News

POST TYPE

ENTERTAINMENT

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
19-Sep-2018

“မင်းသမီးအေးမြတ်သူကိုတော့ချစ်တယ်။ ဇာတ်ကားထဲက နေခြည်ဝင့်ထည်ဆိုတဲ့ ကာရိုက်တာကို မုန်းတယ်လို့ ပြောကြတယ်”



နာမည်ကျော်သရုပ်ဆောင် အေးမြတ်သူနဲ့တွေ့ဆုံပြီး ယခုလအတွင်း ရုံတင်ပြသတော့မယ့် “၂၄ နာရီ ၁ ချစ်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ မိုးကောင်းကင်အိပ်မက်ဇာတ်လမ်းတွဲအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “၂၄ နာရီ ၁ ချစ်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ကာရိုက်တာအကြောင်းကနေစပြီး ပြောပြပေးပါဦး။
AMT : ဒီကားက ၂၀၁၅ ခုနှစ်လောက်က ရိုက်ခဲ့တဲ့ ဇာတ်ကားပါ။ ညီမ သရုပ်ဆောင်ရတဲ့ ကာရိုက်တာကတော့ လက်ရှိအပြင်မှာ ညီမဖြစ်နေတဲ့ ပုံစံနဲ့ တူသလောက်ရှိတယ်။ ဒီကားထဲမှာ ညီမရဲ့ကာရိုက်တာက အပျိုကြီးပါ။ သူက ချစ်သူကိုလည်း အရမ်းချစ်တယ်။ ချစ်သူနဲ့ကျတော့ အပြင်မှာလည်း မတွေ့ဖူးဘူး။ နိုင်ငံခြားမှာနေတယ်လို့ပဲ သိထားတယ်။ တစ်ခုခုဆို ရည်းစားကို အရမ်းအမွှမ်းတင်တတ်တယ်။

Voice : ရိုက်ထားတာလည်း သုံးနှစ်လောက်ရှိပြီဆိုတော့ လက်ရှိ ခေတ်ကာလအခြေအနေတွေရဲ့ အံဝင်ခွင်ကျရှိပါ့မလား။
AMT : ဒီဇာတ်ကားက ဟာသကားလေးဖြစ်တဲ့အတွက် အခုချိန်မှာ ပြန်ကြည့်လည်း အဆင်ပြေနေတယ်။ ဒီကားထဲမှာပါတဲ့ ဟာသ Plot လေးတွေကလည်း ရိုးမသွားသေးပါဘူး။ ပြောရရင် ဒီဇာတ်ကားက ညီမ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ခွင့်ရလာဖို့ အစပြုပေးခဲ့တဲ့ ဇာတ်ကားလို့လည်း ပြောလို့ရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ခေါက်ထီးလေး မလုံ့တလုံနဲ့ မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်း ၃၀ ရုပ်ရှင်တွေ ရိုက်ပြီးကတည်းက နောက်ထပ်ရုပ်ရှင်ကားကြီးတွေ မရိုက်ရတော့ဘူး။ ၂၄ နာရီ ၁ ချစ် ရုပ်ရှင်ရိုက်ဖို့လာငှားတော့ အရမ်းလည်းပျော်သွားတယ်။ ကိုယ်ရတဲ့နေရာလေးမှာလည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

Voice : ဒီဇာတ်ကားထဲမှာ မဆုံတာကြာပြီဖြစ်တဲ့ ကိုရာဇာနေဝင်းနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
AMT : ကိုရာဇာကျတော့ ကိုယ့်အစ်ကိုကြီးတစ်ယောက်လိုဖြစ်နေတယ်။ ညီမတို့ မော်ဒယ်လ်ဘဝကတည်းက သင်္ကြန်တွေ၊ ဘာတွေဆို မဏ္ဍပ်တွေမှာခေါ်ပြီး သီချင်း ဆိုခိုင်းတယ်။ အလုပ်ပေးတယ်။ ကိုယ့်အစ်ကိုကြီးနဲ့ ပြန်ဆုံရတာလည်း ပျော်ပါတယ်။ ဒီကားက ဟာသကားဖြစ်တဲ့အတွက် ညီမအတတ်နိုင်ဆုံးတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ သဘာဝကျအောင် သရုပ်ဆောင်ထားတယ်။ ဟာသအက်တင်လုပ်ရတာ ညီမအတွက် နည်းနည်းလည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးဇော်ကလည်း အများကြီးသင်ပေးတာကြောင့် အဆင်ပြေပြေ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Voice : ကိုရာဇာက အက်တင်လုပ်တဲ့အခါမှာ ထူးခြားတယ်လေ။ သူနဲ့ အဆုံခန်းတွေမှာ အပေးအယူမျှဖို့ ကိုယ့်ဘက်က ဘယ်လိုကြိုးစားရလဲ။
AMT : ကိုရာဇာကြီးနဲ့ အဆုံခန်းတွေမှာတော့ အရမ်းလည်း ကြောက်တယ်။ စိတ်လည်းလှုပ်ရှားတယ်။ ကိုရာဇာက Rehearsal မလုပ်ဘူး။ တစ်ခါတည်း တန်းရိုက်တာပါ။ အက်တင်ကိုလည်း သူ့စိတ်ထဲမှာ ပေါ်တဲ့အတိုင်းလုပ်တာဆိုတော့ မှန်းရခက်ပါတယ်။ အပေးအယူဆိုတဲ့ စကားတစ်ခွန်းက ကိုရာဇာနဲ့ဆို အဆင်မပြေတော့ဘူး။ သူဘယ်လိုအက်တင်မျိုး လုပ်မယ်ဆိုတာ ကိုယ်ကမသိဘူးလေ။ တစ်ခါတလေကျရင် ကိုရာဇာက ဗြုန်းစားကြီးထဖက်လိုက်တာတို့၊ ထဆွဲလိုက်တာဆို ကိုယ်က လန့်သွားတယ်။ အက်တင်လုပ်နေရတာကိုလည်း ရပ်လိုက်လို့မရဘူးလေ။ အဲဒါကြောင့် ကိုရာဇာနဲ့ အဆုံခန်းတွေမှာ စိတ်လည်းလှုပ်ရှားတယ်၊ ကြောက်လည်းကြောက်ပါတယ်။

