News

POST TYPE

ENTERTAINMENT

တင်ဇာမော်နဲ့ တွေ့ဆုံခြင်း
02-Aug-2018

“ဒေါင်ဒေါင်မြည်ဖြစ်လာလောက်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့  ရွေးခဲ့တဲ့ ကလေးတွေပါသလို၊ သူကတော့ ဒေါင်ဒေါင်မြည်ပဲလို့  စိတ်ချပြီးရွေးခဲ့တဲ့ ကလေးတွေလည်း ပါပါတယ်”



Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ တေးသံရှင်တင်ဇာမော်နဲ့ တွေ့ဆုံပြီး နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲဝင်တွေပေါ်အမြင်၊ Voting စနစ်အပေါ် သူ့အမြင်နဲ့ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုအပေါ် သုံးသပ်မှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : နောက်ဆုံး ဆန်ခါတင် ပြိုင်ပွဲဝင်သုံးယောက်အပေါ်ကို ဒိုင်တစ်ယောက်အနေနဲ့  ဘယ်လိုသုံးသပ်ချင်လဲ။
TZM : နောက်ဆုံးကျန်တဲ့ပြိုင်ပွဲဝင်သုံးယောက်မှာတော့ ဇော်ကြီးဆိုလည်း သူတတ်နိုင်သလောက် ကြိုးစားနေတာကို မြင်ရတယ်။ မောင်ချိုလေးဆိုလည်း မိန်းကလေးထဲမှာ ရှားပါးတဲ့အသံလို့ ပြောလို့ရတယ်။ သူ့ အသံက ရှားတဲ့အပြင် သူက ဆိုလည်းဆိုတတ်တယ်။ ဒါကတော့ သူ့ပါရမီပေါ့နော်။ ဖြိုးမြတ်အောင်ဆိုလည်း ယောကျာ်းဆန်တဲ့ ရော့ခ်သီချင်းတွေကို ဆိုဖို့အတွက် သူ့မှာ အင်အားလည်းရှိတယ်။ အသံလည်း ရှိပါတယ်။ ကလေးတွေက သူတို့အသံနဲ့မလိုက်တဲ့ Theme တွေနဲ့ ယှဉ်ပြိုင်ရတဲ့အပတ်တွေမှာလည်း အကောင်းဆုံးကြိုးစားပြီးတော့ ယှဉ်ပြိုင်ကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲက Voting နဲ့  သွားတဲ့အတွက် ပရိသတ်က ကိုယ်အားပေးတဲ့ပြိုင်ပွဲဝင်ကို Vote ပေးပြီး သူတို့ဘက်က ရပ်တည်ပေးပါလို့ ပြောချင်ပါတယ်။ 

Voice : ပြိုင်ပွဲဝင်တွေကို Voting စနစ်နဲ့ ရွေးတာ သဘောမကျတဲ့ ပရိသတ်တွေလည်းရှိတယ်နော်။ ကိုယ်တိုင်ရော Voting စနစ်ကို ဘယ်လိုမြင်မိလဲ။
TZM : Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ် Voting နဲ့ သွားဖို့ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ခေတ်နဲ့စနစ်ရဲ့ ပြောင်းလဲမှုကြောင့် ပါ။ Myanmar Idol ဆိုတာလည်း American Idol ကနေ ဆင်းသက်လာတယ်။ X Factor ဆိုလည်း အင်္ဂလန်မှာရှိတယ်။ ကမ္ဘာပေါ်မှာ နေရာအနှံ့ကျင်းပနေတဲ့ ပြိုင်ပွဲကြီးတွေ ဖြစ်တဲ့အတွက် ကျွန်မတို့ မြန်မာပြည်ကလည်း ကမ္ဘာနဲ့ ရင်ပေါင်တန်းချင်တဲ့ ဆန္ဒကတော့ ပြည်သူပြည်သားတိုင်းမှာရှိပါတယ်။ ပညာရေးပဲဖြစ်စေ၊ အနုပညာပဲဖြစ်စေ အရာရာမှာ နိုင်ငံတကာနဲ့  ရင်ပေါင်တန်းချင်တဲ့ စိတ်တွေရှိကြတယ်။ Myanmar Idol ကလည်း American Idol ကနေ ဆင်းသက်လာတဲ့အတွက် သူတို့ပုံစံကိုယူပြီးကျင်းပတဲ့ သဘောပါပဲ။   

Voice : နားလည်တတ်ကျွမ်းတဲ့ အကဲဖြတ်ဒိုင်တွေက ရွေးချယ်တာနဲ့ Voting စနစ်နဲ့ ရွေးချယ်တာမှာ ဘယ်ဟာက အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်လို့ မြင်လဲ။
TZM : အစ်မတို့ ဒိုင်တွေအတွက် ပြိုင်ပွဲဝင် ဆယ့်တစ်ယောက်လုံးကို ဒေါင်ဒေါင်မြည်ရဖို့ဆိုတာတော့ တော်တော်ကို မလွယ်တဲ့ကိစ္စပါ။ ဒေါင်ဒေါင်မြည် ဖြစ်လာလောက်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့  ရွေးခဲ့တဲ့ ကလေးတွေပါသလို၊ သူကတော့ ဒေါင်ဒေါင်မြည်ပဲလို့ စိတ်ချပြီး ရွေးခဲ့တဲ့ကလေးတွေလည်း ပါပါတယ်။ ဒိုင်အပေါ်မှာပဲ လုံးဝ မူတည်တဲ့ ပြိုင်ပွဲမျိုးဆိုရင်တော့ ဒိုင်စိတ်ကြိုက်ဖြစ်တဲ့အတွက် ပညာရှင်သုံးယောက် (သို့မဟုတ်) လေးယောက်လောက်က ဆုံးဖြတ်လိုက်တဲ့ အဖြေတစ်ခုကတော့ မမှားလောက်ဘူးပေါ့။ အခုကတော့ ခေတ်နဲ့စနစ်အရ ပရိသတ်တွေလည်း ပါဝင်ပတ်သက်ရတဲ့ ပွဲလည်းဖြစ်ပါတယ်။ အစ်မတို့ ဒိုင်တွေဟာ အကောင်းဆုံးလို့ ယူဆရတဲ့ ကလေးဆယ့်တစ်ယောက်ကို ရွေး ချယ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ပရိသတ် လက်ထဲထည့်ပေးလိုက်ရ တာဆိုတော့ ကွာခြားချက်က အနည်းအများတော့ ရှိမှာပါပဲ။

