News

POST TYPE

ENTERTAINMENT

ဖြိုးပြည့်စုံနဲ့ တွေ့ဆုံခြင်း
24-Jun-2018



“ကျွန်တော့်ခွေထွက်တဲ့အချိန်ကလည်း မိုးတွင်းဖြစ်နေတော့ Promotion လုပ်ဖို့ကို မျှော်လင့်ချက် သိပ်မထားတော့ဘူး”

တေးသံရှင် ဖြိုးပြည့်စုံနဲ့တွေ့ဆုံပြီး ဇွန်လ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် “မျှော်နိုင်သမျှ” ဒီဗီဒီမှာ သီချင်းတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ပုံစံများနဲ့ တေးသံရှင် အောင်ထက်နဲ့ နှစ်ယောက်တွဲစီးရီးတစ်ခွေထွက်ဖို့ ရှိတဲ့အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဖြိုးပြည့်စုံရဲ့ “မျှော်နိုင်သမျှ” စီဒီနဲ့ ဒီဗီဒီထွက်တဲ့ အချိန်ကတော်တော်လေး ကွာတယ်နော်။ 
PPS : ကျွန်တော့်ရဲ့ “မျှော်နိုင်သမျှ” စီဒီက ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထွက်ခဲ့တာပါ။ ဒီဗီဒီကိုလည်း အခုလာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ထွက်ပါမယ်။ စီဒီထွက်တဲ့ အချိန်တုန်းက ပထမဆုံးတစ်ကိုယ်တော်ခွေလည်းဖြစ်နေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိသေးဘူး။ စီဒီထွက်ပြီးတဲ့အချိန်မှာလည်း ပရိသတ်ဆီက Feed Back ကို ကျွန်တော် တို့က ခြောက်လ၊ တစ်နှစ်လောက်တော့ စောင့်ရတယ်။ စီဒီထွက်ပြီး ခြောက်လလောက်အထိက MTV မရိုက်နိုင်သေးဘူး။ ရိုက်ဖို့လည်း စိတ်ကူးမရှိသေးဘူး။ တစ်နှစ်လောက်အကြာမှာ ကျွန်တော်ရှိုးပွဲတွေဆိုလာရတယ်၊ FM တွေကနေလည်း ဆုတွေရခဲ့တယ်။ ကျွန်တော့်အနေအထားလေးက အလုပ်ဆက်လုပ်ဖို့အတွက် ခွန်အားတွေရလာတယ်။ အဲ့ဒီအချိန်မှာ VE VE က ကျွန်တော့်ကို မျှော်နိုင်သမျှ MTV ရိုက်ဖို့ စပွန်ဆာပေးတဲ့အတွက် စရိုက်ဖြစ်ပါတယ်။ သီချင်းတွေ အားလုံးကိုတော့ နှစ်နှစ်လောက် အချိန်ယူပြီး သေချာရိုက်ခဲ့ပါတယ်။

Voice : ဒီခွေထဲမှာသီချင်းတွေကိုဘယ်သူတွေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးပေးထားလဲ။
PPS : စီဒီထွက်တဲ့ အချိန်တုန်းကတော့ သီချင်း ၁၃ ပုဒ်ပါခဲ့တာပေါ့နော်။ ဒီဗီဒီထဲမှာတော့ သီချင်း ၁၁ ပုဒ်ပဲ ပြန်ထည့်ထားတယ်။ သီချင်း ၂ ပုဒ်ကိုတော့ အကြောင်းကြောင်းကြောင့် ဖြုတ်လိုက်ရတယ်။ ဒါပေမဲ့ သီချင်းတစ်ပုဒ်ကို ကျွန်တော် အစားပြန်ထည့်ပေးထားပါတယ်။ အဲ့ဒါကတော့ ရတနာပုံ ရုပ်သံဇာတ် လမ်းတွဲမှာဇာတ်ဝင်တေးအဖြစ် ကျွန်တော်ဆိုခဲ့တဲ့ “မျှော်လင့်ချက်လေး ” သီချင်းကို ကျွန်တော်တို့ MTV လေး ပြန်ရိုက်ပြီးထည့်ထားပါတယ်။ ဒီခွေထဲမှာသရုပ်ဆောင်တွေကတော့ ကိုနေတိုး၊ ကိုအောင်ရဲလင်း၊ ကိုထွန်းထွန်း၊ မဝိုင်းစုခိုင်သိန်း၊ မမိုးစက်ဝိုင်၊ အမေချိုပြုံးတို့ပါတယ်။ ဒါရိုက်တာတွေကတော့ မကြည်ဖြူသျှင်၊ အောင်မြတ်၊ မေဘရဏီ၊ နေဟိန်းတို့က ရိုက်ကူးပေးထားပါတယ်။ 

