News

POST TYPE

ENTERTAINMENT

မေမြင့်မိုရ်နဲ့ တွေ့ဆုံခြင်း
29-Aug-2018 tagged as အနုပညာ

“ “စု” ကကျတော့ အချစ်ကို တန်ဖိုးမထားဘဲနဲ့ ယောကျာ်းလေးတွေအသည်းကို ခွဲတာပေါ့နော်။ မိုးပန်းပွင့်ကကျတော့ အချစ်ကြီးတာပေါ့” 



သရုပ်ဆောင် မေမြင့်မိုရ်နဲ့ တွေ့ ဆုံပြီး စက်တင်ဘာလအတွင်း ရုံတင်ပြသတော့မယ့် “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့  ဇာတ်လမ်းတွဲ ရိုက်ကူးမှုအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : စက်တင်ဘာလထဲမှာ ရုံတင်ပြသတော့မယ့် “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကား အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
MMM : အဲ့ဒီကားလေးကလေ ညီမတို့  ရိုက်ထားတာ သုံးနှစ်လောက်ရှိပြီဆိုတော့ နည်းနည်းလေးတော့ ကြာပြီ။ ညီမရဲ့ ပထမဆုံး ခေါင်းဆောင်အနေနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်က ဒီကားအတွက် လွန်ခဲ့တဲ့ ငါးနှစ် လောက်ကတည်းက သေချာပြင်ဆင်ထားခဲ့တာပါ။ ညီမတို့အတွက်ဆိုလည်း သရုပ်ဆောင်ရတာ စိတ်ဖိစီးမှုလေးတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ကားမှာ ပါဝင်တဲ့ ဝါရင့် သရုပ်ဆောင်ကြီးတွေကလည်း လက်တွဲခေါ်ကြတယ်။ ဒါရိုက်တာကိုပေါက်ကလည်း သေချာသင်ပေးတဲ့အတွက် အဆင်ပြေသွားခဲ့ပါတယ်။

Voice : ဒီဇာတ်ကားထဲမှာ မေမြင့်မိုရ်ရဲ့ ဇာတ်ကောင်စရိုက်က ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
MMM : ဒီဇာတ်ကားထဲမှာတော့ မိုးပန်းပွင့်ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ အဖေကကျတော့ နိုင်ငံရေးသမား။ အမေကကျတော့ အဖေ နိုင်ငံရေးလုပ်တာကို မကြိုက်ဘူး။ အမေကိုယ်တိုင်ကကျတော့ သမီးကိုလည်း ဂရုမစိုက်နိုင်ဘူး။ စီးပွားရေးဘက်ကို အလေးထားတာပေါ့နော်။ နောက်ပိုင်း အဖေနဲ့  အမေကကွဲသွားတယ်။ မိုးပန်းပွင့်က ငယ်ငယ်လေးကတည်းက အဖေရဲ့မေတ္တာလည်းမရဘူး။ အမေ့ရဲ့ မေတ္တာလည်း မရဘူးပေါ့။ အဲဒီလိုပုံစံမျိုးလေးပါ။

Voice : မိဘမေတ္တာကို ငတ်နေတဲ့ ကောင်မလေးဆိုတော့ အရိပ် ဇာတ်လမ်းတွဲထဲက “စု” နဲ့တော့ ဆင်တူမှာပေါ့။
MMM : မိုးပန်းပွင့်ကတော့ မိဘမေတ္တာမရတဲ့အပြင် ချစ်သူထားတော့လည်း အရမ်းချုပ်ချယ်တယ်။ ချုပ်ကိုင်တယ်၊ သဝန်တိုတယ်ပေါ့။ ချစ်သူကတောင် သူ့ရဲ့အချစ်တွေကို မခံနိုင်ဘူးပေါ့နော်။ နောက်ပိုင်းကျတော့ ဆိုက်ကို နည်းနည်းဆန်တဲ့ ကောင်မလေးဖြစ်သွားတာပေါ့။ ဒီဇာတ်ကားမှာလည်း ညီမရဲ့ မိဘတွေနေရာက ဦးရန်လေးနဲ့ အန်တီစိုးကြီး (စိုးမြတ်သူဇာ) တို့ပဲ သရုပ်ဆောင်ထားတာပါ။ အရိပ်ဇာတ်လမ်းတွဲတုန်းက မိသားစုတွေ “မိုးပန်းပွင့်ရဲ့ သင်္ကေတ”မှာလည်း ပြန်တွေ့ကြတာပေါ့။

