News

POST TYPE

ENTERTAINMENT

ခင်လှိုင်နဲ့ တွေ့ဆုံခြင်း
12-Aug-2018
“ဒီကာရိုက်တာကို ငြီးငွေ့တယ်ဆိုတာထက် ခင်လှိုင်က အမြဲတမ်း ဒါချည်းပဲလုပ်နေတယ်လို့ မြင်သွားမှာစိုးပါတယ်”



နာမည်ကျော် ဟာသလူရွှင်တော်ခင်လှိုင်နဲ့ တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “ချာလီဘနဲ့ ဂေါ်လီမ” ရုပ်ရှင်အကြောင်း၊ မိန်းမလျာကာရိုက်တာအတွက် လေ့လာခဲ့ရပုံတွေနဲ့ ဒါရိုက်တာလုပ်တော့မယ့်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “ချာလီဘနဲ့ ဂေါ်လီမ” ရုပ်ရှင်မှာ ဦးခင်လှိုင် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာအကြောင်းကနေစပြီး ပြောပြပေးပါဦး။
KH : ဒီကားမှာ အစ်ကိုက ဇာတ်ရုပ်နှစ်ခုနဲ့ သရုပ်ဆောင်ရမှာပါ။ တစ်ခုကတော့ စီးပွားခြောက် ခြောက်တယ်ပြောရမှာပေါ့။ အလှပြင်ဆိုင်တစ်ခု ဖွင့်ထားတယ်။ အဲဒီမှာတော့ မိန်းမလျာပုံစံမျိုးနဲ့ အလုပ်လုပ်တယ်။ စီးပွားရေးက အရမ်းအဆင်ပြေတယ်မဟုတ်ဘူး။ အသင့်အတင့်ပဲ။ အိမ်ငှားနေပြီးတော့ အဲဒီအိမ်ကိုလည်း ရှုတင်အိမ်အဖြစ် ပြန်ငှားစားတယ်။ နည်းနည်းလူလည်ကျတဲ့ ကာရိုက်တာပေါ့။ မြင့်မြတ်နဲ့ကတော့ ညီအစ်ကို တစ်ဝမ်းကွဲပါ။ သူ့ကောင်မလေးကို ပိုးဖို့အတွက် ကိုယ်ပေးလိုက်တဲ့ အကြံဉာဏ်တွေက တလွဲတွေ ဖြစ်တာပေါ့နော်။ ဟာသလေးပါပဲ။

Voice : မိန်းမလျာ ကာရိုက်တာကို ဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ပြခဲ့ပြီးပြီနော်။ တစ်ခါတလေမှာရော ဒီကာရိုက်တာကို ငြီးငွေ့လာတာမျိုးရှိလား။
KH : ဒီကာရိုက်တာကို ငြီးငွေ့တယ်ဆိုတာထက် ပရိသတ်တွေ ကြည့်ရတာ ရိုးလာမှာ ကြောက်တာပေါ့နော်။ ကိုယ့်ဘက်ကတော့ မိန်းမလျာ ဇာတ်ရုပ်လုပ်ရတိုင်း အဝတ်အစား ဒီဇိုင်းတွေနဲ့ ဆံပင်ပုံစံကို မတူအောင် ပြောင်းလဲပြင်ဆင်ပါတယ်။ တစ်ခါတလေ ဇာတ်ကားအတွက် လိုအပ်လာလို့ ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေက မဖြစ်မနေလုပ်ပေးဖို့ တောင်းဆိုလာတယ်၊ ဇာတ်အရလည်း လုပ်မှကို ဖြစ်မှာဆိုရင်တော့ ကိုယ့်ဘက်က ဘယ်လိုမတူအောင် လုပ်မလဲဆိုတာကို စဉ်းစားပါတယ်။ ဒီကာရိုက်တာကို ငြီးငွေ့တယ်ဆိုတာထက် ခင်လှိုင်က အမြဲတမ်း ဒါချည်းပဲ လုပ်နေတယ်လို့မြင်သွားမှာ စိုးပါတယ်။ အဲဒါကြောင့် နောက်ပိုင်းဆိုရင် အခြောက်ကာရိုက်တာကို နည်းနည်းရှောင်ပါတယ်။ အခုရိုက်နေတဲ့ကားကတော့ မဖြစ်မနေမို့လို့ ရိုက်ပေးတာပါ။

