News

POST TYPE

ENTERTAINMENT

ဝိုင်းလေးနဲ့ တွေ့ဆုံခြင်း
14-Jun-2018



“တစ်နှစ်၊ နှစ်နှစ်တွဲပြီးတော့မှ ယူဖြစ်၊ မယူဖြစ်ဆိုတာ ပြောလို့မရဘူး။ Relationship တစ်ခုကလည်း လက်မထပ်ခင်မှာ ပြိုကွဲဖို့ ပိုလွယ်တယ်လေ”

တေးသံရှင်ဝိုင်းလေးနဲ့တွေ့ဆုံပြီး လတ်တလောဂီတ လှုပ်ရှားမှုအကြောင်း၊ သရုပ်ဆောင်မလုပ်ဖြစ်တဲ့အကြောင်းနဲ့ ချစ်သူရှိပေမယ့် အချစ်ရေးအကြောင်း သိပ်မပြောဖြစ်တဲ့ အကြောင်းရင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဝိုင်းလေးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
WL : လတ်တလောကတော့ ညီမရဲ့ Wyne စီးရီးအတွက် Music Video ရိုက်နေပါတယ်။ လောလောဆယ်တော့ နှစ်ပုဒ်ရိုက်ပြီးသွားပါပြီ။ ဒီနှစ်ကုန်ရင်တော့ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မိုးတွင်းကာလမှာ Single Song  အသစ်တစ်ပုဒ်ထွက်ဖို့လည်းရှိပါတယ်။ ဒီသီချင်းက ညီမဆိုနေကျပုံစံမျိုးလည်း မဟုတ်ဘူး။ နောက်ပြီး ရပ်ပ်ပါတစ်ယောက်နဲ့တွဲဆိုထားတယ်။ ကိုမိုးထက်နဲ့တွဲဆိုခဲ့တဲ့ “လမ်းခွဲရင်ကောင်းမယ်” သီချင်းက ပရိသတ်ရင်ထဲ ရောက်ခဲ့သလို၊ အသစ်ထွက်ရှိမယ့် သီချင်းကလည်း အားလုံး ခံစားလို့ရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Voice : ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတဲ့ ဝိုင်းလေးက တခြားဂီတ အနုပညာရှင်တွေနဲ့ သီချင်းတွေ ပူးပေါင်းဖန်တီးဖြစ်နေတာက ဘာကြောင့်ဖြစ်မလဲ။ 
WL : ဝိုင်းလေးက Featuring ဆိုတဲ့အခါမှာလည်း ကြေးအရမ်းများတယ်။ သီချင်းရွေးတဲ့ အပိုင်းက အစပေါ့နော်။ သီချင်းပေါင်းလုပ်မယ်ဆိုရင်လည်း ကိုယ်နဲ့တွဲဆိုမယ့်သူက ကိုယ်နဲ့ရင်းနှီးဖို့လိုအပ်တယ်။ သူနဲ့ကိုယ်နဲ့ စိမ်းနေရင်လည်း သီချင်းတွဲဆိုရတာ အဆင်မပြေဘူး။ အဲဒီတော့ ရင်းနှီးတဲ့သူတွေနဲ့ သီချင်းတွဲလုပ်ရတာ ပိုပြီးတော့ အဆင်ပြေတယ်။ သီချင်းကို တစ်ယောက်တည်းလုပ်ရင် ကိုယ့်အိုင်ဒီယာပဲရှိတယ်။ နှစ်ယောက်ပေါင်းလုပ်တော့ အိုင်ဒီယာအသစ်အဆန်း ပိုထွက်တာပေါ့နော်။ နောက်ပိုင်းမှာဆို တေးရေး ကိုဝေကြီးတို့နဲ့လည်း သီချင်းတွေပေါင်းရေးဖြစ်တယ်။ သီချင်းတွဲရေးတာမျိုးတွေ၊ တွဲဆိုတာမျိုးတွေ ပိုပြီးလုပ်ဖြစ်ပါတယ်။ 

Voice : သရုပ်ဆောင်မလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြင်သေးဘူးပေါ့။
WL : ဇာတ်ကားတွေ ရိုက်ဖို့တော့ မရှိသေးပါဘူး။ ကိုယ့်သီချင်း MTV တွေ ရိုက်ရင်တော့ ညီမကိုယ်တိုင် ပါဝင်သရုပ်ဆောင်တာလောက်ပဲရှိ ပါတယ်။ သရုပ်ဆောင်ကတော့ မလုပ်ဖြစ်လောက်ပါဘူး။ ကိုယ်လည်း မင်းသမီးရုပ် မဟုတ်တော့လေ။ ညီမ ပိုပြီးဝါသနာပါတဲ့ ဂီတဘက်မှာပဲ အားစိုက်ကြိုးစားသွားမှာပါ။ သရုပ်ဆောင် အလုပ်ကကျတော့ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်လည်းမဟုတ်ဘူး။ လုပ်မယ်ဆိုရင်လည်း ကိုယ် အများကြီး လေ့လာရမှာတွေ ရှိသေးတယ်။ အဲဒီတော့ ကိုယ်နဲ့ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဂီတလောကထဲမှာပဲ ရပ်တည်ဖြစ်မှာပါ။ 

