News

POST TYPE

ENTERTAINMENT

မိုးစက်ဝိုင်နဲ့ တွေ့ဆုံခြင်း
21-Jun-2018

မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်တဲ့ Miss Universe Myanmar 2013 ဆုရှင် အလှမယ်မိုးစက်ဝိုင်နဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ Moezy အလှကုန်ကနေ ထုတ်မယ့်ကုန်ပစ္စည်းသစ်အကြောင်းနဲ့ အဆိုတော် ရွှေထူးနဲ့ အချစ်ရေး ကောလာဟလ သတင်းထွက်ခဲ့တဲ့အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မိုးစက်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
MSW : လတ်တလောကတော့ မိုးစက် ကြော်ငြာတစ်ခုရိုက်ဖို့ လက်ခံထားပါတယ်။ ရိုက်ပြီးသား ကြော်ငြာလေးတစ်ခုလည်း ရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံခြားဆန်ဆန်လေး ရိုက်ထားတာပေါ့နော်။ ဘယ်တော့ လွှင့်မလဲတော့ မသိသေးပါဘူး။ ကားရိုက်ကတော့ မိုးစက်ကို ကမ်းလှမ်းလာတဲ့ ဇာတ်ကားက ကိုယ်နဲ့ သင့်တော်တယ်ဆိုရင် ရိုက်ဖြစ်မှာပါ။ 

Voice : ကိုယ်တိုင်ထုတ်တဲ့ Moezy အလှကုန်ကနေ ပြီးတော့ရော ထုတ်ကုန်အသစ်တွေ ထုတ်ဖို့ရှိမလား။
MSW : မိုးစက်တို့ရဲ့ Moezy ကနေ နောက်ထပ်ပစ္စည်း အသစ်ထွက်မထွက်သေးဘူးလားလို့ ပရိသတ်တွေကလည်း မေးနေကြပါတယ်။ အမှန်အတိုင်းပြောရရင် သင်္ကြန်ပြီးကတည်းက မိုးစက်ရဲ့ဘဝမှာ လှုပ်ခတ်မှုတွေ ရှိခဲ့တယ်။ မကြုံဖူးတာတွေ ကြုံတယ်။ မထင်ထားတာတွေ ဖြစ်ခဲ့တယ်။ အခုတော့ အားလုံး အဆင်ပြေနေပါပြီ။ မကြာမီမှာတော့ Moezy ကနေ မျက်နှာသစ်ဆေး ထုတ်ဖို့ရှိပါတယ်။

Voice : ဘဝမှာ ကိုယ်မထင်ထားတာတွေ ဖြစ်လာတဲ့အခါမျိုးမှာ ကိုယ့်အတွက် ဘယ်လို သင်ခန်းစာတွေ ရခဲ့လဲ။
MSW : မိုးစက်ရဲ့ Account ကို Hack ခံရတုန်းကလည်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ကိုယ့်ပရိသတ်တွေနဲ့ ဒီဖေ့စ်ဘွတ်ခ် Account ကနေ ဆက်သွယ်နေရတာ ဆိုတော့လေ။ နောက်ပြီး မိုးစက် အူရောင်တဲ့အတွက် ဆေးရုံတက်ခဲ့ရတယ်။ ပထမဆုံးအကြိမ် ဆေးရုံတက်ဖူးတာပါပဲ။ နေမကောင်းဖြစ်တဲ့အခါမှာ လူတွေက အားငယ်သလိုလို၊ ခိုကိုးရာမဲ့သလိုလို ခံစားခဲ့ရတယ်။ အဲ့ဒါကြောင့် ကိုယ့်လိုပဲ နာမကျန်းဖြစ်နေတဲ့သူတွေကို အလှူဒါနပြုချင်တဲ့စိတ် ဖြစ်လာခဲ့ပါတယ်။

