News

POST TYPE

ENTERTAINMENT

“အဆိုတော်တွေနေတဲ့ရွာ” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တေးသံရှင်မြန်မာပြည်သိန်းတန်၊ နုနန္ဒာသန်းတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခြင်း
21-Aug-2018 tagged as အနုပညာ



“ဖက်ရှင်နဲ့ ယှဉ်ရင် အဆိုတော်တွေနေတဲ့ရွာ ဇာတ်ကားရဲ့ ဇာတ်အိမ်လေးကို အန်ကယ်ပိုကြိုက်တယ်” - မြန်မာပြည်သိန်းတန်
 
“ဒီကားထဲမှာ အစ်ကိုနဲ့ အန်တီက ငယ်ရည်းစားတွေပေါ့နော်” - နုနန္ဒာသန်း 

အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ဩဂုတ်လ ၂၄ ရက်နေ့ကနေစပြီး ရုံတင်ပြသတော့မယ့် “အဆိုတော်တွေနေတဲ့ရွာ” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တေးသံရှင်မြန်မာပြည်သိန်းတန်၊ နုနန္ဒာသန်းတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအမှတ်တရများနဲ့ Myanmar Idol Season 3 ပြိုင်ပွဲအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “အဆိုတော်တွေ နေတဲ့ရွာ” ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့ပုံကနေ စပြီး ပြောပြပေးပါဦး။
MPTT : အဲ့ဒီအချိန်တုန်းက Myanmar Idol Season 2 ရိုက်နေတုန်းအချိန်ပေါ့။ အောင်သီရိ ထုတ်လုပ်ရေးကနေ “အဆိုတော်တွေနေတဲ့ရွာ” ရုပ်ရှင်မှာ ပါဝင်ဖို့ကမ်းလှမ်းလာတယ်။ ဇာတ်လမ်းလေးကို ဖတ်ကြည့်တော့လည်း ကိုယ့်ရဲ့ဂီတအလုပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။ ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကလည်း ကိုယ်နဲ့ နီးစပ်မှုရှိတာကြောင့်ပါ။

Voice : ဒီဇာတ်ကားထဲမှာလည်း အန်ကယ်နဲ့ အန်တီက ငယ်ရည်းစားတွေအဖြစ် သရုပ်ဆောင်ထားကြတာနော်။
NNT : ဒီကားထဲမှာ အစ်ကိုနဲ့အန်တီက ငယ်ရည်းစားတွေပေါ့နော်။ နှစ်ယောက်လုံး အိမ်ထောင်တွေ၊ ဘာတွေကျပြီး၊ ကလေးတွေဘာတွေရပြီးတော့မှ ပြန်တွေ့ကြတာပေါ့။ နှစ်ယောက်လုံးရဲ့ အိမ်ထောင်ဖက်တွေကလည်း မရှိကြတော့ဘူးပေါ့နော်။ သားသမီးတွေက သဘောမတူကြတဲ့အတွက် ခိုးပြေးဖို့လုပ်ကြတာပေါ့။ ရယ်စရာ ဟာသဇာတ်ကားလေးပါပဲ။

Voice : ဒီဇာတ်ကားထဲမှာ ကိုဒိန်းဒေါင်က အန်ကယ်တို့နှစ်ယောက်ကို ဟာသအနေနဲ့  နာမည်ပြောင်တွေပေးတဲ့အပေါ်ကိုရော ဘယ်လိုခံစားမှုရှိလဲ။
MPTT : အန်ကယ့်ကိုတော့ မောင်ဒိန်းဒေါင်က ပုတ်သင်ညိုမီးဖုတ်ထားတဲ့ရုပ်လို့ ပြောတာပေါ့နော်။ အန်ကယ်လည်း ကြားပါတယ်။ ဒါက ရယ်စရာဟာသကားလေးဆိုတော့ သူလည်း ပရိသတ်တွေပွဲကျအောင်ပြောတာပါ။ သူ့ရဲ့ ဟာသရသလေး မြောက်တာပေါ့လေ။ အန်ကယ် လက်ခံနိုင်ပါတယ်။ ဟာသကားဆိုတော့ ရယ်စရာဖြစ်မယ့်ဟာလေးတွေပြောတာ ကောင်းပါတယ်။ 
NNT : အဲဒါတွေကို ရယ်စရာပြောတယ်လို့ပဲ ယူဆပါတယ်။ ပုပ္ပါးမယ်တော်က ဘယ်လိုမှန်းလဲ ကျွန်မမသိပါဘူး။ ဒီဇာတ်ကားလေးက ဟာသကားလေးလေ။ အဲဒါကြောင့် ရယ်စရာအနေနဲ့ ပြောတာကို ဘယ်လိုမှ သဘောမထားပါဘူး။ ကိုယ်တိုင်တောင် ဇာတ်ကားကြည့်ပြီး ပါးစပ်မစေ့အောင် ရယ်နေမိပါတယ်။ ရိုက်ကွင်းပေါ်မှာဆိုလည်း ခင်လှိုင်တို့၊ ဒိန်းဒေါင်တို့ကြောင့် ပျော်ခဲ့ရပါတယ်။ 