Voice : ဝိုင်းလေးမှာ ချစ်သူရှိနေတာကို စုံတွဲပုံတွေ အွန်လိုင်းမှာ တက်လာတော့မှ သိကြရတယ်နော်။ အချစ်ရေးကို လျှို့ဝှက်ထားတာ ဘာကြောင့်ဖြစ်မလဲ။
WL : ဝိုင်းလေးက အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ဖုံးကွယ်ထားတာတော့မဟုတ်ပါဘူး။ ဒီအသက်အရွယ်မှာ ရည်းစားရှိတာတော့ မဆန်းဘူးပေါ့နော်။ ဒါပေမဲ့ ဝိုင်းလေးက အချစ်ရေးအတွက် အချိန်ဖြုန်းမနေဘဲ ကိုယ်လုပ်စရာရှိတာကို လုပ်တယ်။ ပရိသတ်တွေကိုလည်း သိုဝှက်ထားတာမျိုးမဟုတ်ဘူး။ ဝိုင်းလေးပရိသတ်တွေလည်း သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမဲ့ အချိန်တိုင်း အချစ်ရေးအကြောင်းပြောနေရင် ပရိသတ်တွေက ဒါကိုပဲ စိတ်ဝင်စားကြမှာလေ။ ပရိသတ်တွေရဲ့ဘဝမှာလည်း ရုန်းကန်နေရတာတွေ၊ မပြေလည်မှုတွေရှိတယ်။ ညီမတို့အချစ်ရေးကို စိတ်ဝင်စားတဲ့သူလည်း နည်းပါလိမ့်မယ်။ အဲ့ဒါကြောင့် ညီမရဲ့ အချစ်ရေးအကြောင်းကို သိပ်မပြောဖြစ်တာပါ။ 

Voice : ချစ်သူနဲ့စုံတွဲပုံကို ဝိုင်းလေးကိုယ်တိုင်တင်ဖြစ်တာကရော ဘာကြောင့်ဖြစ်မလဲ။
WL : များသောအားဖြင့် ညီမအနုပညာအလုပ်အကြောင်းတွေကို တင်ဖြစ်တာများပါတယ်။ ဒါပေမဲ့ ညီမလည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်စိတ်ခံစားမှုအရ တင်ချင်တဲ့အချိန်လေးရှိရင်တော့ စုံတွဲပုံတင်လိုက်တယ်။ ဒါပေမဲ့ ပုန်းလျှိုးကွယ်လျှိုး စတစ်ကာအုပ်ပြီး တင်တာမျိုးတွေတော့မရှိပါဘူး။ ညီမနဲ့ သူရဲ့ချစ်သူသက်တမ်းကတော့ ကြာပါပြီ။ ညီမအလုပ်အပေါ်ကိုလည်း အများကြီး နားလည်မှုပေးပါတယ်။ ညီမ စိတ်တိုင်းကျအနုပညာအလုပ်တွေကိုလည်း လုပ်ခွင့်ပေးထားပါတယ်။

Voice : ဝိုင်းလေးတို့နှစ်ယောက် လက်တွဲဖို့ကျတော့ရော ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။
WL : မိန်းကလေးတိုင်းမှာတော့ ကိုယ့်ဘဝလက်တွဲဖော်နဲ့ ပတ်သက်ပြီး စိတ်ကူးထားတာလေးတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ စကားကိုတော့ ကုန်အောင်ပြောလို့မရဘူးပေါ့။ ခေတ်ကာလအရ အိမ်ထောင်ရှိတဲ့သူတောင်မှပဲ အဖျက်အမှောင့်ဆိုတာ အမြဲတမ်းရှိတယ်။ ဒီခေတ်ဆို ပိုဆိုးတာပေါ့နော်။ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အချိန်အရမ်းယူရတယ်။ တစ်နှစ်၊ နှစ်နှစ်တွဲပြီးတော့မှ ယူဖြစ်မယူဖြစ်ဆိုတာ ပြောလို့မရဘူး။ Relationship တစ်ခုကလည်း လက်မထပ်ခင်မှာ ပြိုကွဲဖို့ပိုလွယ်တယ်လေ။ ခေတ်ကလည်းရည်းစားရှိတယ် ဆိုတောင်မှ စနှိုက်တွေ အရမ်းများတယ်လေ။ ကိုယ်က မပါရင်တောင်မှပဲ တစ်ဖက်က ကြိုးစားလုပ်ယူသွားရင် ဘာမှမတတ်နိုင်ဘူး။ အဲဒီအတွက် ကံတရားက ဆုံးဖြတ်သွားမယ်။ သူနဲ့ အိမ်ထောင်ကျဖို့ ကံပါလာရင်ကျမှာပေါ့။

သန့်ဇင်ဦး