News

POST TYPE

ENTERTAINMENT

မီမီဝင်းဖေနဲ့ တွေ့ဆုံခြင်း
13-Aug-2018 tagged as အနုပညာ

“ဒီပွဲ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ကိုယ့်ရဲ့ကံပေါ့နော်”



ဂီတသက်တမ်း နှစ်သုံးဆယ်ကျော်အတွင်း ပထမဆုံး One Lady Show ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်မှာ ပြုလုပ်သွားမယ့် တေးသံရှင် မီမီဝင်းဖေနဲ့ တွေ့ဆုံပြီး ပွဲအတွက် ပြင်ဆင်ထားမှုအပိုင်းများ၊ ပွဲမှာသီဆိုမယ့် သီချင်းတွေအကြောင်းနဲ့ One Lady Show အတွက် ရင်ခုန်မှုတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မမီရဲ့ ဂီတသက်တမ်း နှစ်သုံးဆယ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် One Lady Show အကြောင်းကနေစပြီး ပြောပြပေးပါဦး။
MMWP : မမီက စတိတ်စင်ပေါ်မှာ ဆိုရတာကို ၁၂ အားသန်တဲ့သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘာသာ အေးအေးဆေးဆေး စတူဒီယိုမှာ အသံသွင်းပြီး သီချင်းဆိုရတာကို အားသန်တဲ့သူမျိုးပါ။ တစ်ခါတလေကျရင် ပရိသတ်နဲ့ ထိတွေ့ဖို့ဆိုတယ်ဆိုရင်လည်း ကိုယ်တာဝန်ရှိတဲ့ သီချင်းသုံးလေး၊ ငါးပုဒ်လောက်ကိုပဲဆိုတဲ့ အဆိုတော်မျိုးပါ။ အခုချိန်မှာမှ One Lady Show လုပ်ဖြစ်တာကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အနေအထားလေးတွေရှိလို့ လုပ်ဖြစ်သွားတာပါ။ မမီရဲ့ ဂီတသက်တမ်း အနှစ် ၃၀ ကျော်မှာ ပထမဆုံး လုပ်ဖြစ်တဲ့ပွဲပါ။ 

Voice : ကိုယ့်ရဲ့ ပထမဆုံး One Lady Show လည်း ဖြစ်တာဆိုတော့ မလုပ်ခင်မှာရော ဘာတွေကို ကြိုပြီးစဉ်းစားခဲ့သေးလဲ။ ဘယ်လောက်အထိ ရင်ခုန်မှုရှိလဲ။
MMWP : ဒီပွဲမလုပ်ခင်မှာ မမီစဉ်းစားခဲ့တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဆိုတော်တိုင်းကတော့ ကိုယ့်ပရိသတ်တွေကို သီချင်းတွေအများကြီး ဆိုပြချင်ပါတယ်။ အဲဒါကတော့ အဆိုတော်တိုင်းဖြစ်တဲ့စိတ်ပါ။ ဒီပွဲအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ကိုယ့်ရဲ့ကံပေါ့နော်။ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေး ဆုံရမှာ ဖြစ်တဲ့အတွက်တော့ ဝမ်းလည်းသာတယ်။ ရင်လည်းခုန်တယ်။ ပျော်လည်း ပျော်ပါတယ်။

Voice : မမီမှာက ပရိသတ်သိပြီး အောင်မြင်ခဲ့တဲ့ သီချင်းကောင်းတွေ အများကြီးရှိတယ်လေ။ ဒီပွဲအတွက်ရော သီချင်းတွေကို ဘယ်လို စိစစ်ရွေးချယ်ထားလဲ။
MMWP : မမီ ဖြတ်သန်းခဲ့တဲ့ ဂီတသမား ဘဝတစ်လျှောက်လုံးမှာ ဆရာ စိုင်းခမ်းလိတ်တို့၊ ဦးထီး (စိုင်းထီးဆိုင်) တို့ရဲ့  သီချင်းပုံစံတွေနဲ့ ဖြတ်သန်းခဲ့တာ တွေရှိပါတယ်။ နောက်ပြီး ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုခင်မောင်တိုးတို့ရဲ့  မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ ဖြတ်သန်းခဲ့တဲ့ ကဏ္ဍလည်းရှိပါတယ်။ နောက်ပြီး မမီ ရုပ်ရှင်သီချင်း တော်တော်များများလည်း ဆိုခဲ့ဖူးပါတယ်။ တခြားတေးရေးဆရာကြီးတွေ ရေးပေးခဲ့တဲ့ သီချင်းတွေလည်း မမီဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်းတွေထဲက ကိုယ်တိုင်ရော၊ ပရိသတ်တွေပါ နှစ်သက်တဲ့သီချင်းတွေကို မမီပြန်ရွေးထားပါတယ်။ သီချင်းအားလုံးပေါင်း ၂၄ ပုဒ် စီစဉ်ထားပါတယ်။