Voice : မိုးစက် ဘယ်လိုနေရာမျိုးမှာ သွားလှူဖို့ စိတ်ကူးထားလဲ။ ကိုယ့်ပရိသတ်တွေကိုရော ဖိတ်ခေါ်ဦးမလား။
MSW : မိုးစက် ရန်ကုန်ဆေးရုံကြီးမှာ သွားလှူဖို့ စိတ်ကူးထားပါတယ်။ အရင်တုန်းကတော့ ဆေးရုံတွေ ဘာတွေမှာ သွားလှူဖို့ စိတ်ကူးမရှိဘူး။ မိုးစက်လှူရင် မိဘမဲ့ကလေးတွေကို သွားလှူဖြစ်တာ များပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ သွားလှူဖို့ကတော့ စီစဉ်စရာရှိတာတွေ စီစဉ်နေပါတယ်။ ဒီလထဲမှာတော့ သွားလှူဖြစ်မှာပါ။ ပရိသတ်တွေလည်း အတူ အလှူဒါန ပြုခွင့်ရအောင် စီစဉ်ပေးမှာပါ။ 

Voice : ကိုယ့်မှာ စိတ်ထိခိုက်စရာတွေ၊ စိတ်အားငယ်စရာတွေကြောင့် တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်မှာ ရည်းစားမထားခဲ့မိတာကို နောင်တရလား။
MSW : အဲ့ဒီလိုတော့ နောင်တမရဘူး။ မိုးစက် အားငယ်နေတဲ့အချိန်တွေဆို ကိုယ့်ကို ချစ်တဲ့သူတွေ အများကြီး ဘေးနားမှာရှိပါတယ်။ ဟိုးငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်းတွေဆို မိုးစက် စိတ်ဓာတ်တွေ ကျနေတဲ့အချိန်မှာ အနားမှာ အမြဲတမ်း ရှိပေးတယ်။ ညဘက်တွေတောင် အိမ်မပြန်ဘဲ မိုးစက်အနားမှာ နေပေးပြီး အားပေးတယ်။ မိုးစက်အတွက်ကတော့ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေရှိရင် ပြည့်စုံပါတယ်။

Voice : အချစ်ရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား သတင်းမျိုး မကြားရဖူးပေမယ့် တစ်လောက အဆိုတော် ရွှေထူးနဲ့ ချစ်သူဖြစ်နေတယ်ဆိုပြီး ကောလာဟလ သတင်းထွက်လာတော့ ဘယ်လိုခံစားရလဲ။
MSW : အဲ့ဒါကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပထမဆုံးကြုံဖူးတဲ့ ကောလာဟလပေါ့နော်။ မိုးစက်ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ကတော့ အချိန်တန်ရင်၊ ကံဆုံရင် ပရိသတ်တွေ အကုန်လုံးကို ပြောပြမှာပါ။ ရွှေထူးနဲ့ မိုးစက်ကတော့ မောင်နှမလိုလည်း ပေါင်းတယ်။ သူငယ်ချင်းလိုလည်း ပေါင်းတယ်။ ရွှေထူးရဲ့ ကောင်မလေးဖြစ်ခဲ့တဲ့ Pancake ကလည်း ချစ်ဖို့ကောင်းတယ်။ သူတို့နဲ့ ကိုယ်နဲ့ကြားမှာ ဘာပြဿနာမှ မရှိသလို၊ ကောလာဟလ သတင်းတစ်ခုကြောင့် ပျက်စီးသွားမယ့်အရာတွေလည်း မရှိပါဘူး။ 

Voice : အနုပညာရှင်တချို့ရဲ့ အချစ်ရေးတွေ မတည်မြဲကြတာ ကြည့်ပြီးတော့ ရည်းစားထားဖို့ ကြောက်သွားတာမျိုးရော ရှိလား။
MSW : ရည်းစားထားဖို့ ကြောက်သွားတာမျိုး တော့မရှိပါဘူး။ ဘယ်အရာမှ မတည်မြဲဘူးလေ။ မိုးစက်တို့က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဒါကို လက်ခံပါတယ်။ သမီးရည်းစားအချစ်မှ မဟုတ်ပါဘူး၊ အိမ်ထောင်ရေးတောင် မတည်မြဲဘူးလေ။ ကိုယ်နဲ့ ကံဆုံတဲ့သူနဲ့ဆို ဖူးစာဆုံမယ်။ ကံမဆုံရင်တော့ လမ်းခွဲရမှာပေါ့။ မိုးစက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ကတော့ ထူးထူးခြားခြား ပြောပြစရာ မရှိသေးပါဘူး။

သန့်ဇင်ဦး