Voice : မိုးပန်းပွင့် ရဲ့ ကာရိုက်တာနဲ့  “စု” ရဲ့ ကာရိုက်တာမှာ ကွဲပြားတဲ့ ချက်တွေက ဘာတွေ ဖြစ်မလဲ။
MMM : ဒီဇာတ်ကောင်နှစ်ခုက နည်းနည်းလေးတော့ဆင်တယ်။ ဒါပေမဲ့ “စု” ကကျတော့ အချစ်ကိုတန်ဖိုးမထားဘဲနဲ့ ယောကျာ်းလေးတွေ အသည်းကိုခွဲတာပေါ့နော်။ မိုးပန်းပွင့်ကကျတော့ အချစ်ကြီးတာပေါ့။ သူ မရခဲ့တဲ့အချစ်အတွက် သူများတွေအပေါ်ကို အချစ်ကြီးတာပေါ့။ အရမ်းတွေချုပ်ကိုင်ချင်တာပေါ့။ဒီဇာတ်ကားမှာလည်း ဆိုက်ကိုဖောက်တဲ့ အခန်းတွေ ပါတယ်ဆိုပေမယ့် ယဉ်ယဉ်လေးပါပဲ။ အရမ်းကြီးလုပ်ပြစရာတော့ မလိုပါဘူး။

Voice : ကိုယ်ခေါင်းဆောင်အနေနဲ့  ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဆိုတော့ ဘယ်လောက်အထိ ရင်ခုန်မှုရှိလဲ။
MMM : ဒီဇာတ်ကားအတွက် အရမ်းရင်ခုန်ပါတယ်။ ကိုယ့်ဟာကိုယ် ဇာတ်ကားနမူနာပြန်ကြည့်တာတောင် ရင်တွေခုန်နေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရိုက်ထားတာဆိုတော့ မိတ်ကပ်အပြင်အဆင်ကအစ အခုခေတ်နဲ့တော့ နည်းနည်းလေး ပြောင်းသွားတာပေါ့နော်။ ညီမဘက်ကတော့ ဇာတ်ဝင်ခန်းတိုင်းကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ အမှတ်တရရှိတဲ့ ဇာတ်ဝင်ခန်းဆိုရင်တော့ ကျောင်းသူ၊ ကျောင်းသားဘဝမှာ မိုးယွန်းကြီးအင်းကို ပျော်ပွဲစားထွက်တဲ့အခန်းပေါ့။ မနက်လေးနာရီလောက်ကနေ ညနေပိုင်းအထိ မိုးယွန်းကြီးအင်းထဲမှာ လှေစီးပြီး ရိုက်ခဲ့ရတာတော့ အမှတ်တရပါပဲ။ 

Voice : ဒီဇာတ်ကားမှာ ရွှေဝါရောင်အရေးအခင်းအကြောင်းလည်း ပါတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
MMM : ရွှေဝါရောင်အရေးအခင်းကတော့ ညီမတို့နိုင်ငံရဲ့သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပေါ့နော်။ အဲ့ဒီ ဇာတ်ဝင်ခန်းတွေမှာ ညီမကိုယ်တိုင်တော့ မပါပါဘူး။ အဖေကလည်း နိုင်ငံရေးသမားဖြစ်တယ်။ ကိုယ့်ချစ်သူကပါ နိုင်ငံရေးကို စိတ်ဝင်စားတဲ့အတွက် ကိုယ့်အဖေလိုဖြစ်မှာစိုးလို့  နိုင်ငံရေးမလုပ်စေချင်ဘူးပေါ့နော်။ ရွှေဝါရောင် အရေးအခင်းဖြစ်တဲ့ အချိန်တုန်းကတော့ ညီမ ခုနစ်တန်းလောက်ရှိနေပါပြီ။ ဒီဇာတ်ကားမှာတော့ ရွှေဝါရောင် အရေးအခင်းအကြောင်းက Plot တစ်ခုအနေနဲ့ ပါမှာပေါ့။

Voice : အောင်မင်းခန့်နဲ့  ဇာတ်လမ်းတွဲရိုက်မယ်လို့  ပြောထားဖူးတယ်နော်။ ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။
MMM : ဇာတ်လမ်းတွဲကတော့ရိုက်ဖို့  ပြောထားတာ နှစ်ခုလောက်ရှိပါတယ်။ ဘယ်ဟာအရင်ရိုက်ဖြစ်မလဲတော့ မသိသေးဘူး။ ရိုက်ဖြစ်တယ်ဆိုရင်တောင်မှ ၂၀၁၉ ခုနှစ်ထဲမှာမှ ညီမ ရိုက်ဖြစ်မယ်။ ဒီနှစ်ထဲမှာတော့ ရုပ်ရှင်ကားကြီးတွေပဲ ရိုက်ဖို့ လက်ခံထားတယ်။ လောလောဆယ်မှာ ဒါရိုက်တာဦးစတီးလ်နဲ့  “တိုင်စာ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ နောက်ထပ် ရိုက်ဖို့ ပြောထားတာလည်း နှစ်ကားလောက်တော့ ရှိတယ်။ ပုဂံမြို့သူ ဇာတ်လမ်းတွဲလည်း အောက်တိုဘာလထဲမှာ လွှင့်တော့မယ်လို့ သိရပါတယ်။

သန့်ဇင်ဦး