News

POST TYPE

ENTERTAINMENT

အောင်ရဲလင်းနဲ့ တွေ့ဆုံခြင်း
18-Sep-2018

“ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စိန်ခေါ်ရတဲ့ ဇာတ်ရုပ် မျိုးတွေ ပိုရိုက်ချင်တယ်”



နာမည်ကျော်သရုပ်ဆောင် အောင်ရဲလင်းနဲ့ တွေ့ဆုံပြီး ယခုလအတွင်း ရုံတင်ပြသမယ့် “၂၄ နာရီ တစ်ချစ်” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “၂၄ နာရီတစ်ချစ်” ရုပ်ရှင်ဇာတ်ကားမှာ အောင်ရဲလင်းကို ဘယ်လိုဇာတ်ကောင်စရိုက်မျိုးနဲ့  တွေ့ရမလဲ။
AYL : ဒီဇာတ်ကားထဲမှာ ကျွန်တော်က ရပ်ကွက်ထဲက သာမန်လူငယ်ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီကားကို ကျွန်တော်တို့ ရိုက်ခဲ့တာ သုံးနှစ်ခွဲလောက်ရှိပါပြီ။ ဇာတ်လမ်းကတော့ ပုံမှန်ဟာသ ဇာတ်ကားလေးဖြစ်တဲ့အတွက် ရိုက်ထားတာကြာသွားပေမယ့်လည်း လတ်ဆတ်မှုရှိနေတုန်းပါပဲ။ ဖက်ရှင်ပိုင်းအရ ကြည့်ရင်လည်း ကျွန်တော်က ရပ်ကွက်ထဲက ပုံမှန်ကောင်လေးတစ်ယောက်ပုံစံအတိုင်း ဝတ်ထားတာဆိုတော့ ကြည့်ရတာအဆင်ပြေပါတယ်။

Voice : ရိုက်ထားတာလည်း သုံးနှစ်ကျော်လောက်တောင်ရှိပြီဆိုတော့၊ ကိုယ်ပြန်ကြည့်ရတဲ့အခါမှာရော အားရကျေနပ်မှုရှိရဲ့လား။
AYL : ဒီဇာတ်ကားကို ရိုက်ခဲ့တဲ့အချိန်တုန်းကတော့ အားရကျေနပ်မှုရှိပါတယ်။ ကိုယ့်ဘက်ကလုပ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့တာပါပဲ။ တစ်နှစ်ထက်၊ တစ်နှစ်ကတော့ ကိုယ့်အတွက် တိုးတက်မှုရှိအောင် အတတ်နိုင်ဆုံးကြိုးစားပါတယ်။ ၂၀၁၈ က အောင်ရဲလင်း ထက် ၂၀၁၉ မှာမြင်ရမယ့် အောင်ရဲလင်းက ပိုပြီးတော့ ကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားပါတယ်။ ဇာတ်လမ်းရွေးချယ်ရိုက်ကူးမှုတွေကအစ သေချာစိစစ်ပြီးတော့မှ ရိုက်ဖြစ်ပါတယ်။