Voice : ရှေ့မှာ ရိုက်ခဲ့တဲ့ “ဖက်ရှင်” ရုပ်ရှင်ကားနဲ့ အခုရုံတင်တော့မယ့် “အဆိုတော်တွေ နေတဲ့ရွာ” ရုပ်ရှင်မှာ ဘယ်ဇာတ်ကားကို ပိုပြီးတော့အားရလဲ။
MPTT : ဖက်ရှင်နဲ့ယှဉ်ရင် အဆိုတော်တွေနေတဲ့ရွာ ဇာတ်ကားရဲ့ ဇာတ်အိမ်လေးကို အန်ကယ်ပိုကြိုက်တယ်။ အစ၊ အလယ်၊ အဆုံး ဇာတ်လမ်းဆင်ထားတာလေးတွေ ပိုကြိုက်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရတာကို ပိုပြီးတော့ နှစ်သက်ပါတယ်။ အခန်းတွေလည်း များတယ်။ အဓိကကျတဲ့ နေရာကနေလည်း ပါဝင်ရတာဆိုတော့ ပိုပြီးအားရပါတယ်။

Voice : ဒီဇာတ်ကားမှာ အမှတ်တရရှိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေဆိုရင်ရော ဘယ်အခန်းတွေဖြစ်မလဲ။
NNT : အကြိုက်ဆုံးအခန်းကတော့ ရေကန်လေးဘေးမှာ နှစ်ယောက်ထိုင်ပြီးတော့ စကားပြောတဲ့ အခန်းလေးပါ။ သားသမီးတွေကလည်း သဘောမတူဘူးဆိုတော့ ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုပြီး တိုင်ပင်ကြတာပေါ့နော်။ အဲဒီအခန်းလေး ရိုက်တုန်းက ရင်ထဲမှာကြည်နူးတယ်၊ တကယ်လည်း ရင်ခုန်ခဲ့ပါတယ်။ အရင်တုန်းက အချိန်လေးတွေကို ပြန်သတိရသွားတာပေါ့နော်။ တခြားဇာတ်ဝင်ခန်းတွေထဲမှာလည်း သဘောကျတဲ့ အခန်းလေးတွေရှိပါတယ်။

Voice : Myanmar Idol Season 3 မှာ ဖြိုးမြတ်အောင် Winner ဖြစ်ခဲ့တဲ့အပေါ်ကိုရော ဒိုင်တစ်ယောက်အနေနဲ့ အန်ကယ်ကျေနပ်အားရမှုရှိလား။
MPTT : ဒီပြိုင်ပွဲအတွက် မြို့ကြီးငါးမြို့ကို လှည့်လည်ပြီး အဆိုကောင်းတဲ့ ကလေးတွေကို အန်ကယ်တို့ ရွေးကြတယ်။ ပုသိမ်မှာလုပ်တဲ့ Judges Audition မှာ ဖြိုးမြတ်အောင်က ဂစ်တာလေးတစ်လုံးနဲ့ လာပြိုင်ကတည်းက သူ့ရဲ့ အရည်အချင်းလေးကို အန်ကယ့်ခေါင်းထဲမှာ သိမ်းထားလိုက်တယ်။ သူ့မှာ အသံ၊ အကြီး၊ အလတ်၊ အသေး အပြည့်အစုံပါတယ်။ သီချင်းဆိုတဲ့အခါမှာ သီချင်းထဲမှာစီးမျောပြီးတော့ အားလုံးကို မေ့လျော့ထားပြီး အကောင်းဆုံးဖြစ်အောင်ဆိုတာကို တွေ့ရတယ်။ ဒါဟာ အဆိုတော်တွေရဲ့ အရည်အချင်းတွေထဲမှာ မပါမဖြစ်ပါတဲ့ အချက်ပါပဲ။

သန့်ဇင်ဦး