News

POST TYPE

ENTERTAINMENT

ဉာဏ်လင်းအောင်နဲ့ တွေ့ဆုံခြင်း
15-Jul-2018 tagged as အနုပညာ



ဂီတလောကကနေ ပျောက်ချက်သားကောင်းနေတဲ့ တေးသံရှင် ဉာဏ်လင်းအောင်နဲ့  တွေ့ဆုံပြီး ဂီတ လှုပ်ရှားမှုတွေ ကျဲပါးခဲ့တဲ့အကြောင်းရင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ မှာထွက်ရှိမယ့် “တွန်းအား” စီးရီးမှာ ပါဝင်မယ့် သီချင်းတွေအကြောင်း၊ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဂီတလောကကနေ ပျောက်ချက်သားကောင်းနေပြီးတော့မှ “တွန်းအား” စီးရီးနဲ့  ပြန်ပေါ်လာဖြစ်တဲ့အကြောင်းကို စပြီး ပြောပြပေးပါဦး။
NLA : ဒီစီးရီးကို ၂၀၁၇ ခုနှစ် မိုးတွင်းမှာ ကျွန်တော် စပြီး လုပ်တာပါ။ တစ်နှစ်လောက်တော့ ကြာသွားတယ်။ ကြားထဲမှာသီချင်းအဟောင်းတွနဲ့ တစ်ခွေပြန်လုပ်ဖို့  စဉ်းစားလိုက်သေးတယ်။ ကျွန်တော့်အဒေါ်ကလည်း ထုတ်ပေးမယ်တဲ့။ ဒါပေမဲ့ ကျွန်တော် နိုင်ငံခြားလည်း သွားလိုက်သေးတော့ မလုပ်ဖြစ်ခဲ့ဘူး။ သီချင်းအသစ်တွေပဲ နောက်တော့မှ ပြန်စလုပ်ဖြစ်တာပေါ့။

Voice : ဉာဏ်လင်းအောင်က သရုပ်ဆောင်လုပ်ဖို့လည်း ကြိုးစားဖူးသေးတယ်နော်။
NLA : သရုပ်ဆောင်လုပ်ဖို့က လာပြောကြတဲ့ သူတွေလည်းရှိတော့ ကျွန်တော်လည်း စိတ်ယိုင်သွားသေးတယ်။ ဒါပေမဲ့ ကိုယ်ကျွမ်းကျင်တဲ့ လိုင်းမဟုတ်တဲ့အတွက် အဆင်မပြေနိုင်ဘူးဆိုတာ သိလာတော့ မလုပ်ဖြစ်တော့ဘူး။ သီချင်းအသစ်လည်း မထွက်နိုင်တော့ ပရိသတ်တွေနဲ့  အဆက်အသွယ်ပြတ်သွားသလို ဖြစ်သွားတာပေါ့နော်။ ကျွန်တော်က ဖေ့စ်ဘွတ်ခ်လည်း သိပ်မသုံးတော့ ပိုပြီးဝေးသွားတာပေါ့။

Voice : “တွန်းအား” စီးရီးမှာကျတော့ ဘယ်လိုသီချင်းမျိုးတွေပါဝင်မလဲ။
NLA : ဒီစီးရီးမှာတော့ ကျွန်တော် ဆိုနေကျ သီချင်းပုံစံတွေပါပဲ။ ဒါပေမဲ့ Music ပုံစံလေးတွေတော့ နည်းနည်းကွဲသွားမယ်။ ရွှေထူးကို ရေးပေးထားတဲ့ ဒိုးပတ်တို့လည်း ကျွန်တော့်ခွေမှာ ဝင်ရေးပေးထားတယ်။ ဒီခွေမှာပါတဲ့ သီချင်း ၆ ပုဒ်လုံးက ပုံစံ ၆ မျိုးပေါ့။ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်က အရသာမတူအောင် လုပ်ထားပါတယ်။

Voice : တစ်ခွေလုံးမှာ သီချင်း ၆ ပုဒ်ပဲ ထည့်ဖြစ်တာက ကိုယ့်ခွေကို သီချင်းနည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်ချင်လို့လား။
NLA : နောက်ပိုင်းမှာ အဆိုတော်တွေက Mini Album တွေပဲ ထွက်ကြတာများတယ်။ ခေတ်အခြေအနေကလည်း ပြောင်းလာပြီ။ သီချင်းတစ်ခွေစာမှာပါတဲ့ ၁၂ ပုဒ်လုံးကို နားထောင်ဖို့ကျတော့ ပရိသတ်တွေကလည်း အချိန်သိပ်မပေးနိုင်တော့ဘူး။ ပရိသတ်တွေလည်း နားထောင်ရတာ မအီအောင် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ သီချင်း ၆ ပုဒ်ကို ရွေးပြီးထည့်ထားပါတယ်။

