News

POST TYPE

ENTERTAINMENT

ဟန်တီနဲ့ တွေ့ဆုံခြင်း
22-Jul-2018



“ဒီပွဲမှာ ညီမ Winner ဆုရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့  ဝင်ပြိုင်တာတော့မဟုတ်ပါဘူး။ အကောင်းရော၊ အဆိုးရောကို ကြိုတင်မျှော်လင့်ပြီးတော့မှ ပြိုင်ခဲ့တာပါ”

Miss Myanmar World ဆုရခဲ့တဲ့ အလှမယ်ဟန်တီနဲ့ တွေ့ဆုံပြီး ပြိုင်ပွဲမှာ Winner ဆုရခဲ့တဲ့အပေါ် ခံစားမှု၊ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အမှတ်တရများနဲ့ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့်  Miss World 2018 ပြိုင်ပွဲအတွက် ပြင်ဆင်သွားမယ့်အပိုင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : Miss Supranational ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်နော်။ Miss World ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုအနေနဲ့ ထပ်မံသွားရောက်ယှဉ်ပြိုင်ရမယ့်အပေါ် ဘယ်လိုခံစားမှုရှိလဲ။
HT : နိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ အလှမယ်တစ်ယောက် ဒုတိယအကြိမ်ဖြစ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ညီမအတွက် ပိုပြီးတော့လည်း တာဝန်ကြီးလာပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် Miss World ပြိုင်ပွဲကို ကိုယ့်နိုင်ငံကိုယ်စားပြုအနေနဲ့  သွားပြိုင်ရမယ်ဆိုတော့ အရမ်းလည်းရင်ခုန်တယ်။ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ ညီမ အကောင်းဆုံးလည်း ကြိုးစားသွားမှာပါ။

Voice : ပထမအကြိမ်နဲ့  ဒုတိယအကြိမ် နိုင်ငံကိုယ်စားပြု အလှမယ်ဖြစ်ခွင့်ရတဲ့အချိန်က အများကြီးကွာဟသွားခဲ့တော့ ကိုယ့်ကိုယ်ကိုယ်ရော ဘာတွေပြောင်းလဲလာခဲ့တယ်လို့ သုံးသပ်မိလဲ။
HT : အဓိက,ကတော့ အရင်ကထက်စာရင် အတွေ့အကြုံတွေပိုများလာတာပေါ့နော်။ ညီမ Miss Supranational သွားပြိုင်တုန်းက ၂၀၁၄ ခုနှစ်၊ Miss World သွားပြိုင်ရမယ့် အချိန်က ၂၀၁၈ ဆိုတော့ ကြားထဲမှာ လေးနှစ်လောက်တော့ ကွာသွားတာပေါ့နော်။ အချိန်တွေ ကွာဟသွားသလို အလှမယ်ပြိုင်ပွဲတွေရဲ့ ကျင်းပပုံတွေကလည်း ပြောင်းလဲလာတာတွေရှိတယ်။ ကိုယ့်ရဲ့ကြိုးစားမှုတွေလည်း မတူတော့သလို၊ စိန်ခေါ်မှုတွေလည်း ပိုများလာတယ်။ ညီမကိုယ်ညီမလည်း အရင်ထက်ပိုကြိုးစားရမယ်လို့  သုံးသပ်မိပါတယ်။

Voice : ကိုယ်က နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတစ်ခုရှိထားတော့ စိုးရိမ်စရာတော့ သိပ်မရှိဘူးပေါ့။
HT : Miss World ပြိုင်ပွဲက ကမ္ဘာမှာ အကြီးဆုံး အလှမယ်ပြိုင်ပွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကတော့ ပိုများမှာပေါ့နော်။ ဒါပေမဲ့ ညီမ အကောင်းဆုံး ကြိုးစားဖို့ ဆုံးဖြတ်ထားတယ်။ ဆရာသမားတွေရဲ့ သင်ကြားပြသမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ကထက် တိုးတက်လာတဲ့ အပိုင်းတွေလည်း ပိုမြင်ရပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ အများကြီးရှိနေပါသေးတယ်။