Voice : မိန်းမလျာ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ပြဖို့အတွက်ကျတော့ ကိုယ့်ဘက်က ဘယ်လိုလေ့လာခဲ့ရတာမျိုးရှိလဲ။
KH : အဲဒါကတော့ ကျွန်တော့်ရဲ့ idol ဖြစ်တဲ့ ကိုကွမ်းသီးတို့လုပ်ခဲ့တဲ့ အမူအရာတွေကိုလည်း အတုယူပါတယ်။ ကျွန်တော်က သူ့ဆီကနေ အနီးကပ်ပညာမသင်ဖူးပေမယ့်၊ ကိုသိန်းဇော်ဇာတ်ထဲမှာ သူကကတည်းက မြင်ဆရာ တစ်ယောက်အနေနဲ့ ကြိုက်ခဲ့တာပါ။ နောက်ပိုင်းသူနဲ့အတူတူ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေရိုက်ဖြစ်တဲ့ အချိန်မှာလည်း အနီးကပ်လေ့လာ ခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ ကိုကုသိုလ်ပေါ့နော်။ သူကတော့ အပုန်းကာရိုက်တာတွေ ပိုများတာပေါ့။ သူဆိုရင်လည်း လက်ကလေးတွေကအစ ပျော့ပျောင်းနေတာပဲ။ သူ့ဆီကနေလည်း အတုယူရတာတွေရှိပါတယ်။ နောက်ပြီး ရိုက်ကွင်းတွေမှာ တွေ့နေရတဲ့ မိတ်ကပ်ဆရာတွေကို ကြည့်ပြီးတော့လည်း လေ့လာဖြစ်ပါတယ်။

Voice : ကိုယ်လည်း အနုပညာသက်တမ်း အတော်လေးကြာပြီဆိုတော့ အနုပညာဝမ်းစာတွေလည်း များနေပြီလေ။ တချို့ ဇာတ်ပို့သရုပ်ဆောင်တွေတောင် ဒါရိုက်တာဘက်ကို ကူးနေပြီဆိုတော့ ဦးခင်လှိုင်ရော မစဉ်းစားသေးဘူးလား။
KH : အနုပညာဝမ်းစာတွေကတော့ စုမိတာပေါ့နော်။ ဒါပေမဲ့ ပြည့်သွားတယ်လို့တော့မရှိပါဘူး။ ကျွန်တော်တို့က အမြဲတမ်း စာဖတ် ရုပ်ရှင်ကြည့်ပြီး လေ့လာနေရတုန်းပါပဲ။ ဒါမှလည်း အမြဲတမ်း လတ်ဆတ်နေမှာပေါ့။ အခုချိန်အထိလည်း ရှုတင်အပြန် နောက်ကျတဲ့နေ့တွေမှာသာ ရုပ်ရှင်မကြည့်ဖြစ်တာပါ။ စောစော ပြန်ရောက်တဲ့နေ့တွေဆိုရင်တော့ တစ်နေ့ကို ရုပ်ရှင်တစ်ကား၊ နှစ်ကားလောက် ပြီးအောင်ကြည့်ဖြစ်ပါတယ်။ စာကတော့ အခုနောက်ပိုင်း နည်းနည်းဖတ်တာ နည်းလာပါတယ်။ အလုပ်တွေ မအားတာလည်း ပါတာပေါ့နော်။ ဒါရိုက်တာ လုပ်ဖို့ကတော့ စဉ်းစားထားတာရှိပါတယ်။ နိုဝင်ဘာလထဲမှာ ကျွန်တော် ဒါရိုက်တာအနေနဲ့ ရုပ်ရှင်တစ်ကား စရိုက်ပါမယ်။

Voice : ကိုယ်တိုင်ဒါရိုက်တာအနေနဲ့ရိုက်မယ့် ရုပ်ရှင်ကားတွေကျတော့ ကိုယ်အားသန်တဲ့ ဟာသလိုင်းပဲလား။
KH : ဒီနှစ်နိုဝင်ဘာလထဲမှာ ရိုက်မယ့် ဇာတ်ကားမှာတော့ သရုပ်ဆောင်တွေက ကိုခန့်စည်သူ၊ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ ရွှေသမီး၊ ပက်ထရစ်ရှာတို့ ပါပါမယ်။ ကျွန်တော်တို့၊ ဒိန်းဒေါင်တို့၊ မဂွမ်းပုံတို့လည်း ပါပါမယ်။ နောက်နှစ် ဖေဖော်ဝါရီလထဲမှာတော့ ကျွန်တော်ရယ်၊ ယုန်လေးရယ်၊ မြင့်မြတ်ရယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ မတ်လထဲမှာလည်း နောက်ထပ် ရုပ်ရှင်တစ်ကား ရိုက်ပါမယ်။ ကျွန်တော်က ဟာသကားတွေအပြင် အက်ရှင်ကားတွေလည်း ရိုက်ဖို့ဇာတ်လမ်းတွေစီထားပြီးပါပြီ။ ဒါပေမဲ့ထုတ်လုပ်သူတွေကလည်း ဟာသပဲရိုက်ချင်တယ်ဆိုတော့ ကိုယ်အားသန်တဲ့လိုင်းကို အရင်ရိုက်ဖြစ်မှာပါ။ နောက်ရိုက်မယ့်ကားတွေမှာတော့ အက်ရှင်၊ ဒရာမာဇာတ်တွေ ရိုက်ဖြစ်မှာပါ။

သန့်ဇင်ဦး