Voice : Myanmar Idol Season 2 တုန်းကဆို ပြိုင်ပွဲဝင်တွေကို အစ်မထောက်ပြပေးတာ ပိုများတယ်လို့ မြင်မိတယ်။ ဒီနှစ်မှာကျတော့ ပြိုင်ပွဲဝင်တွေအပေါ် နည်းနည်းများ သက်ညှာနေသလားလို့။
TZM : အစ်မတို့က ကလေးဆယ့်တစ်ယောက်ကို ရွေးပေးပြီးတဲ့ အချိန်မှာ တော်တော်လေး စိတ်ကျေနပ်မှုရပါတယ်။ ဘယ်လောက်အထိ ကျေနပ်လဲဆိုရင် ၈၀ ရာခိုင်နှုန်းလောက်အထိ ကျေနပ်တယ်။ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် မတိမ်းမယိမ်းလေးတွေ ဖြစ်နေကြတယ်။ သူတို့ဆိုတဲ့အချိန်မှာ အမှားလေးတွေတွေ့ရင်၊ တွေ့သလောက်တော့ အစ်မ ထောက်ပြမှာပဲ။ ပြောမှာပဲ။ ကောင်းရင်လည်း ကောင်းသလို သူတို့ကို ချီးမွမ်းမှာပဲ။ နောက်တစ်ခု ရှိတာက Hexagon Complex ထဲမှာ သူတို့ပြိုင်တဲ့အချိန်မှာ တီဗီကနေ ကြည့်နေတဲ့ ပရိသတ်တွေလောက် အစ်မတို့က သေသေချာချာကြားခွင့်မရဘူး။ နောက်ခံ Music တွေရော၊ ပရိသတ်တွေရဲ့ အားပေးသံတွေရောရှိမယ်၊ အဲဒီကြားထဲက ဘယ်လောက်ပဲ ဂရုတစိုက်နားထောင် နားထောင် တီဗီကနေ ကြည့်ပြီးတော့ ပြန်ကြား ရတဲ့အသံက အစစ်ဖြစ်တယ်။ ကိုယ်သိပ်မသေချာဘဲ ကြားလိုက်တဲ့ အသံမျိုးကို ကိုယ်က ပြောလိုက်ပေမယ့်၊ တီဗီမှာ တစ်ခါပြန်ကြည့်လို့ လွဲနေတယ်ဆိုရင် ဒီကလေးတစ်ယောက်ကို ဒုက္ခမရောက်သွားစေချင်ဘူး။ သူတို့ကို ဖိအားမဝင်သွားစေချင်ဘူး။ အဲဒါကြောင့် သေချာပြီဆိုမှ ပြောတာပါ။ အမှားက သိပ်သိသာရင်တော့ အစ်မပြောတယ်။ သိပ်မသိ သာရင်တော့ တစ်ဖက်လှည့်လေးတွေနဲ့ အမြဲပြောပါတယ်။

Voice : ကိုယ်လည်း ပရိသတ်ရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် ပရိသတ်မုန်းသွားမှာစိုးလို့ ပြိုင်ပွဲဝင်တွေအပေါ်ဝေဖန်ထောက်ပြမှုတွေ သိပ်မလုပ်တာလားလို့ မြင်ကြတယ်။
TZM : ဒီကလေးတွေကို အစ်မတို့ ကယုံကြည်ပြီးတော့ ရွေးခဲ့တာလေ။ သူတို့လက်တွေ့ဆိုတဲ့အချိန်မှာ အမှားက သိပ်မကြီးမားဘူးဆိုရင် အတတ်နိုင်ဆုံးတော့ သူတို့အတွက် ကိုယ်က ရပ်တည်ပေးရတာပဲလေ။ ဒိုင်တစ်ယောက်အနေနဲ့ပေါ့။ အဲဒီလိုမျိုးလည်း လုပ်ဖို့အတွက်ကို အစ်မတို့မှာ စည်းမျဉ်း၊ စည်းကမ်းတွေ ရှိပါတယ်။ ဒီအစီအစဉ်မှာက အစ်မတို့ ဒိုင်တွေတင်မကဘဲ၊ ပရိသတ်တွေပါ ပါဝင်ပတ်သက်လို့ရအောင် ဠသအငညါ စနစ်ကို ထည့်ထားတာပါ။ အဲဒါကြောင့် ပရိသတ်တွေကလည်း ဘယ်သူ က အကောင်းဆုံးလဲ၊ ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတဲ့ အဖြေတစ်ခုကို ပေးပြီး အတတ်နိုင်ဆုံး ရွေးချယ်ပေးနိုင်ကြရင်လည်း အကောင်းဆုံးပါပဲ။

သန့်ဇင်ဦး