News

POST TYPE

ENTERTAINMENT

နေတိုးနဲ့ တွေ့ဆုံခြင်း
10-Aug-2018

“ချစ်ခြင်းမေတ္တာဆိုတာက အရမ်းလည်း နူးညံ့တယ်။ ဖြစ်ပေါ်လာဖို့ဆိုတာလည်း ခဲယဉ်းပါတယ်” 

နာမည်ကျော် သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံပြီး မကြာမီရိုက်ကူးမယ့် “အထက်တန်းစား” ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်ရုပ်အတွက် ပြင်ဆင်မှုအပိုင်းများနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
NT : ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက အရမ်းလှုပ်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ သူ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝလေးတွေကတော့ နည်းနည်းလေး ကြမ်းတမ်းတယ်။ စိတ်ထားဖြူစင်တဲ့၊ မွန်မြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ လူတစ်ယောက်ပေါ့။ ကျွန်တော်မလုပ်ဖူးသေးတဲ့ ကနားစီးတစ်ယောက်ရဲ့ ပုံစံမျိုးလည်း သရုပ်ဆောင်ရမှာဆိုတော့ ဒီဇာတ်ကားအပေါ်မှာ ရင်ခုန်မှုလည်းရှိတယ်။ သရုပ်ဆောင်ကြည့်ချင်တဲ့စိတ် ခံစားမှုလည်းရှိတဲ့အတွက် လက်ခံရိုက်ကူးခဲ့တာပါ။ ဒီဇာတ်လမ်းကို လာပေးတဲ့အချိန်မှာ ဖတ်ကြည့်ပြီးကတည်းက ကျွန်တော်နဲ့လည်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် လိုက်ဖက်မှုရှိတယ်လို့ သုံးသပ်မိပါတယ်။ အဲဒါကြောင့် ကျွန်တော့် ပရိသတ်တွေ ရာနှုန်းပြည့် ကျေနပ်နှစ်သက်နိုင်မယ့် ဇာတ်ကားတစ်ကား ဖြစ်အောင် ကြိုးစားဖို့လည်း ဆုံးဖြတ်ထားပါတယ်။  

Voice : ကိုယ်လည်း သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာဆိုတော့ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေရော လုပ်ထားလဲ။
NT : ဒီဇာတ်ကားအတွက် လိုအပ်တဲ့သီချင်းတွေ၊ ဝတ်ရမယ့် အဝတ်အစား အပြင်အဆင်တွေကအစ ကျွန်တော် ကြိုတင်လေ့လာထားပါတယ်။ ကျွန်တော်က ကိုကြီးကျော်တို့၊ အမေဂျမ်းတို့လည်း နတ်ဝင်ပူးရမယ့် အခန်းတွေပါတော့ နတ်ကနားပွဲမှတ်တမ်း ဗီဒီယိုတွေကို ကြည့်ပြီးတော့ လေ့လာထားပါတယ်။ နတ်ဆရာတစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေကအစ သဘာဝကျအောင် ကြိုးစားပြီးတော့ သရုပ်ဆောင်သွားမှာပါ။ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခု ဖြစ်တဲ့အတွက်လည်း ပိုပြီးတော့ ရင်ခုန်နေတယ်။ စိတ်လည်းလှုပ်ရှားနေပါတယ်။

Voice : ကနားစီးတွေက တချို့လည်း တကယ်နတ်ဝင်ပူးတယ်၊ တချို့လည်း ဟန်ဆောင်တယ်ဆိုပြီး အပြင်မှာ ပြောကြတာရှိတယ်။ နေတိုး သရုပ်ဆောင်ရမယ့် ကနားစီးကရော ဘယ်လိုပုံစံဖြစ်မလဲ။
NT : အဲဒါကတော့ ဘယ်လောကမှာမဆို အဆိုးနဲ့အကောင်းကတော့ ဒွန်တွဲနေတာပေါ့နော်။ ဒီကားမှာလည်း လူတွေဖြစ်တာကြောင့် လောဘ၊ ဒေါသ၊ မောဟကြောင့် ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေ ရှိပါတယ်။ ဇာတ်လမ်းက ဟာသလားဆိုတော့လည်း မဟုတ်ဘူး။ ဒရာမာလားဆိုတော့လည်း ဒရာမာအစစ်ကြီး မဟုတ်ဘူး။ ရိုးရာယဉ်ကျေးမှုနဲ့ လူတွေရဲ့ဘဝတွေကို ရောပြီးတင်ပြထားတယ်။ နောက်ပြီးတော့ လူတွေရဲ့ ယုံကြည်မှုတစ်ခုအပေါ်မှာ အခွင့်ကောင်းယူတဲ့ပုံစံမျိုးတွေလည်း ပါတယ်။ လူတွေရဲ့ ယုံကြည်မှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တတ်တာကိုလည်း ပြထားပါတယ်။ 