Voice : အပြင်က အပျိုကြီးအေးမြတ်သူကရော ဇာတ်ကားထဲကလိုပဲ ချစ်သူကို အရမ်းအမွှမ်းတင်တတ်တဲ့သူမျိုးလား။
AMT : ညီမရဲ့ အပြင်ကာရိုက်တာနဲ့  ဇာတ်ကားထဲက ကာရိုက်တာက သိပ်မကွာပါဘူး။ ၂၀၁၅ ခုနှစ် လောက်ကတည်းက ရိုက်ထားပေမယ့် ၂၀၁၈ က အေးမြတ်သူပုံစံကို ကြိုမြင်ပြီးတော့ ရိုက်ထားသလားတောင် အောက်မေ့ရတယ်။ ဘယ်ကမှန်းမသိတဲ့ ရည်းစားကို အမွှမ်းတွေတင်ပြီး ချစ်နေတာဆိုတော့လေ။ အဲဒါကြောင့် ဦးဇော်(ဒါရိုက်တာကိုဇော်) က ဒီကာရိုက်တာကို အေးမြတ်သူအတွက် ကြိုပြီးတော့ ရိုက်ပေးထားသလားတောင်ထင်ရပါတယ်။ တစ်ထပ်တည်း ကျပါတယ်။ 

Voice : မိုးကောင်းကင်အိပ်မက် ဇာတ်လမ်းတွဲမှာ ဗီလိန်ကာရိုက်တာ သရုပ်ဆောင်တာ ပီပြင်တယ်လို့ ပရိသတ်တွေက ချီးကျူးကြတာလည်း ရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုခံစားရလဲ။
AMT : တချို့ပရိသတ်တွေကတော့ “မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲထဲက ညီမသရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုကြည့်ပြီး အရမ်းမုန်းဖို့ကောင်းတယ်လို့ပြောတာ ပြန်ကြားရပါတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကျတော့လည်း ချစ်စရာကောင်းတယ်၊ ဒါပေမဲ့ ဒီလိုကာရိုက်တာမျိုး ထပ်မရိုက်စေချင်ဘူးလို့ ပြောကြတယ်။ သူတို့က မင်းသမီးအေးမြတ်သူကိုတော့ ချစ်တယ်။ ဇာတ်ကားထဲက နေခြည်ဝင့်ထည်ဆိုတဲ့ ကာရိုက်တာကို မုန်းတယ်လို့ ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေက ဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်ကြတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

Voice : ဒီလိုမျိုး ခပ်ဆိုးဆိုး ဗီလိန်ကာရိုက်တာကို ဘာကြောင့်ရိုက်ဖြစ်တာလဲ။ ပရိသတ်အမြင်ဆန်းအောင် လုပ်ပြချင်တာလား။
AMT : ဒီလိုခပ်ဆိုးဆိုး ဗီလိန်ကာရိုက်တာကို ရိုက်ဖြစ်တာက ပရိသတ်တွေနဲ့ပိုပြီး ထိတွေ့မှုရချင်လို့ပါ။ တနင်္လာကနေ သောကြာနေ့အထိ၊ ည ခုနစ်နာရီဆို ကိုယ်ချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့နေရပြီလေ။ နေခြည်ဝင့်ထည်ရဲ့ အက်တင်တွေကိုကြည့်ပြီး သူတို့စိတ်ခံစားမှုတွေ အမျိုးမျိုးဖြစ်ရပေမယ့် ဒါဟာ မင်းသမီးအေးမြတ်သူဆိုတာကိုလည်း သူတို့ သိနေတယ်လေ။ ဒီလို ကာရိုက်တာမျိုးက ပုံမှန်ဆိုရင် အေးမြတ်သူရိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေနဲ့  နီးစပ်ချင်လို့ ရိုက်ခဲ့တာပါ။ ကိုယ့်ပရိသတ်တွေနဲ့ နေ့တိုင်းတွေ့ခွင့်ရတယ်လေ။

သန့်ဇင်ဦး