News

POST TYPE

ENTERTAINMENT

နေတိုးနဲ့ တွေ့ဆုံခြင်း
14-Oct-2018
“ညီလေးငယ်ကို အမြဲတမ်း သတိရနေတယ်။ ရှိနေသေးတယ်လို့ပဲ စိတ်ထဲမှာ ထင်မြင်နေတဲ့ အချိန်အခါမျိုးပဲ ရှိပါသေးတယ်”



နာမည်ကျော် သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံပြီး ရုတ်တရက် နှုတ်ဆက်ခွဲခွာသွားခဲ့တဲ့ ညီဖြစ်သူမင်းသွေးအတွက် အစ်ကိုတစ်ယောက်ရဲ့ခံစားမှု၊ ညီဖြစ်သူအတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးမယ့်အကြောင်းနဲ့ ညီအစ်ကိုနှစ်ယောက်ကြားက အမှတ်တရတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ညီဖြစ်သူ မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတစ်ခု လုပ်ပေးဖို့ရှိတယ်လို့လည်း ကြားတယ်။ အဲ့ဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
NT : အဲ့ဒါကတော့ ကျွန်တော့်သူငယ်ချင်းတွေရော၊ မင်းသွေးရဲ့ သူငယ်ချင်းတွေပါ စုပြီးတော့ ဘုန်းကြီးဝတ်ကြပါမယ်။ ဘုန်းကြီးဝတ်လို့ရတဲ့ ကုသိုလ်တွေအကုန်လုံးကို မင်းသွေးအတွက် ရည်စူးပြီးတော့ လှူဒါန်းမှုတွေ လုပ်ပါမယ်။ ကျွန်တော်တို့ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တစ်ပတ်လောက် ဘုန်းကြီးဝတ်ကြမှာပါ။ အဓိကကတော့ ညီလေးငယ် (မင်းသွေး) အတွက် ကုသိုလ်ကောင်းမှုတစ်ခု လုပ်ပေးတာပါ။

Voice : ကိုယ့်ရဲ့ အချစ်ဆုံးညီလေးတစ်ယောက်ဆုံးသွားပေမယ့် ကိုနေတိုးရဲ့ တည်ငြိမ်ရင့်ကျက်စွာ လက်ခံနိုင်မှုကို ပရိသတ်တွေလည်း ချီးကျူးကြတယ်။ ဘယ်လိုနှလုံးသွင်းပြီး လက်ခံခဲ့တာလဲ။
NT : ကျွန်တော်က ပုံမှန်အားဖြင့်ဆိုရင် စိတ်ဆင်းရဲစရာတွေ၊ ဝမ်းသာစရာတွေ ကြုံလာရင် အမြဲတမ်းဒီလိုပဲ ဖြတ်သန်းပါတယ်။ အဲ့ဒီလို ဖြတ်သန်းနိုင်အောင်လည်း ကိုယ့်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေ၊ ကိုယ့်ဆရာသမားတွေကလည်း သင်ကြားပြသမှုတွေ ရှိခဲ့ပါတယ်။ အဓိကကတော့ ဝိပဿနာတရားလုပ်ဖြစ်လို့ပါ။ ဒါကို ကျင့်ကြံနိုင်ရင် တကယ်ကို အကျိုးထူးပါတယ်။ ကိုယ့်အပေါ်မှာ ဘယ်လိုအကြောင်းအရာမျိုးမဆို သက်ရောက်လာချိန်မှာ သတိလေးနဲ့ကိုယ့်စိတ်ကို မြင်နိုင်တယ်ဆိုရင် အရာရာကို လက်ခံနိုင်စွမ်းရှိတတ်ပါတယ်။

Voice : မင်းသွေးရဲ့ နာရေးခရီးတုန်းက ပရိသတ်တွေအများကြီး ရောက်လာကြတာကိုလည်း တွေ့ရတယ်။ နာရေးကိစ္စဆောင်ရွက်ရာမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။
NT : အဲ့ဒီနေ့ကတော့ အကုန်လုံး အဆင်ပြေပါတယ်။ ချောချောမွေ့မွေ့ပဲ ရှိခဲ့ပါတယ်။ သြင်္ဂိုဟ်လို့မရတဲ့အဆင့်အထိတော့ မဟုတ်ခဲ့ပါဘူး။ ပရိသတ်တွေအနေနဲ့ကလည်း အနုပညာရှင်တွေ လာကြတယ်ဆိုတော့ ကြည့်ချင်ကြမှာပဲလေ။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို မျှော်လင့်ထားပြီးသားပါ။ ဘယ်အရာမဆို အကောင်းချည်းပဲ မျှော်လင့်ထားလို့မရဘူး၊ အဆုံးစွန်အထိကို စဉ်းစားထားတဲ့အခါကျတော့ ကျွန်တော်တို့ ခံနိုင်ရည်ရှိပါတယ်။ ကိုယ်တွေလည်း အချိန်အခါတစ်ခုမှာ သေဆုံးခြင်းဆိုတာကို မဖြစ်မနေ ကြုံရမှာပါ။ ကိုယ်တွေဘဝမှာ သွားရမယ့်ခရီးတစ်ခုမှာ စိတ်ကောင်းစေတနာထားပြီး ဒါနပြုနိုင်တဲ့အချိန်မှာ ဒါနပြုမယ်၊ သီလဆောက်တည်နိုင်တဲ့အချိန်မှာ ဆောက်တည်မယ်၊ မေတ္တာတရားတွေနဲ့ ရှေ့ဆက်ပြီးတော့ သွားဖို့ပဲ သံဝေဂရမိပါတယ်။

