News

POST TYPE

ENTERTAINMENT

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
04-Jul-2018 tagged as အနုပညာ

“ညီမလေး ရေးပေးတဲ့ဇာတ်လမ်းကို မရိုက်ဖြစ်တာ ဆယ်နှစ်ကျော်လောက် ကြာပြီးတော့မှ တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာကို ရိုက်ဖြစ်တယ်”

နာမည်ကျော်သရုပ်ဆောင် ပြေတီဦးနဲ့  တွေ့ဆုံပြီး ဇူလိုင်လ ၆ ရက်နေ့မှာ စတင်ရုံတင်ပြသတော့မယ့် “တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့  အမှတ်တရ ဖြစ်ရပ်များအကြောင်းကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : “တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာ” ရုပ်ရှင်ရဲ့ ဇာတ်လမ်းက ကိုပြေတီဦးရဲ့ ညီမ ငွေတီဦး ရေးထားတာနော်။ ကိုယ့်ညီမရေးပေးတဲ့ ဇာတ်လမ်းကို ရိုက်ရတဲ့ ခံစားမှုက ဘယ်လိုရှိလဲ။
PTO : ကျွန်တော် ပထမဆုံး မင်းသားစဖြစ်တုန်းကလည်း ညီမလေးရေးတဲ့ “ကိုယ့်လမင်းရဲ့ ချစ်ခြင်းကဗျာ” ဆိုတဲ့ ဇာတ်ကားလေး ရိုက်ဖူးပါတယ်။ အဲ့ဒီဇာတ်ကားကလည်း အောင်မြင်ခဲ့တယ်။ အဲ့ဒီတုန်းကလည်း ဇာတ်လမ်းကို ဖတ်လိုက်တာနဲ့ကို ကြိုက်တယ်၊ ရိုက်ချင်တယ်။ နောက်ပိုင်း ညီမလေး ရေးပေးတဲ့ ဇာတ်လမ်းတွေ သုံးလေးငါးပုဒ်ရှိသေးတယ်။ ကျွန်တော်က ကြေးများတော့ မကြိုက်တာနဲ့  မရိုက်ဖြစ်ဘူး။ ညီမလေး ရေးပေးတဲ့ ဇာတ်လမ်းကို မရိုက်ဖြစ်တာ ဆယ်နှစ်ကျော်လောက်ကြာပြီးတော့မှ တိုးကျော်မန်းနဲ့  နန်းဆန်တဲ့ရွာကို ရိုက်ဖြစ်တယ်။ ဒီဇာတ်လမ်းကို စနားထောင်ကတည်းက ကြိုက်တယ်။ မရရအောင် ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

Voice : ဇာတ်လမ်းပုံစံကလည်း သမားရိုကျထဲက ကွဲထွက်ပြီး နည်းနည်းဆန်းနေတယ်နော်။ 
PTO : ဇာတ်လမ်းပုံစံက ကျွန်တော်တို့ ရိုက်နေကျ ပုံစံမျိုးတော့ မဟုတ်ဘူး။ ပရိသတ်ကို ကြိုပြီးတော့ မပြောပြ ထားချင်ဘူး။ ရုံမှာ လာကြည့်တဲ့အခါကျရင် ပေါ့သွားမှာစိုးလို့ပါ။ အကြမ်းဖျင်းလေးပြောပြရရင်တော့ ကျွန်တော်ရယ်၊ ကိုနိုင်ကြီး (ကျော်ရဲအောင်) ရယ်၊ ဦးဗေရယ်က သူငယ်ချင်းသုံးယောက်ပေါ့။ နယ်ကနေ ရန်ကုန်ကို တက်လာပြီး အလုပ်လာလုပ်တယ်။ တိုက်ခန်းတစ်ခုမှာ စုငှားနေကြတယ်။ ကျွန်တော်တို့ သုံးယောက်လုံးက တစ်ယောက်မှ ဂေါ်မစွံဘူး။ ရည်းစားမရှိကြဘူး။ အဲ့ဒီမှာ ဘယ်သူအရင် မိန်းမရမလဲ၊ မိန်းမရတဲ့သူရဲ့အိမ်မှာ ကျန်တဲ့ နှစ်ယောက်က အိမ်ဖော်လိုက်လုပ်ရမယ်ဆိုပြီး အလောင်းအစားလုပ်ကြတယ်။ ဦးဗေလုဝက အရင်ဆော်ရသွားတော့ ကျွန်တော်တို့က ခံရတာပေါ့။ ဇာတ်လမ်းက အဲ့ဒီမှာ စတယ်။ နောက်ပိုင်းမှာတော့ ဇာတ်အလှည့်အပြောင်းလေးတွေပါတယ်။