Voice : ကိုနေတိုးကို အရင်ကထက် ပိုပြီးနုပျိုလာတယ်လို့လည်း ပြောကြတယ်။ အဲဒါက အချစ်ကြောင့်ရော ဖြစ်နိုင်မလား။
NT : ပရိသတ်တွေရဲ့ ဒီလိုပြောဆိုမှု အပေါ်မှာတော့ ဘာကြောင့် ၊ဟုတ်တယ်တို့  မှန်တယ်တို့  ပြောစရာမရှိပါဘူး။ ကျွန်တော့်ကို ထင်ချင်သလို ထင်လို့ရတယ်ပေါ့နော်။ အချစ်နဲ့တွေ့လို့ နုပျိုသွားတာလည်း ဖြစ်နိုင်တယ်။ ဆေးလိပ်ဖြတ်လိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်လည်း ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ ခြောက်လလောက်ရှိနေပါပြီ။ ကျွန်တော့်အလုပ် အပေါ်မှာထားတဲ့ စိတ်ခံစားမှုကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ လူ့ဘဝဖြတ်သန်းမှုမှာ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ ကြည်နူးမှုတွေကတော့ အရင်ထက်ပိုပြီး ရှိလာတယ်လို့ ပြောချင်ပါတယ်။

Voice : ဇာတ်ကားတွေထဲမှာတော့ ကိုနေတိုးက မင်းသမီးတွေကို ပုံစံမျိုးစုံနဲ့ ချစ်ပြဖူးတယ်။ လက်တွေ့ဘဝမှာရော ကိုနေတိုးချစ်သူအပေါ် ဘယ်လောက်အထိ Romantic ဆန်ဆန် ချစ်ပြလဲလို့ ပရိသတ်တွေက သိချင်ကြတာရှိတယ်။
NT : ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ရေးက Romantic ဖြစ်တာ၊ မဖြစ်တာထက်၊ နားလည်မှုအပေါ်မှာ အခြေခံပြီးတော့ တည်ဆောက်ထားပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာက အရမ်းလည်းနူးညံ့တယ်။ ဖြစ်ပေါ်လာဖို့ဆိုတာလည်း ခဲယဉ်းပါတယ်။ အချစ်ဆိုတဲ့ အရာအပေါ်မှာ တန်ဖိုးထားတတ်မှုနဲ့ တစ်ယောက်ကို တစ်ယောက် သိတတ်မှုကတော့ ပိုပြီးအရေးပါတယ်လို့ ကျွန်တော်မြင်ပါတယ်။ နူးညံ့တဲ့ မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ချစ်ခြင်းမေတ္တာမျိုးလို့တော့ ကျွန်တော့်အနေနဲ့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ မင်္ဂလာသတင်းကတော့ သေချာပြီဆိုရင် ပရိသတ်တွေကို ပြောပြမှာပါ။ 

Voice : Story Board စတူဒီယို ဖွင့်ဖြစ်တာကလည်း အိမ်ထောင်ပြုတော့မှာမို့  ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အုတ်မြစ်ချတဲ့ သဘောလား။
NT : အဲဒီလို ရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ အနုပညာလောကရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့က မြင်နေတယ်။ ဒီလို အနေအထားမျိုးကို နောက်မျိုးဆက်တစ်ခုဆီ သယ်မသွားချင်ဘူး။ သူများကိုလည်း ဒါလုပ်ပေးပါလို့ အကူအညီ မတောင်းချင်ဘူး။ အဲဒါကြောင့် ကိုယ်လုပ်နိုင်သလောက်လေး စလုပ်ဖြစ်တာပါ။ ကျွန်တော့် စတူဒီယိုက အရမ်းကြီး ပြီးပြည့်စုံတာမျိုးတော့ မဟုတ်သေးဘူးပေါ့။ ဒီထက်မက လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ လောလောဆယ်တော့ ရုပ်ရှင်ရိုက်တဲ့အခါမှာ အတိုင်းအတာတစ်ခုအထိတော့ အထောက်အပံ့ဖြစ်စေမှာပါ။ 

သန့်ဇင်ဦး