Voice : ကိုယ် Miss Myanmar World ပြိုင်မယ်လို့ ကြေညာပြီးကတည်းက Winner ဆုကို သူပဲရမှာပါလို့  ပရိသတ်အများစုက ပြောကြတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
HT : ဒီပြိုင်ပွဲကို ညီမဝင်ပြိုင်မယ်ဆိုတာကို လျှို့ဝှက်ထားခဲ့ပါတယ်။ ပွဲနားနီးလို့ ဖောင်တင်လိုက်တော့မှသာ မီဒီယာကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။ ဒီပွဲမှာ ညီမ Winner ဆုရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ဝင်ပြိုင်တာတော့ မဟုတ်ပါဘူး။ အကောင်းရော၊ အဆိုးရောကို ကြိုတင်မျှော်လင့်ပြီးတော့မှ ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲတစ်ပွဲဆိုတာ အနိုင်ရှိသလို၊ အရှုံးလည်းရှိနိုင်တာပဲလေ။ ဒီရလာဒ်နှစ်ခုလုံးကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ပြီးတော့မှ ပြိုင်ခဲ့တာပါ။ ဒါကို ညီမကိုချစ်တဲ့ ပရိသတ်တွေကတော့ သိပါတယ်။

Voice : Miss ပြိုင်ပွဲတွေမှာ အတွေ့အကြုံ ရှိပြီးသားသူတွေကပဲ Winner ဆုရရသွားတဲ့အပေါ်ကိုရော ဘာကြောင့်လို့ထင်လဲ။
HT : ပြိုင်ပွဲ တစ်ပွဲပြိုင်မယ်ဆိုရင် အတွေ့အကြုံက အရမ်းစကားပြောပါတယ်။ ဟန်တီ့အနေနဲ့ကတော့ ပြိုင်ပွဲကြီးတွေ ပြိုင်မယ်ဆိုရင် အတွေ့အကြုံရှိပြီးတော့မှ ပြိုင်စေချင်ပါတယ်။ နိုင်ငံကို ကိုယ်စားပြုပြီး သွားပြိုင်ရမှာဖြစ်တဲ့အတွက် ကိုယ့်မှာ အတွေ့အကြုံရှိထားရင် ဟိုမှာ ပိုပြီးတော့ အဆင်ပြေသလို၊ ပြိုင်ပွဲမှာ ကြုံရမယ့် စိန်ခေါ်မှုတွေကိုလည်း အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ ထင်ပါတယ်။ ညီမဆို ဖက်ရှင်ရှိုးပွဲတွေကနေ Miss World ပွဲကြီးပြိုင်ဖို့အထိ အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ရတာပါ။ အရှေ့မှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကနေ အတွေ့အကြုံကောင်းတွေ စုဆောင်းနိုင်ခဲ့လိုသာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

Voice : Miss World 2018 ပြိုင်ပွဲအတွက်ရော ကိုယ့်ဘက်က ဘယ်လိုပြင်ဆင်သွားမလဲ။
HT : ဟန်တီ့မှာ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ကိုယ်တိုင် လုပ်ရမယ့်အရာတွေ ရှိသလို၊ ဆရာသမားတွေရဲ့ သင်ပြမှုနဲ့  လေ့လာသင်ယူရမယ့် အရာတွေလည်းရှိပါသေးတယ်။ ဘာသာစကားပိုင်းတွေ၊ အမေးအဖြေကဏ္ဍတွေလည်း ပြင်ဆင်ရမယ်။ ကိုယ့်နိုင်ငံအတွက် ပြိုင်ပွဲမှာ ကိုယ်ဘာတွေ လုပ်ပေးနိုင်မလဲ၊ မြန်မာကို ကမ္ဘာကသိဖို့  ကိုယ့်ဘက်က ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုလည်း ဆရာသမားတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးပြင်ဆင်သွားမှာပါ။

Voice : အလှမယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်တဲ့သူတွေကို တချို့က စင်းလုံးချောလှတဲ့သူတွေလို့ပဲ မှတ်ယူထားကြတယ်။ တချို့ အလှမယ်တွေက ခွဲစိတ်ပြုပြင်ပြီး ဝင်ပြိုင်ကြတာကို သိပ်မသိကြဘူး။ ဒီအပေါ်မှာရော ဘယ်လိုနားလည်အောင် ရှင်းပြချင်လဲ။
HT : Miss ပြိုင်ပွဲတွေက ခွဲစိတ်ပြုပြင်ထားရင်လည်း ပြိုင်လို့ ရပါတယ်။ Miss တစ်ယောက်က အကုန်လုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ နေထိုင်ရတာ ဖြစ်တယ်။ ဘာလို့ ခွဲစိတ်ပြုပြင်လို့ရလဲဆိုတော့၊ ကိုယ်က အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် ရပ်တည်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့် အရာတွေကို လုပ်ဆောင်ခွင့်ပေးထားပါတယ်။ ကိုယ့်မှာရှိတဲ့ အားနည်းချက်လေးတွေကိုပြုပြင်သင့်တယ်ဆိုလည်း ပြုပြင်သင့်ပါတယ်။

သန့်ဇင်ဦး