News

POST TYPE

ENTERTAINMENT

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
31-Aug-2018

“သစ္စာနန်းတော် ဇာတ်ကားလေး ရိုက်တဲ့အချိန်မှာ အစ်ကို့ (ဒွေး) ကို အရမ်းသတိရပါတယ်”

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာ ရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင်စိုးမြတ်သူဇာနဲ့ တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “သစ္စာနန်းတော်” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းနဲ့ ညီအစ်မလေးယောက်ပေါင်းပြီး ပိုးထည်ဆိုင်ဖွင့်မယ့် အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “သစ္စာနန်းတော်” ရုပ်ရှင်မှာ မကြီးသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက် အကြောင်းကနေ စပြီးပြောပြပေးပါဦး။
SMTZ : ဒီဇာတ်ကားထဲမှာ မကြီးက မကောင်းတဲ့မိန်းမအဖြစ် သရုပ်ဆောင် ရတာပေါ့နော်။ အိမ်ထောင်ကွဲသွားတော့ မကြီးက သမီးလေးခေါ်လာတယ်။ ယောကျာ်းကတော့ ကိုရဲအောင်ပေါ့နော်။ သူကတော့ သားလေးကို ခေါ်ထားတယ်ပေါ့။ မကြီးကတော့ ပေပေတေတေနေတဲ့ မိန်းမဆိုတော့ မိန်းမပျက်ဘဝကို ရောက်သွားတယ်။ မြင့်မြတ်ကတော့ အဖေနဲ့နေခဲ့တဲ့အတွက် အရမ်းချမ်းသာတယ်။ စည်းစနစ်တကျ သူ့ဘဝကို ကြီးပြင်းလာခဲ့တယ်။ ဇာတ်လမ်းကတော့ အဲဒီလိုပုံစံမျိုးလေးပါ။

Voice :ဇာတ်ကားနာမည်ကို “သစ္စာနန်းတော်”လို့ ပေးဖြစ်တာကရော ဘာကြောင့်ဖြစ်မလဲ။
SMTZ : ဒီဇာတ်ကားက ကျတော့ သစ္စာတရားအကြောင်းကို ပေါ်လွင်အောင်ရိုက်ပြတဲ့ ဇာတ်လမ်းမျိုးပေါ့။ ဒီကားလေးက မကြီး အမေရိကနေ မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ပထမဆုံးပြန်ရိုက်တဲ့ဇာတ်ကားပါ။ အဲဒီကားကိုရိုက်ခဲ့တဲ့ ဒါရိုက်တာက ကိုသားကြီး (ဒွေး) ပါ။ ဒီဇာတ် ကားလေးကို မကြီးက အမြဲတမ်းသတိရနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ။ အစ်ကိုဆုံးတာ ဆယ့်တစ်နှစ်ပြည့်တဲ့အချိန်မှာ ဒီဇာတ်ကားလေးကို မြင့်မြတ်နဲ့ ပြန်ရိုက်မယ်လို့ သိရတယ်။ ဒီဇာတ်ကားလေးက မြင့်မြတ်နဲ့လည်း လိုက်ပါတယ်။

Voice : ဒီဇာတ်ကားက အရင်တုန်းက ရိုက်ခဲ့ဖူးတာရှိပေမယ့် အခုပြန်ရိုက်တဲ့အချိန်မှာ ဇာတ်သိမ်းတော့ မတူဘူးလို့  ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောတယ်။
SMTZ : အရင်ရိုက်ခဲ့တဲ့ဇာတ်ကားမှာလည်း မကြီးက ကိုသားကြီးနဲ့ သားအမိအဖြစ် သရုပ်ဆောင်ရတာပါ။ အဲဒီတုန်းကကျတော့ ကိုသားကြီးက ဆရာမလွန်းထားထားရဲ့ဝတ္ထုကို အခြေခံပြီး ၅၂၈ မေတ္တာအကြောင်း ကို ဇောင်းပေးပြီး ရိုက်ခဲ့တာပါ။ အမေရယ်၊ သားရယ်၊ ညီမလေးရယ်ပေါ့နော်။ ဦးဝင်းထွန်းထွန်း ရိုက်တာကတော့ ၁၅၀၀ အချစ်ဘက်ကို အခြေခံတယ်။ မြင့်မြတ်နဲ့ရွှေမှုံရတီရဲ့အကြောင်းကို ရိုက်တာပေါ့။ အဲဒီအထဲမှာမှ မကြီးတို့တွေက တစ်ထောင့်တစ်နေရာကနေ ဝင်ပါရတာပေါ့။ ဟိုတုန်းက ရိုက်တုန်းကတော့ ကိုသားကြီးကသား၊ မအူဝဲကတော့ မကြီးရဲ့ သမီးလေးနေရာက သရုပ်ဆောင်ခဲ့ပါတယ်။ 