Voice : အောင်ရဲလင်း ရိုက်ထားပြီး ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာရော ကိုယ်မျှော်လင့်ထားတဲ့ ဇာတ်ကားတွေရှိလား။
AYL : ကျွန်တော် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ နောက်ထပ်ဆယ်ကားလောက်ရုံတင်ဖို့ ကျန်ပါသေးတယ်။ ရိုက်ထားတဲ့ကားတွေထဲမှာ ဆုတောင်း၊ Nightlife In Yangon၊ မှားတဲ့ဘက်ကနေကြည့်ပါ ဇာတ်ကားတွေကတော့ ပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားတွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ရိုက်မယ့်ဇာတ်ကားတွေမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစိန်ခေါ်ရတဲ့ ဇာတ်ရုပ်မျိုးတွေ ပိုရိုက်ချင်တယ်။ မရိုက်ခင်မှာ ကာရိုက်တာအတွက် အသေးစိတ်ပြင်ဆင်ပြီးတော့မှ ရိုက်ရတဲ့ ဇာတ်ကားမျိုးတွေ ရိုက်ချင်ပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြလာတဲ့အတွက် အရင်ကထက်စာရင် ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေက ကိုယ့်ဇာတ်ကားကောင်းအောင် ပိုပြီးကြိုးစားလာကြတာကိုတွေ့ရတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ကျတော့ရော ဘယ်လိုအားစိုက်ထုတ်မှုတွေရှိလဲ။
AYL : ဇာတ်ကားကောင်းဖို့ အပြိုင်အဆိုင်ကြိုးစားလာကြတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အနုပညာလောကအတွက်လည်း တိုးတက်ဖို့အတွက် လမ်းစတစ်ခုပေါ့နော်။ ရိုက်ကူးမှုပုံစံတွေကောင်းလာတာ၊ Presentation ပိုင်းတွေကို ဂရုစိုက်လာတာ၊ ဘတ်ဂျက်သေချာသုံးပြီးရိုက်လာကြတာက ကျွန်တော်တို့ဇာတ်ကားတွေကို အားပေးမယ့် ပရိသတ်တွေအတွက် ကျေနပ်စရာ ပြောင်းလဲမှုတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေအတွက်လည်း ဇာတ်ကားကောင်းကောင်းလေးတွေ ရိုက်ခွင့်ရတယ်။ ပရိသတ်တွေလည်း ဇာတ်ကားကောင်းတွေကြည့်ခွင့်ရတယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိတာပေါ့။

Voice : ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ရိုက်မယ့် “တစ်ခါက ဆတ်သေချောင်း” ရုပ်ရှင်မှာ အောင်ရဲလင်းက ကွန်မြူနစ်စိတ်ဓာတ်လွှမ်းမိုးနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာနော်။ တချို့ ပရိသတ်တွေက ဒီကာရိုက်တာနဲ့ အောင်ရဲလင်းက မလိုက်ဖက်ဘုးလို့ ပြောကြတာတွေ ရှိတဲ့အပေါ်ကိုရော ဘယ်လိုဖြေရှင်းချင်လဲ။
AYL : အဲဒါကတော့ ဇာတ်ကားထွက်လာတဲ့အခါကျရင် အားလုံးသိရမှာပေါ့နော်။ ကျွန်တော်ကတော့ ဒီကာရိုက်တာနဲ့  လိုက်တယ်၊ မလိုက်ဘူးဆိုတာထက်၊ အကောင်းဆုံးကြိုးစားသွားဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ကြိုးစားတဲ့အတွက်ကြောင့် တန်ပြန်တဲ့ တုံ့ပြန်မှုတစ်ခုရမယ်လို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကားမရိုက်ခင်မှာ ကျွန်တော် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ကာရိုက်တာအတွက် လိုအပ်တဲ့အရာတွေကိုလည်း လေ့လာထားပါတယ်။ ရိုက်ကွင်းပေါ်ရောက်ရင်လည်း ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးလုပ်သွားမှာပါ။

Voice : ဖေ့စ်ဘွတ်ခ်မှာ မသေခင် Date လုပ်သွားသင့်တဲ့ အမျိုးသားများဆိုပြီး ပုံတွေတက်လာတော့ အောင်ရဲလင်းလည်းပါနေတာတွေ့ရတယ်။ ကိုယ်တိုင်ရော ဘယ်လိုခံစားမိလဲ။
AYL : ကျွန်တော်က အဲဒီလောက်အထိ ရင်ခုန်စရာမကောင်းပါဘူး။ ကျွန်တော်က စကားပြောရင် ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ Romantic ဖြစ်တာမျိုးတွေ သိပ်မလုပ်တတ်ဘူး။ စကားပြောရင် တည့်ပဲပြောတာများတယ်။ နောက်ပြီး ကျွန်တော်က အေးအေးဆေးဆေးနေချင်တယ်။ စိတ်မာတယ်။ တော်ရုံတန်ရုံကိစ္စမျိုးလောက်ကို မတုန်လှုပ်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ ရင်ခုန်စရာကောင်းတဲ့သူတစ်ယောက်လို့ မမြင်ပါဘူးဗျာ။

သန့်ဇင်ဦး