News

POST TYPE

ENTERTAINMENT

မေမြင့်မိုရ်နဲ့ တွေ့ဆုံခြင်း
25-Jun-2018 tagged as အနုပညာ



“ကိုယ်ကြုံခဲ့ရတဲ့ အချစ်တွေက အချစ်စစ်မဟုတ်တာတွေများတယ်။ အတုအယောင်တွေများတယ်”

သရုပ်ဆောင်မေမြင့်မိုရ်နဲ့ တွေ့ဆုံပြီး အရိပ်ဇာတ်လမ်းတွဲ အောင်မြင်ခဲ့တဲ့ အပေါ်ခံစားမှု၊ ရိုက်ကူးရေးအတွေ့အကြုံများအကြောင်းနဲ့ အချစ်ရေးအကြောင်း တို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ပန်းနုသွေး ဇာတ်လမ်းတွဲတုန်းက အောင်မြင်ခဲ့သလို၊ “အရိပ်” မှာလည်း ထပ်ဆင့်အောင်မြင်မှု တွေရခဲ့တယ်နော်။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေနဲ့ အကျိုးပေးတယ်လို့ ပြောရမှာပေါ့။
MMM : အရိပ်ဇာတ်လမ်းတွဲကို ပရိသတ်တွေက အားပေးခဲ့ကြတဲ့အတွက် အရမ်းလည်းပျော်ပါတယ်။ ညီမ ကိုယ်တိုင်လည်း ကိုယ်သရုပ်ဆောင်ရတဲ့ “စု” ဆိုတဲ့ ဇာတ်ကောင်ကို သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ကြိုးစားခဲ့တယ်။ မေမြင့်မိုရ်ဆိုတာ ပျောက်ပြီး ဇာတ်ကောင်စုစုလှိုင်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေက “စု” ဆိုတဲ့ ဇာတ်ကောင်ကိုချစ်ပြီး အားပေးခဲ့ကြတဲ့အတွက် အရမ်းကိုပျော်ပါတယ်။

Voice : “အရိပ်” က ပန်းဖြူ အကယ်ဒမီရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကားဆိုတော့ ကိုယ်ပြန်ရိုက်ရတဲ့အခါမှာ စိုးရိမ်စိတ်ရှိခဲ့သေးလား။
MMM : အောင်မြင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုကို ကိုယ်ပြန်ရိုက်ရတဲ့အချိန်မှာ ပျော်လည်းပျော်တယ်။ ရင်လည်းခုန်တယ်။ စိတ်ဖိစီးမှုတွေလည်းရှိခဲ့ပါတယ်။ “စု” ဇာတ်ကောင်က မာနကြီးပြီး၊ ချေတဲ့ပုံစံမျိုးဆိုတော့ ကိုယ်လည်း အရင်တုန်းက အဲ့ဒီလိုပုံစံတစ်ခါမှလည်း မရိုက်ဖူးဘူး။ ယောကျာ်းလေးတွေကို အသည်းခွဲရတာတွေ၊ ဆေးစွဲတဲ့ အခန်းတွေကျတော့ ညီမအတွက် လုပ်ရတာ နည်းနည်းဆန်းတယ်။ ဇာတ်လမ်းတွဲ မရိုက်ခင်မှာ အများကြီး ကြိုတင်ပြင်ဆင်ရတယ်။ “စု” ဇာတ်ကောင်ရဲ့ Mood ကိုလည်း အမြဲတမ်းထည့်ထားရပါတယ်။

Voice : ကိုယ့်အနုပညာသက်တမ်းနဲ့ကျတော့ ဆေးစွဲတဲ့အခန်းတွေ၊ ဘာတွေရိုက်ရတာ နည်းနည်းခက်မယ် ထင်တယ်နော်။
MMM : အဲဒါကကျတော့ ညီမတွဲသရုပ်ဆောင်ခဲ့ရတဲ့ အနုပညာရှင်ကြီးတွေကလည်း သင်ပေးပါတယ်။ ဦးရန်လေး (ရန်အောင်) ဆိုရင်လည်း ညီမကို အများကြီးသင်ပြပေးတယ်။ ကိုယ်လည်း တစ်ခါမှ မလုပ်ဖူးတော့ ရင်တွေလည်း အရမ်းခုန်ခဲ့ပါတယ်။ ကိုယ်သရုပ်ဆောင်တာက မပီပြင်မှာကို စိတ်ပူတာပေါ့နော်။ ပြန်ကြည့်တဲ့အခါမှာတော့ စိတ်ကျေနပ်မှုလည်း ရခဲ့ပါတယ်။