Voice : အရင်တုန်းက ရိုက်ခဲ့တဲ့ဇာတ်ကားမှာရော၊ အခုပြန်ရိုက်တဲ့ ကားမှာပါ ကိုယ့်နေရာကတော့ အပြောင်းအလဲမရှိဘူးဆိုပေမယ့် အက်တင်ကို ဘယ်လိုမတူအောင်ပြသွားမလဲ။
SMTZ : ဒါကတော့ မကြီးတို့က ဇာတ်လမ်းတစ်ခုကို Version အမျိုးမျိုးနဲ့ ရိုက်တဲ့သဘောပါပဲ။ ရိုက်တဲ့ ရှုထောင့်တွေကတော့ မတူဘူးပေါ့နော်။ အခုပြန်ရိုက်တဲ့ ဇာတ်ကားကတော့ ဆရာမလွန်းထားထားရဲ့ ဝတ္ထုအတိုင်း ရိုက်တာပေါ့။ ကိုသားကြီးရိုက်ခဲ့တုန်းကတော့ ၅၂၈ ဘက်ကို ဇောင်းပေးပြီး ရိုက်ပြတာပေါ့။ အစ်ခု မြင့်မြတ်နဲ့ရိုက်တဲ့ အချိန်မှာတော့ မကြီးအက်တင်ကို နောက်တစ်မျိုးလုပ်ရမှာပေါ့နော်။ ဒီကားမှာ မကြီးရဲ့ အခန်းတွေက အများကြီးတော့ မပါပါဘူး။ သစ္စာနန်းတော် ဇာတ်ကားလေးရိုက်တဲ့အချိန်မှာ အစ်ကို့ (ဒွေး) ကို အရမ်းသတိရပါတယ်။ 

Voice : မကြီးတို့ ညီအစ်မလေးယောက်ပေါင်းပြီး ပိုးထည်ဆိုင်ဖွင့်ဖို့ လုပ်နေတယ်လို့ သိရတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
SMTZ : ပိုးထည်ဆိုင်ဖွင့်ဖို့ကတော့မကြီးရဲ စိတ်ကူးမဟုတ်ပါဘူး။ မကြီးလုပ်ဖို့ ရည်ရွယ်ထားတဲ့ဟာလည်း မဟုတ်ပါဘူး။ အသက်၅၀ ကျရင် မကြီးလုပ်ချင်တာတစ်ခုရှိတယ်လို့ ပြောဖူးပါတယ်။ အဲဒါလည်း မဟုတ်ပါဘူး။ ပိုးထည်ဆိုင်ကတော့ ညီမတွေကလုပ်မယ်ဆိုတာနဲ့  မကြီးလည်း ဝိုင်းဝန်းကူညီရတာပေါ့နော်။ ဆိုင်ဖွင့်ဖို့ကတော့ ဒါဒါဦးဆောင်ပြီး လုပ်နေပါတယ်။ မကြီးကတော့ ကားရိုက်တစ်ဖက်နဲ့ဆိုတော့ သိပ်မကူညီနိုင်သေးဘူး။ ညီမတွေကတော့ ဘန်ကောက်သွားပြီး ဒီဇိုင်းတွေ သွားကြည့်မယ်လို့ ပြောတယ်။ မကြီးကတော့ မလိုက်နိုင်သေးဘူး။

Voice : မင်းသမီးတွေ ဖွင့်တဲ့ဆိုင်ဆိုတော့ ဝန်ဆောင်မှုပေးတဲ့ အပိုင်းမှာရော ဘယ်လိုထူးခြားမှုတွေ ရှိမလဲ။
SMTZ : မကြီးကတော့ ညီမတွေကို ပြောထားတာတစ်ခုရှိတယ်။ ငါကတော့ ဈေးအရမ်းကြီးတဲ့ဟာမျိုးတွေ မလုပ်ချင်ဘူးလို့ ။ ဈေးကြီးတာတွေလည်း ပါကောင်းပါမှာပေါ့လေ။ များသောအားဖြင့် လူလတ်တန်းစားတွေဝတ်လို့ရတဲ့ ဟာမျိုးတွေကို ဦးစားပေးပြီးတင်ချင်တယ်။မကြီးကိုယ်တိုင်ကလည်း အဲ့ဒီလိုဟာမျိုးတွေပဲ ဝတ်လေ့ဝတ်ထရှိတယ်။ ပွဲနေပွဲထိုင် ဟာမျိုးတွေကတော့ မကြီးတို့အတွက် ဝတ်တာသိပ်ရှားပါတယ်။ အမြဲတမ်းဝတ်လို့ရတဲ့ ထသွားထလာလည်းဝတ်လို့ရတဲ့ အစမျိုးတွေ ပိုဦးစားပေးပြီးတင်ဖို့မကြီးက ဒါဒါ့ကို ပြောထားပါတယ်။ ဒီဇိုင်းလေးတွေကတော့ မင်းသမီးတွေ ဖွင့်တဲ့ဆိုင်ဆိုတော့ သူများနဲ့တော့ တူမယ်မထင်ဘူး။ လှမယ်ထင်တာပဲ။ ဆိုင်နေရာကတော အင်းလျားမြိုင်ထဲမှာပဲ။ သီတင်းမကျွတ်ခင်ဖွင့်မယ်လို့တော့ ပြောတယ်။ 

သန့်ဇင်ဦး