Voice : ဒီခွေမှာ ကိုယ်ဆိုနေကျမဟုတ်တဲ့ တေးရေးဆရာတွေနဲ့ လက်တွဲဖြစ်တာကရော ဘာကြောင့်လဲ။
NLA : ကျွန်တော့်ရဲ့ ပထမခွေတုန်းကလည်း တေးရေးဆရာအသစ်တွေရေးတဲ့ သီချင်းတွေ ဆိုခဲ့ဖူးပါတယ်။ ဝေလဆို ကျွန်တော့်ရဲ့ ပထမဆုံးခွေမှာ ရေးပေးဖူးတယ်။ နောက်မှ သူနာမည်ကြီးသွားတယ်ပေါ့။ တေးရေးဆရာအသစ်တွေကိုလည်း အောင်မြင်စေချင်ပါတယ်။ ဒီခွေမှာ ဒဿနဆန်တဲ့ သီချင်းတွေ၊ စိတ်ခွန်အားပေးနိုင်တဲ့ သီချင်းတွေပါပါတယ်။

Voice : ကိုယ်လည်း ခွေသစ်မထွက်တာ ကာလတစ်ခုကြာခဲ့ပြီဆိုတော့ စိတ်ခံစားမှုအပြောင်းအလဲရော ဘာတွေရှိမလဲ။
NLA : ကျွန်တော့်အတွက် အပြောင်းအလဲဆိုရင်တော့ သီချင်းရွေးတဲ့အပိုင်း၊ ဆိုတဲ့အပိုင်းတွေမှာ အရင်ထက်ပိုပြီးတော့ ရင့်ကျက်လာတယ်။ ငယ်ငယ်တုန်းကလိုတော့ အချစ်သီချင်းတွေ သိပ်မဆိုချင်တော့ဘူး။ အကြောင်းအရာလေးနက်တဲ့ သီချင်းတွေ၊ ပရိသတ်တွေကို ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ပိုဆိုချင်လာပါတယ်။ 

Voice : အချစ်သီချင်းတွေ မဆိုချင်တော့တာက အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ မရှိတော့လို့လား။
NLA : အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ အချစ်သီချင်းဆိုဖို့အတွက် အသည်းကွဲဖို့ကလည်း မရှိတော့ဘူး။ ချစ်ရမယ့်သူတွေကလည်း ယောကျာ်းရသွားပြီဆိုတော့လေ။ နောက်ပြီး အသက်အရွယ်နဲ့လည်းဆိုင်လိမ့်မယ်။ ပရိသတ်တွေကလည်း အလွမ်းအဆွေးသီချင်းတွေထက်၊ မြူးတဲ့သီချင်းတွေကို ပိုကြိုက်လာတာ တွေ့ရတယ်။ အဲ့ဒါကြောင့်လည်းပါပါလိမ့်မယ်။

Voice : ကိုယ်လည်း ပရိသတ်တွေသိခဲ့တဲ့၊ အောင်မြင်ခဲ့တဲ့ သီချင်းတွေရှိခဲ့ပေမယ့် ဂီတလှုပ်ရှားမှုတွေ ကျဲပါးခဲ့တာကြောင့် ပရိသတ်နဲ့ ဝေးခဲ့ရတဲ့ အချိန်တွေကိုရော မနှမြောဘူးလား။
NLA : အဲ့ဒီလိုမျိုးတော့ မနှမြောပါဘူး။ လူတစ်ယောက်မှာ သူ့ရဲ့ ဖြစ်ရမယ့် အချိန်အခါဆိုတာရှိတယ်။ ကိုယ်မဖြစ်ခဲ့ဘူးဆိုတာလည်း မဖြစ်သင့်သေးလို့ပဲထင်ပါတယ်။ ကျွန်တော်လည်းလုပ်ခဲ့တဲ့ အချိန်တုန်းက လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့လည်း အောင်မြင်မှုတစ်ခုဆိုတာက အတင်းလုပ်ယူလို့ မရဘူး။ ကိုယ့်ဘက်က ကြိုးစားပေမယ့်လည်း အချိန်မတန်ရင် မဖြစ်သေးဘူး။ အချိန်ကျရင်တော့ ဘယ်လိုပဲအတားအဆီးတွေရှိရှိ ဖြစ်လာတာပါပဲ။

Voice : လက်ရှိမှာရော အချစ်ရေးက တစ်ယောက်တည်းပဲလား။ ရည်းစားတွေထားဖို့ရော စိတ်ကုန်သွားပြီလား။
NLA : ကျွန်တော့်မှာ ချစ်သူရှိပါတယ်။ ကျွန်တော့်ကောင်မလေးက ကျွန်တော့်ထက် ရှစ်နှစ်ငယ်ပါတယ်။ ချစ်သူသက်တမ်းကတော့ သုံးနှစ်ကျော်ပါပြီ။ ဒီတစ်ခေါက် အချစ်ရေးကတော့ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်ကအချစ်မရှိရင်တော့ မနေတတ်တာမဟုတ်ပါဘူး။ ကျွန်တော်က တစ်ဦးတည်းသောသားဆိုတော့ ဘေးနားမှာတစ်ယောက်ယောက်ရှိမှရတယ်။ သံယောဇဉ်တွယ်တတ်တယ်။ 

သန့်ဇင်ဦး