Voice : ဒီခွေမှာကိုဖြိုးကိုယ်တိုင်ရော သီချင်းဘယ်နှပုဒ်မှာ ဝင်သရုပ်ဆောင်ထားလဲ။
PPS : ဒီခွေမှာတော့ ကျွန်တော်က မင်းသားနေရာကမဟုတ်ဘဲ၊ သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ပဲ ပါဝင်ထားတယ်။ သီချင်းလေးပုဒ်လောက်မှာ ကျွန်တော် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ရိုက်မယ့် ပုံစံတွေကိုတော့ ကျွန်တော်အလုပ်အပ်လိုက်တဲ့ ဒါရိုက်တာတွေနဲ့ Script Writer တွေက ရေးပေးတာပါ။ ဒါရိုက်တာအသီးသီးက သူတို့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်းဆုံးပုံဖော်ပေးထားပါတယ်။ ကျွန်တော်တို့ရိုက်ထားတဲ့ တချို့သီချင်းတွေက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရိုက်တာဆိုတော့၊ ကင်မရာပိုင်းနဲ့ စက်ပစ္စည်းပိုင်းတွေမှာတော့ နည်းနည်းလေး UP TO Date မဖြစ်တာတော့ ရှိမှာပေါ့နော်။ ဒါပေမဲ့ မင်းသား၊ မင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဒါရိုက်တာတွေရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ပါပဲ။

Voice : ဒီခွေအတွက် Promotion ပွဲလုပ်ဖို့ကိုရော ဘယ်လိုများ စီစဉ်ထားလဲ။
PPS : ကျွန်တော့်ခွေထွက်တဲ့ အချိန်ကလည်းမိုးတွင်းဖြစ်နေတော့ Promotion လုပ်ဖို့ကို မျှော်လင့်ချက် သိပ်မထားတော့ဘူး။ နောက်လထဲမှာ ကျွန်တော်နဲ့ အောင်ထက်ရဲ့ နှစ်ယောက်တွဲစီးရီးကလည်း ထွက်ဖို့ ရှိသေးတယ်။ အဲ့ဒီခွေအတွက် အချိန်ပေးပြီး အားစိုက်နေရတော့ Promotion လုပ်ဖြစ်ရင်တောင် အခွေသစ်အတွက်ပဲ အချိန်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မျှော်နိုင်သမျှ စီဒီထွက်ခဲ့တာလည်း သုံးနှစ်လောက်ကြာခဲ့ပြီ။ ပရိသတ်တွေကလည်း စီဒီထွက်ခဲ့တုန်းက Promotion မှာ ကျွန်တော့်ကို ဝန်းရံအားပေးထားကြတယ်။ Promotion တစ်ခုလုပ်ဖို့ အနုပညာရှင်ဘက်က အများကြီးအားစိုက်ရသလို၊ ပွဲကိုလာမယ့်ပရိသတ်တွေကလည်း အချိန်တွေ၊ ငွေတွေရင်းနှီးရပါတယ်။ အဲ့ဒါကြောင့် မျှော်နိုင်သမျှ ဒီဗီဒီအတွက် Promotion လုပ်ဖို့တော့ စဉ်းစားနေပါတယ်။ လုပ်ဖြစ်ဖို့တော့ သိပ်မသေချာပါဘူး။

Voice : ဖြိုးပြည့်စုံနဲ့ အောင်ထက်ရဲ့ နှစ်ယောက်တွဲစီးရီးကရောဘာတွေ ထူးခြားမှုရှိမလဲ။
PPS : ကျွန်တော်နဲ့ အောင်ထက်က နှစ်ယောက်တွဲစီးရီးလေး လုပ်ချင်တာကြာပါပြီ။ သူက ကျွန်တော့်ကိုတွေ့ရင် လုပ်မယ်ပြောသလို၊ ကျွန်တော်က သူ့ကိုတွေ့ရင်လုပ်မယ်ပြောလိုက်နဲ့ ကြန့်ကြာနေတာပေါ့။ တကယ် အကောင်အထည်ဖော်ဖြစ်တာကတော့ ပြီးခဲ့တဲ့ ခြောက်လလောက်ကမှပေါ့။ သူကလည်းသူတာဝန်ယူထားတဲ့အပိုင်းကို အကောင်းဆုံးကြိုးစားတယ်။ ကျွန်တော်ကလည်း ကိုယ်ဆိုရမယ့်သီချင်းတွေကို အကောင်းဆုံးပြင်ဆင်တယ်။ ခွေလုပ်ရင်းနဲ့မှ တချို့သီချင်းတွေ ပြန်ဖြုတ်ချင်တယ်၊ တချို့သီချင်းတွေ ထပ်တိုးတယ်ဆိုပြီး နှစ်ယောက်လုံးကလောဘတွေ တက်နေတော့ ခွေထွက်ဖို့အတွက် အချိန်ယူနေတာပါ။ နောက်လကုန်လောက်ဆိုရင်တော့ ခွေထွက်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။

သန့်ဇင်ဦး