News

POST TYPE

ENTERTAINMENT

ဖြူဖြူကျော်သိန်းနဲ့ တွေ့ဆုံခြင်း
19-Feb-2019



“ဖြူဖြူက တစ်ရက်ချစ် လိုချင်တာမဟုတ်ဘူး။ တစ်သက်ချစ် လိုချင်တာပါ” 

နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ တွေ့ဆုံပြီး တေးသံရှင် Cobra နဲ့ စုံတွဲစီးရီး ထွက်မယ့်အကြောင်း၊ စီးရီးမှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဖြူဖြူရဲ့လတ်တလောဂီတလှုပ်ရှားမှု အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
PPKT : လတ်တလောကတော့ Cobra နဲ့ ဖြူဖြူ စုံတွဲဆိုထားတဲ့ “လမ်း” ဆိုတဲ့သီချင်းလေးကို အွန်လိုင်းမှာ ဖြန့်ပေးထားပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာတော့ Audio စထွက်တယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ချစ်သူများနေ့အတွက်လက်ဆောင်အနေနဲ့ Music Video လေး တင်ပေးဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီတစ်ခါတော့ ချစ်သူများနေ့နဲ့ လိုက်ဖက်မယ့် အတိတ်နိမိတ်ကောင်းတဲ့ သီချင်းမျိုးလေးကို လုပ်ဖြစ်ပါတယ်။

Voice : Cobra နဲ့ စုံတွဲစီးရီးထွက်ဖို့ရှိတယ်လို့လည်း ကြားတယ်။ ဘယ်တော့လောက် နားထောင်ရမလဲ။
PPKT : Cobra နဲ့ကတော့ စီးရီးလေးပေါင်းလုပ်ဖို့ စီစဉ်နေတာတော့ ကြာပါပြီ။ သီချင်းတွေလည်း အဆင်သင့်ရှိကြပါတယ်။ “လမ်း” သီချင်းလေးကတော့ ပွင့်လင်းရာသီမှာ ထွက်လာမယ့် Cobra နဲ့ ဖြူဖြူရဲ့ စုံတွဲ ကိုယ်ပိုင်သံစဉ်စီးရီးအတွက် ရှေ့ပြေးသီချင်းလေးပါ။ တစ်ခွေလုံးကိုတော့ Cobra ကပဲ ရေးထားပါတယ်။ တစ်ယောက်တည်း သီချင်းကတော့ လေးပုဒ်စီပါမယ်။ စုံတွဲသီချင်းကတော့ မကြာခင်က ထွက်ထားတဲ့ “လမ်း” သီချင်းအပြင်၊ နောက်ထပ်တစ်ပုဒ်ပါပါမယ်။ နောက်ထပ်စုံတွဲ သီချင်းတစ်ပုဒ်ကတော့ ဖြူဖြူတို့ ဥထားတာ ဆယ့်နှစ်နှစ်ကြာပါပြီ။

Voice : ရှေ့မှာလည်း Cobra ရေးပေးပြီး မဖြူဆိုခဲ့တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေးတွေက ပေါက်ခဲ့တယ်နော်။ အခုထွက်မယ့် စုံတွဲခွေမှာရော ဘယ်လိုသီချင်းမျိုးတွေပါဝင်မလဲ။
PPKT : ဖြူဖြူက ဟိုးအရင်ကတည်းက Cobra ရေးပေးခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ဆိုလာခဲ့တာပါ။ ဖြူဖြူ့အတွက်ဆိုပြီး တေးရေးဆရာ တစ်ယောက်က တည်ရေးပေးတဲ့ ပထမဆုံးကိုယ်ပိုင်သံစဉ် သီချင်းက Cobra ရေးတဲ့ “မိုးရေစက်များ” ပါ။ နောက်ပြီး မျှော်နေမိသူ၊ အဆုံးသတ်အချစ်၊ နောက်ဆုံးအချိန်ဆိုတဲ့ သီချင်းတွေကိုလည်း Cobra ပဲ ရေးပေးခဲ့တာပါ။ နောက်ပိုင်း သူမိန်းမရ၊ ကလေးနှစ်ယောက်ရသွားတော့ အလုပ်များနေတယ်နဲ့ တူပါတယ်။ သူရေးတဲ့ သီချင်းတွေသိပ်မဆို ဖြစ်တော့ဘူး။ စုံတွဲစီးရီးလုပ်မယ်ဆိုတော့မှ ပြန်လက်တွဲဖြစ်ကြတာပါ။ စုံတွဲစီးရီးမှာတော့ ကိုယ်ပိုင်သံစဉ် အချစ်သီချင်းကောင်းလေးတွေကို နားဆင်ရမှာပါ။ 