Voice : တစ်ကိုယ်တော် သီဆိုမှုအပြင် တခြားအဆိုတော်တွေနဲ့ရော စုံတွဲသီချင်းတွေ ပါဝင်ဦးမလား။
MMWP : မမီက စုံတွဲသီချင်းတွေလည်း အများကြီးဆိုခဲ့ဖူးပါတယ်။ ကိုစံလင်းနဲ့ဆိုလည်း စုံတွဲသီချင်းတွေ ဆိုခဲ့ဖူးပါတယ်။ မမီရဲ့ပွဲမှာ စုံတွဲသီချင်းလေးတွေ လာဆိုပေးဖို့ ကိုစံလင်းကိုလည်း ဖိတ်ထားပါတယ်။ နောက်ပြီး ကိုခင်မောင်တိုးတို့၊ ကိုထီး (စိုင်းထီးဆိုင်) တို့နဲ့ ဆိုခဲ့တဲ့ စုံတွဲသီချင်းတွေလည်း မဖြစ်မနေဆိုပါမယ်။ တို့ရဲ့ချစ်သူများနေ့ စီးရီးထဲက နောက်ဆုံး မင်းရဲ့ရင်ခွင်ဆီသီချင်းကိုတော့ ဒီဘက်ခေတ်က ကလေးတစ်ယောက်နဲ့ စုံတွဲလေး ပြန်ဆိုပါမယ်။ 

Voice : ကိုယ့်ရဲ့ ပထမဆုံး One Lady Show လည်း ဖြစ်နေတော့ ဘယ်လောက်အထိ အောင်မြင်မှုရဖို့ မျှော်လင့်ထားလဲ။
MMWP : ကျွန်မကလေ စတိတ်ရှိုးဆိုရတာကို အားသန်တဲ့သူမဟုတ်တော့ရှိုးမှာ ဆွဲဆောင်နိုင်မှုနည်းတယ်လို့ ရိုးရိုးသားသား ပြောချင်ပါတယ်။ သီချင်းခပ်အေးအေးတွေကို သေသေချာချာ အေးအေးဆေးဆေး နားထောင်ချင်တဲ့ ပရိသတ်တချို့ပဲ လာကြည့်ဖို့ မျှော်လင့်ထားပါတယ်။ အရမ်းကြီးလည်း မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ သီချင်းတွေကို အေးအေး ချမ်းချမ်းနဲ့  အေးအေးဆေးဆေး နားထောင်ချင်ရင်တော့ ကျွန်မရဲ့ ပွဲလေးကို လာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

Voice : ကိုယ့်ရဲ့ ညီမတွေလိုဖြစ်နေတဲ့ မတင်ဇာမော်၊ မချောစုခင်၊ မဆုန်သင်းပါရ်တို့နဲ့ရော သီချင်းတွေတွဲဆိုဖို့ရှိဦးမလား။
MMWP : သူတို့တွေကတော့ မမီရဲ့ပွဲမှာ မပါမဖြစ်ပါကြပါလိမ့်မယ်။ သူတို့တွေနဲ့ကတော့ ကိုယ့်ညီအစ်မအရင်းတွေလိုတောင်ဖြစ်နေတော့ ကိုယ့်ပွဲမှာလည်း ပါစေချင်တယ်ပေါ့နော်။ သူတို့ရဲ့ ကဏ္ဍလေးတွေကိုလည်း ပရိသတ်တွေ ကြည့်ကြရမှာပါ။ သီချင်းဆိုတဲ့ အစီအစဉ်မှာတော့ပါမှာ မဟုတ်ပါဘူး။ တခြားပျော်စရာ အစီအစဉ်လေးတွေနဲ့ မမီရဲ့ ညီမတွေက ပါဝင်ကူညီပေးကြမှာပါ။ သူတို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

သန့်ဇင်ဦး