Voice : ကိုယ့်ရဲ့ အရင်းနှီးဆုံး မိသားစုဝင်တစ်ယောက် ရုတ်တရက်ခွဲခွာသွားတဲ့အပေါ်မှာရော ဘယ်လို ခံစားချက်ဖြစ်မိလဲ။
NT : လက်ရှိ အခိုက်အတန့်မှာတော့ ကျွန်တော်တို့အတွက် လစ်ဟာမှုတွေတော့ ရှိတာပေါ့နော်။ ညီလေးငယ်ကို အမြဲတမ်းသတိရနေတယ်။ ရှိနေသေးတယ်လို့ပဲ စိတ်ထဲမှာထင်မြင်နေတဲ့ အချိန်အခါမျိုးပဲ ရှိပါသေးတယ်။ ညီလေးငယ်က ညီတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အစ်ကိုတစ်ယောက်အပေါ်မှာ ထားသင့်တဲ့လေးစားမှုမျိုးရှိတယ်။ အားကိုးမှုလည်းရှိတယ်။ တိုင်ပင်ဆွေးနွေးမှုလည်း ရှိတယ်။ သူက ကျွန်တော့်အတွက် ညီတစ်ယောက်ပီသတဲ့သူလို့ ကျွန်တော်မြင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ပြောချင်တာက ညီလေးငယ်ရဲ့နာရေးမှာ ကူညီခဲ့တဲ့ အနုပညာရှင်တွေ၊ ညီလေးငယ်ရဲ့ပရိသတ်တွေ၊ ကျွန်တော့်ရဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Voice : မင်းသွေး ပါဝင်ခဲ့တဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို အမြန်ဆုံးရုံတင်ပေးဖို့ ရုံရှင်တွေကို အနုပညာရှင်တွေက တောင်းဆိုမှုတွေ လုပ်ပေးနေကြတာရှိတယ်။ ကိုယ်တိုင်ရော ဘယ်လိုဆန္ဒရှိလဲ။
NT : ကျွန်တော့်အနေနဲ့ကတော့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို ရုံတင်နိုင်ဖို့အတွက် လိုအပ်တဲ့ကိစ္စလေးတွေကို လိုက်လုပ်ပေးနေပါတယ်။ ဒီဇာတ်ကားကို အမြန်ဆုံးရုံတင်နိုင်ဖို့အခုလိုမျိုး ဝန်းရံပေးကြတဲ့သူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားက မင်းသွေးကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့တဲ့အရာတွေ အများကြီးရှိပါတယ်။ သူကိုယ်တိုင် ၈၀ ရာခိုင်နှုန်းလောက် ပါဝင်ပတ်သက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ ပရိသတ်ရှေ့ကို အမြန်ဆုံးရောက်စေချင်ပါတယ်။

Voice : နောက်ဘဝမှာ ညီလေးငယ်နဲ့ ပြန်ဆုံခွင့်ရမယ်ဆိုရင်ရော ကိုနေတိုး ဘယ်လိုဆန္ဒရှိလဲ။
NT : အဓိကကတော့ ကံပါပဲ။ ညီလေးငယ်နဲ့ ပြန်ဆုံခွင့်ရမယ်၊ မရဘူးဆိုတဲ့ အတွေးမျိုးလည်း မရှိပါဘူး။ အဓိကကတော့ ကံပါလာရင်တော့ ပြန်ဆုံကြမှာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို အကောင်းဆုံးဖြစ်အောင် ဆင်ခြင်သုံးသပ်နိုင်ဖို့တော့ အရေးကြီးတယ်ပေါ့နော်။ အဲ့ဒီစိတ်ခံစားမှု၊ အဲ့ဒီဉာဏ်ကို ရချင်ပါတယ်။ နောက်ဘဝမှာ ညီလေးငယ်နဲ့ ပြန်ဆုံခွင့်ရရင်လည်း ညီအစ်ကို တော်ချင်ပါတယ်။