Voice : “အရိပ်” ဇာတ်လမ်းတွဲမှာ “စုစုလှိုင်” ဇာတ်ကောင်အပြင် တခြားဇာတ်ကောင်တွေကိုပါ ပရိသတ်တွေက အသိအမှတ်ပြုပြီး အားပေးခဲ့ကြတာ ထူးခြားတယ်နော်။
MMM : ညီမတို့အရိပ် ဇာတ်လမ်းတွဲမှာ ဇာတ်ကောင်တွေ အကုန်လုံးက သူ့နေရာနဲ့သူ လုပ်ကွက်ရှိကြတယ်။ အားလုံးကလည်း ကိုယ်ကျရာဇာတ်ရုပ်ကို ပီပြင်အောင်ကြိုးစားကြတယ်။ ဇာတ်လမ်းတွဲထဲမှာက ပျော်စရာလေးတွေလည်း ပါသလို ဝမ်းနည်းစရာလေးတွေလည်းပါတယ်။ ဇာတ်ကောင်တွေ အားလုံးနဲ့ ပရိသတ်တွေက တစ်သားတည်း ဖြစ်သွားတယ်။ ညီမတို့ လူငယ်သရုပ်ဆောင်တွေကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Voice : ရုပ်ရှင်အဖြစ် ရိုက်ခဲ့တဲ့ “အရိပ်” ကို ဇာတ်လမ်းတွဲပြန်ရိုက်တာဆိုတော့ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍကို သေသေချာချာ ပြလို့ရတာလည်းပါမယ်ထင်တယ်နော်။
MMM : အရိပ်က ရုပ်ရှင်အနေနဲ့ အောင်မြင်ခဲ့တော့ ညီမတို့ဇာတ်လမ်းတွဲ ပြန်ရိုက်တဲ့အချိန်မှာ ကြည့်တဲ့ပရိသတ်တွေက ဘာများပြောမလဲ စိတ်ပူကြတယ်။ ဝေဖန်ခံရမှာလည်း ကြောက်ကြတာပေါ့နော်။ အဲဒီအတွက် ပိုပြီးတော့ကြိုးစားကြတယ်။ အရိပ်ဇာတ်လမ်းကိုရေးခဲ့တဲ့ စာရေးဆရာမကြီး မစန္ဒာကို ညီမတို့ အရိပ်အဖွဲ့သားတွေ သွားကန်တော့တုန်းကတော့ ဆရာမကြီးက ကျေနပ်တယ်လို့ပြောပါတယ်။ ဇာတ်ကောင်အားလုံးက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်လို့လည်းပြောပါတယ်။ သူလည်း နေ့တိုင်း ကြည့်ဖြစ်တယ်လို့ပြောတော့ အားရှိသွားတာပေါ့နော်။ 

Voice : အရိပ်ဇာတ်လမ်းတွဲထဲက “စု” ကတော့ မချစ်တတ်ဘူးလို့ အမြဲပြောလေ့ရှိတယ်နော်။ အပြင်က မေမြင့်မိုရ်ကရော ဘယ်လိုရှိမလဲ။
MMM : အရိပ်ဇာတ်လမ်းတွဲထဲက “စု” ကတော့ မချစ်တတ်ဘူးပေါ့။ အပြင်က မေမြင့်မိုရ်ကလည်း ချစ်ရမှာကို ကြောက်တယ်။ မချစ်ချင်ဘူး။ လူတစ်ယောက်ကို ချစ်ရတယ်ဆိုတာ ပင်လည်းပင်ပန်းတယ်။ အခုနောက်ပိုင်း အချစ်တွေက အချစ်စစ်နည်းနည်းရှားတယ်။ အဲဒါကြောင့် အချစ်ဘက်ကို သိပ်ပြီးတော့ မလှည့်ချင်ဘူး။ အချစ်ကို အယုံအကြည်သိပ်မရှိတော့တာလည်း ပါတာပေါ့နော်။ တစ်ယောက်တည်းပဲ အေးအေးဆေးဆေး နေချင်တော့တယ်။

Voice : ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကရော ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲ။
MMM : ကိုယ်ကြုံခဲ့ရတဲ့ အချစ်တွေက အချစ်စစ်မဟုတ်တာတွေ များတယ်။ အတုအယောင်တွေများတယ်။ နောက်ပိုင်းကျတော့ အချစ်ကို ခံစားရမှာနည်းနည်းကြောက်လာတယ်။ ကိုယ်ကတော့ လူတစ်ယောက်ကို ချစ်လို့ရှိရင် အချစ်စစ်နဲ့ပဲ ချစ်ချင်တယ်။ တစ်ယောက်ဆို တစ်ယောက်ပဲချစ်ချင်တယ်။ အဲဒီလိုမျိုးထားဖို့ကျတော့ နည်းနည်းရှားတာပေါ့နော်။ ကိုယ်တိုင်စိတ်တိုင်းကျတဲ့သူ၊ ကိုယ့်ကို နားလည်ပေးနိုင်တဲ့သူ၊ အချစ်စစ်နဲ့ ချစ်မယ့်သူတော့ အခုချိန်အထိ မတွေ့သေးဘူး။

သန့်ဇင်ဦး