Voice : ပရိသတ်တွေလည်း မဖြူရဲ့ One Lady Show မကြည့်ရတာလည်း ကြာပြီဆိုတော့ ဘယ်တော့လောက်လုပ်ဖြစ်မလဲ။
PPKT : ဖြူဖြူ့ဘက်ကတော့ One Lady Show လုပ်ဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဘယ်တော့မှ လုပ်လေ့မရှိဘူး ဆိုတာက လုပ်ဖို့အင်အားလည်း တကယ်မရှိဘူး။ Lady Show လုပ်ဖို့ဆိုတာက အချိန်တွေလည်း အများကြီးပေးရတယ်။ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ ဒါပေမဲ့ သေချာ စီစဉ်ပေးမယ့် Producer ကောင်းကောင်းရှိရင်တော့ လုပ်ချင်ပါတယ်။ ပွဲစီစဉ်ပေးမယ့် သူရှိရင် ကိုယ်လည်း ခေါင်းအေးရတာပေါ့နော်။ ဖျော်ဖြေတင်ဆက်မှုပိုင်း အတွက်ကတော့ သီချင်းဘယ်နှပုဒ် ဆိုစေချင်လဲ၊ ဘယ်လို Performance မျိုးလိုချင်လဲ။ ကိုယ့်ဘက်က လုပ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ 

Voice : ချစ်သူများနေ့ကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းခဲ့လဲ။ ချောကလက် ကျွေးတဲ့သူ၊ ပန်းစည်းပေးတဲ့သူတွေရောရှိလား။
PPKT : ချစ်သူများနေ့ကိုတော့ မိုင်းလားမြို့မှာ ပရိသတ်တွေနဲ့ အတူတူ ဖြတ်သန်းခဲ့ပါတယ်။ ကိုဖြိုးကြီးနဲ့ ဖြူဖြူက မိုင်းလားမြို့က ပရိသတ်တွေကို သီချင်းတွေအများကြီး ဆိုပြီး ဖျော်ဖြေခဲ့တယ်။ အရမ်းလည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ပရိသတ်တွေပေးတဲ့ ပန်းစည်းတွေလည်း ရခဲ့ပါတယ်။ ချောကလက်ကတော့ အိမ်မှာ အထပ်လိုက်ကြီးရှိတယ်။ အမှန်တော့ မေမေက ချောကလက်ကြိုက်လို့ ဝယ်ထားပေးရတာပါ။ ကိုယ်ချောကလက် စားချင်ရင် မေမေဝယ်ထားတဲ့အထဲကပဲ နှိုက်ပြီးတော့ ခိုးစားလိုက်တယ်။

Voice : ချစ်သူများနေ့ကို တစ်ယောက်တည်းဖြတ်သန်းရတာ ကြာလာတော့ စိတ်အားငယ်တာမျိုးရောရှိလား။
PPKT : အမှန်တကယ်တော့ အချစ်ဆိုတာ ကိုယ်ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ချစ်သူများနေ့ကျမှ သက်သေပြရတာ မဟုတ်ဘူးလေ။ တစ်ရက်ချစ်လောက်ကတော့ ဘာလုပ်မှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပြီး၊ တစ်ယောက်အတွက်တစ်ယောက်က အသက်ရှင်ကြတဲ့ အချစ်မျိုးက ပိုပြီးခိုင်မြဲတယ်လေ။ ချစ်သူများနေ့မှာ အထိမ်းအမှတ်တစ်ခုအနေနဲ့ လက်ဆောင်လေးတွေ ပေးကြတယ်ဆိုတာလည်း တစ်မျိုး ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ရက်ချစ်ရတာတော့ ဘာလုပ်မှာလဲ။ ဖြူဖြူက တစ်ရက်ချစ် လိုချင်တာမဟုတ်ဘူး။ တစ်သက်ချစ် လိုချင်တာပါ။  

သန့်ဇင်ဦး