Voice : ပဲခူးရိုးမ အလယ်မှာတောင် သွားရိုက်ခဲ့ရတာဆိုတော့ ရိုက်ကူးရေးပိုင်းမှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့သေးလဲ။
PTO : ဒီကားလေးကို ကျွန်တော်တို့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့  ရိုက်ခဲ့ရတယ်။ ကျွန်တော်တို့ သွားရိုက်တဲ့ နေရာက ပဲခူးရိုးမရဲ့​ အလယ်ကောင်တည့်တည့်မှာရှိတယ်။ ဘယ်လောက်အထိ ခေါင်လဲဆိုရင် ဖုန်းတွေဆို တစ်လုံးမှ မမိတော့ဘူး။ ရိုက်တဲ့သူတွေအတွက်တော့ ပိုကောင်းတာပေါ့။ ပါလာတဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ဖုန်းတစ်ယောက်မှ မမိတော့ အလုပ်မရှုပ်တော့ဘူး။ အားလုံးက ဒီဇာတ်ကားပေါ်မှာ အာရုံစိုက်လို့ရတယ်။ ဒီကားရိုက်ခဲ့ရတာ အရမ်းလည်း ပင်ပန်းတယ်။ အရမ်းလည်း ခက်ခဲတယ်။ ပါတဲ့ သရုပ်ဆောင်တွေ အကုန်လုံးက မညည်းမညူဘဲနဲ့ကို ရိုက်ကူးပေးကြတယ်။ တော်ရုံတန်ရုံစိတ်မျိုးနဲ့ ရိုက်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ စရောက်တဲ့ရက်ကဆိုရင် ဘာမှတောင် မရိုက်ရသေးဘူး၊ ကျွန်တော်တို့နဲ့ပါလာတဲ့ မော်ဒယ်လ်ကောင်မလေး တစ်ယောက်ကို ဘာကောင်လည်းမသိဘူး ကိုက်လိုက်တယ်။ ခြေထောက်ကြီးက ရောင်လာတော့ ဘာမှန်း မသိဘူးလေ။ ညတွင်းချင်း ဆေးရုံပို့ရတယ်။ အဆိပ်တော့ရှိပေမယ့် အသက်အန္တရာယ်ပေးနိုင်တဲ့ အကောင်မျိုးမဟုတ်တော့ တော်သေးတယ်။ သူဆို ဆက်မရိုက်ရဲဘဲ ရန်ကုန်ပြန်သွားတယ်။

Voice : ဒီဇာတ်ကား ရိုက်တုန်းက ကိုယ်တိုင်ရော ဘယ်လိုအမှတ်တရ ဖြစ်ရပ်တွေ ကြုံခဲ့ရသေးလဲ။
PTO : ကျွန်တော်ဆိုရင် အရေပြားတွေက အကွက်အကွက်တွေ ဖြစ်ကုန်တယ်။ အရေပြားလောင်သွားပြီး အရေခွံတွေပါ အကုန်လုံးလန်ကုန်တယ်။ နေက အရမ်းပူတာလေ။ ဇာတ်သိမ်းခန်းတစ်ခန်းတည်းကို တောင်ကုန်းကြီးပေါ်မှာ ကျွန်တော်တို့ နှစ်ရက်တိတိ ရိုက်ရတယ်။ ကျွန်တော်တို့ရိုက်ပြီးတော့မှ ရွာသားတွေက ပြန်ပြောတယ်။ အဲ့ဒီတောင်ကုန်းပေါ်ကို ဘယ်သူမှ မတက်ရဲဘူးတဲ့။ အဲ့ဒီတောင်က မြွေပွေး အရမ်းပေါတာတဲ့၊ နာမည်ကိုက မြွေပွေးကုန်းလို့  ပေးထားတာတဲ့။ တော်သေးတယ်။ ရိုက်ပြီးသွားတဲ့အချိန်မှ သိလို့ပေါ့နော်။ နှင့်မို့ဆို ကျွန်တော်တို တက်ရဲမှာ မဟုတ်ဘူးလေ။ ဒီဇာတ်ကားလေးကို ကျွန်တော်တို့  အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ ပရိသတ်တွေ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။

သန့်ဇင်ဦး