News

POST TYPE

ENTERTAINMENT

သုံးယောက်တွဲ စီးရီးတစ်ခွေ ထွက်ဖို့ ရှိတယ်ဆိုတဲ့ အိချောပို
25-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၄

ကိုယ်တိုင်ကလည်း သီချင်းဆိုရတာကို ဝါသနာ ပါသလို၊ အမာခံ ပရိသတ်တွေကလည်း ဆိုစေချင်တဲ့အတွက် သုံးယောက်တွဲ စီးရီး တစ်ခွေ ထွက်ရှိနိုင်ဖို့ အတွက် စတင် ကြိုးစားနေပါတယ်လို့ သရုပ်ဆောင် အိချောပိုက The Voice ကို ပြောကြားပါတယ်။

''စီးရီးထွက်ဖို့က ညီမ စပြီး ကြိုးစားနေပါပြီ။ စီးရီးမှာတော့ အိချောရဲ့ ညီမလေး တစ်ယောက်ရယ်၊ သူငယ်ချင်း တစ်ယောက်ရယ် ပါပါတယ်။ တစ်ယောက်တည်းဆိုမယ့် သီချင်းတွေ ပါသလို၊ အဖွဲ့လိုက်ဆိုမယ် သီချင်းတွေလည်း ပါဝင်ပါမယ်။ အခု သီချင်းတွေကို စပြီးပြင်ဆင်နေပါပြီ''လို့ ယင်းစီးရီးနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ကိုယ်လက်ရှိ လုပ်နေတာက သရုပ်ဆောင်အလုပ် ဖြစ်တာကြောင့် ဂီတဘက်မှာတော့ သိပ်ပြီး ပိုင်နိုင်ကျွမ်းကျင်မှု မရှိတဲ့အတွက် လေ့လာစရာတွေတော့ အများကြီး ရှိနေသေးပြီး၊ စီးရီးကို အဓိက လုပ်ဖြစ်တာကတော့ ကိုယ့်အတွက်ရော၊ ပရိသတ်တွေအတွက်ပါ ဘဝမှာ အမှတ်တရတစ်ခု အနေနဲ့ ကျန်ခဲ့စေဖို့ ရည်ရွယ်တာဖြစ်ကြောင်း အိချောပိုက ပြောကြားပါတယ်။

''အိချောက သီချင်း နားထောင်ရတာ ကြိုက်တယ်။ သီချင်းဆိုတာကတော့ သင်္ကြန်မှာ ဆိုဖြစ်တယ်။ တချို့ နယ်ရှိုးတွေ လာပြောလို့ အားရင် လိုက်ဆိုဖြစ်တယ်။ အဆိုတော်တွေလိုတော့ အရမ်းကြီး အဆိုကောင်းတဲ့သူ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု တစ်ခုပေးတဲ့ အနေနဲ့ ဆိုဖြစ်တာပါ။ ဂီတနဲ့ ပတ်သက်ပြီး အများကြီး လေ့လာရဦးမှာပါ''လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ဒါရိုက်တာသားညီ၊ သရုပ်ဆောင် မြတ်သူကျော်တို့နဲ့ ပခြုပ်ထဲက မြွေ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေပြီး၊ သြဂုတ်လ ၁ ရက်နေ့မှာတော့ ပုပ္ပါးမှာ ဒါရိုက်တာ စတီးလ်၊ သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းထွန်းတို့နဲ့ ပွဲခံမယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးဖို့ရှိကြောင်း အိချောပိုက ပြောကြားပါတယ်။

  • VIA