POST TYPE

ENTERTAINMENT

ဖြိုးမြတ်အောင်နဲ့ တွေ့ဆုံခြင်း
11-Jul-2018 tagged as အနုပညာ



“လူသာ သေရင်သေသွားပါစေ၊ ကျွန်တော့်နာမည်ကျန်ခဲ့မယ့် သီချင်းမျိုးတွေ ဖန်တီးချင်တယ်”

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်နဲ့တွေ့ဆုံပြီး၊ ပြိုင်ပွဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ အမှတ်တရများအကြောင်း၊ Winner ဆုရှင်ဖြစ်ဖို့ မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒီပြိုင်ပွဲ အစတုန်းက ဖြိုးမြတ်အောင်က စိတ်အားငယ်တတ်တယ်နော်။ အခုရော ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ ယုံကြည်မှုရှိနေပြီလဲ။
PMA : ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ချစ်လည်း ချစ်ပါတယ်။ ပြည်ပကနေ အားပေးကြတဲ့သူတွေရော၊ မြန်မာတစ်နိုင်ငံလုံးက အားပေးကြတဲ့သူတွေရော၊ ဧရာဝတီတိုင်းတစ်တိုင်းလုံးက အားပေးကြတဲ့သူတွေရောပေါ့နော်။ သူတို့ပေးတဲ့ ခွန်အားတွေကြောင့် အခုဆို ကျွန်တော် စိတ်ဓာတ်မကျတော့ပါဘူး။ အင်အားတွေလည်းရှိလာပါပြီ။ ယုံကြည်မှုတွေလည်း တိုးလာပါပြီ။ 

Voice : ပြိုင်ပွဲကာလမှာရော ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရသေးလဲ။
PMA : ဒီမှာကတော့ လူကြီးတွေက လိုလေသေးမရှိအောင် စီစဉ်ပေးတဲ့အတွက် ကျွန်တော်တို့မှာ ဘာအခက်အခဲမှမရှိပါဘူး။ သီချင်းနဲ့ပတ်သက်ရင်၊ အဆိုပိုင်းနဲ့ ပတ်သက်ရင်လည်း ဆရာဥက္ကာဦးသာ၊ ဆရာမထရေစီတို့က သေချာသင်ကြားပေးတဲ့အတွက် ပညာတွေလည်း အများကြီးရခဲ့ပါတယ်။ အရင်တုန်းက သီချင်းတစ်ပုဒ်ကို ဆိုသာဆိုလိုက်တယ်။ ဘယ်လို ခံစားချက်ထည့်ရမလဲဆိုတာမသိခဲ့ဘူး။ အခုတော့ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးကြောင့် သိလာခဲ့ပါပြီ။

Voice : ဒီပြိုင်ပွဲ ဝင်မပြိုင်ခင်မှာရော ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုအတွေ့အကြုံတွေရှိခဲ့လဲ။
PMA : ကျွန်တော်တို့  ဟင်္သာတမြို့ မှာက မိုးတွင်းကာလဆို ရေတွေအရမ်းကြီးတယ်။ ရေဘေးကယ်ဆယ်ရေးအတွက် အလှူခံထွက်ရင် တီးဝိုင်းလေးပါပါလေ့ရှိတယ်။ အဲ့ဒီတီးဝိုင်းတွေမှာ ကျွန်တော်သီချင်းဆိုဖူးတယ်။ ဟင်္သာတမှာလုပ်တဲ့ ပရဟိတပွဲတော်တော်များများမှာလည်း ကျွန်တော်သီချင်းဆိုဖူးပါတယ်။ အဲဒီတုန်းကတော့ သီချင်းဆိုနေရရင် ပျော်နေတာပါပဲ။ ဘာဖိအားမှလည်း မရှိပါဘူး။ အခုကျတော့ ပြိုင်ပွဲပြိုင်ရတာ ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုတော့နည်းနည်းရှိပါတယ်။

Voice :  ဒီပြိုင်ပွဲအတွက် Audition လာဝင်ဖို့တောင် အခက်အခဲတွေ ရှိခဲ့တယ်လို့  သိရတယ်။ အဲဒီအကြောင်းတွေလည်း ပြောပြပေးပါဦး။
PMA : ဆန်ခါတင် ဆယ်ယောက်အဆင့်အထိမပါခင် ဖြတ်ကျော်ခဲ့ရတဲ့ အဆင့်တွေမှာ ကျွန်တော့်အတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ ဟင်္သာတကနေ ပုသိမ်ကိုသွားပြီး အသံစစ်ဖို့တောင် ကျွန်တော့်မှာ လမ်းစရိတ်မရှိဘူး။ သူငယ်ချင်းတစ်ယောက်ဆီကနေ ပိုက်ဆံလေးတစ်သောင်းချေးပြီးတော့ ပုသိမ်ကို သွားခဲ့ရပါတယ်။ နောက်ပြီးတော့ ဒုတိယအဆင့်ထပ်ပြိုင်ဖို့ သွားမယ်လုပ်တော့လည်း အမေ့ဆိုင်ခွက်ထဲမှာ ပိုက်ဆံနှိုက်ကြည့်တော့ သုံးရာပဲရှိတယ်။ သူစိတ်မကောင်းဖြစ်မှာစိုးလို့ ဘာမှမပြောဘဲ ပိုက်ဆံလိုက်ရှာတော့ ဘယ်မှာမှရှာလို့မရဘူး။ အဲဒါနဲ့တက္ကသိုလ်ကျောင်းထဲက ကိုသားငယ်ရဲ့ဆိုင်မှာ ပိုက်ဆံနှစ်သောင်းသွားချေးတော့ သူက မချေးဘဲ ဒီအတိုင်းပေးခဲ့ပါတယ်။ အခက်အခဲတွေလည်း အများကြီး ရှိခဲ့ပါတယ်။

Voice : ဒီပြိုင်ပွဲမှာ ဘယ်အဆင့်လောက်အထိ ရောက်ဖို့မျှော်မှန်းထားလဲ။ တကယ်လို Winner ဆုရခဲ့မယ်ဆိုရင် ဘာတွေဆက်လုပ်သွားမလဲ။
PMA : ကျွန်တော် အိပ်မက်ထားတဲ့အတိုင်း အဆိုတော်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် လူသာသေရင် သေသွားပါစေ၊ ကျွန်တော့်နာမည်ကျန်ခဲ့မယ့်သီချင်းမျိုးတွေ ဖန်တီးချင်တယ်။ တကယ်လို Winner ဖြစ်ခဲ့မယ်ဆိုရင် ဘယ်ဘာသာ၊ ဘယ်လူမျိုး ဘာမှမခွဲခြားဘဲ လိုအပ်တဲ့နေရာတွေမှာ ကူညီချင်တယ်။ နောက်ပြီး ကျွန်တော်က ပညာရေးနဲ့ပတ်သက်ပြီး ချို့ချို့တဲ့တဲ့ ဖြတ်သန်းလာခဲ့ရတော့ ပညာသင်ဖို့ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီချင်တယ်။ နောက်ပြီး အမေက ဘုရားထီးတင်ချင်တယ်လို့ ခဏခဏ ပြောဖူးတယ်။ အမေ့ဆန္ဒလေးကိုလည်း ဖြည့်ဆည်းပေးချင်ပါတယ်။

သန့်ဇင်ဦး