ကားတွေ ရိုက်ခွင့်ရဖို့ ခက်ခဲတယ်လို့လည်း သိရတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
AK : ဦးအောင်ခိုင်တို့ကိုလည်း လိုအပ်တဲ့ ပံ့ပိုးမှုလေးတွေများ ပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက အနုပညာရှင်တွေက သိပ်အညံ့စားကြီးထဲမှာ မပါကြပါဘူး။ ရုပ်ရှင်လောကအတွက် ပံ့ပိုးမှုတွေအများကြီး လိုအပ်နေပါတယ်။ သူများနိုင်ငံက လာရိုက်တဲ့ ဇာတ်ကားက လမ်းမကြီးကိုပိတ်ပြီး ကားတွေ ပြိုင်မောင်းတာတွေ ရိုက်မယ်လို့ သိရတယ်။ ကျွန်တော်တို့ ဇာတ်ကားတွေမှာတော့ မြို့ထဲမှာ ဇာတ်လမ်းအရ ဗြောက်တစ်ချက် မဖောက်ရဲပါဘူး။ ပြည်သူတွေ အထိတ်တလန့် ဖြစ်မှာစိုးလို့ မဖောက်ရဲခဲ့ဘူး။ အခုရိုက်မယ့် ဇာတ်ကားမှာတော့ ပစ်မယ်၊ ခတ်မယ်လို့ ပြောတယ်။ ဘယ်လိုရိုက်ကြမလဲဆိုတာတော့ သူတို့ရဲ့ နည်းပညာတွေ ကြည့်ရမှာပေါ့။

Voice : သူတို့က ဇာတ်ကားစမရိုက်ခင်မှာကတည်းက ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်တာလည်း တွေ့ရတယ်။
AK : သူတို့ ဇာတ်ကားတွေမှာတော့ ပံ့ပိုးမှုတွေအားကောင်းတဲ့အတွက်၊ လူအင်အား၊ ငွေအင်အားတွေ တောင့်တဲ့အတွက် စိတ်ကြိုက် ပုံဖော်ရိုက်ကူးလို့ ရတာပေါ့နော်။ ကျွန်တော်တို့ဆီက လူကြမ်းတွေကတော့ ရိုက်ကွင်းမှာ ဖိုက်တင်ခန်းတွေရိုက်ရင် အထိမနာအောင် ဝတ်ရတဲ့ ဒူးကာတံတောင် ကာလေးတောင်မှ ပြည့်ပြည့်စုံစုံ မဝယ်နိုင်ပါဘူး။ ဒါတွေက အင်မတန် ဈေးကြီးပါတယ်။ ဒါလေးတွေကို ပံ့ပိုးပေးမယ့်သူတွေ ရှိရင်လည်း ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဆီမှာက လေဆိပ်မှာ ရိုက်ချင်ရင် တစ်လလောက် ကြိုစာတင်ရတယ်။ ရဲစခန်းအစစ်မှာရိုက်ချင်ပေမယ့် ရိုက်ခွင့် မရပါဘူး။ အဲဒီလိုပံ့ပိုးမှုလေးတွေမှမရဘူးဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လို စခန်းသွားကြမလဲ။

Voice : ရုပ်ရှင်လောကအတွက် နိုင်ငံတော်ပိုင်းက ဘယ်လိုအရာတွေ ပံ့ပိုးပေးဖို့ တောင်းဆိုချင်လဲ။
AK : အခုနောက်ပိုင်းမှာ အက်ရှင်ဇာတ်ကားတွေ တော်တော်များများ ရိုက်လာကြပါပြီ။ ကျွန်တော်တို့  ဇာတ်ကားတွေမှာသုံးဖို့ လက်နက်ခဲယမ်းကို အစစ်မပေးရင်တောင်မှ အတုလေးတွေ ကိုင်ခွင့်ပြုစေချင်ပါတယ်။ ဥပမာ-ယိုးဒယားကနေ ဝယ်လို့ရတဲ့ Gas လက်နက်ကလေးတွေပေါ့နော်။ ကျွန်တော်တို့ လောကသားတွေလည်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အက်ရှင်ဇာတ်ကားတွေ ရိုက်ချင်ပါတယ်။ အခုဟာက ရဲစခန်းတွေ၊ တရားရုံးတွေမှာ ရိုက်ချင်ရင်တောင် ဆင်ပြီးတော့ ရိုက်နေရတဲ့ အနေအထားမျိုးကတော့ ဘယ်တော့မှ မပီပြင်နိုင်ပါဘူး။ ဒါက သူများနိုင်ငံက လာရိုက်တဲ့ ဇာတ်ကားကို မနာလိုဖြစ်တာမဟုတ်ဘူး။ အားကျစိတ်နဲ့ ပြောတာပါ။ မြန်မာပြည်က ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက သိပ်အညံ့စားကြီးထဲမှာ မရှိပါဘူး။ ပံ့ပိုးမှုလေးပဲလိုပါတယ်။ 

သန့်ဇင်ဦး