News

POST TYPE

ENTERTAINMENT

ရွှေထူးနဲ့ တွေ့ဆုံခြင်း
01-Jun-2018


“တစ်ဖက်မှာလည်း ကိုယ့်လို ခံစားနေရတဲ့သူတစ်ယောက်လည်းရှိတဲ့အတွက် ကိုယ်ခံစားရတာက ဘာမှ မပြောပလောက်ပါဘူး”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ တွေ့ဆုံပြီး မကြာမီ ရိုက်ကူးတော့မယ့် “နှလုံးသား တံခါးပေါက်ကို ဝင်ချည်ထွက်ချည် လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် ခံစားချက်တွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကား အကြောင်းကနေစပြီး ပြောပြပေးပါဦး။
SH : ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက အပြင်ကလို အဆိုတော်ပါပဲ။ ကြိုးစားနေတဲ့ Underground က အဆိုတော်တစ်ယောက်ပေါ့။ မြှာပွေတဲ့ ကာရိုက်တာမျိုးပါပဲ။ ပက်ပက်စက်စက်ညှို့ ဇာတ်ကားထဲကထက် ပိုပြီး အမြင်ကပ်ဖို့ကောင်းတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ အထာတော့ ကျတယ်။ ဇာတ်လမ်းကတော့ လူငယ်သဘာဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးလေးတွေကို ရိုက်ပြထားတာပါ။ သီချင်းတွေလည်း ပါပါမယ်။

Voice : ဇာတ်လမ်းက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံမျိုးလား။
SH : ဇာတ်လမ်းလေးကတော့ နည်းနည်းလေး သွယ်ဝိုက်ထားတာလေးတွေလည်း ပါတယ်။ ဇာတ်ကောင်ကတော့ လေးယောက်ပေါ့။ ကျွန်တော်ရယ်၊ ကိုဖြိုးငွေစိုးရယ်၊ ရွှေမှုံရတီရယ်၊ နေခြည်ဦးရယ် ပါပါတယ်။ ဇာတ်လမ်းပြောပြလိုက်ရင် တစ်ကားလုံး ပြီးသွားလိမ့်မယ်။ Romance ဇာတ်လမ်း ဆန်းဆန်းလေးပါပဲ။ လူငယ်သဘာဝမှာ စိတ်ကို ထိန်းလိုက်သင့်တာလေးတွေ၊ လိုက်နာသင့်တာလေးတွေကို ရိုက်ပြမှာပါ။

Voice : ရွှေထူးအတွက်ရော အက်တင်ကို ခက်ခက်ခဲခဲလုပ်ရမယ့် အပိုင်းလေးတွေပါလား။
SH : ဒီကားက ပက်ပက်စက်စက်ညှို့ထက် အက်တင်ပိုလုပ်ရမယ့်ကားပါ။ အရင်ကားတုန်းကကျတော့ ကိုနေတိုးက အဓိကဇာတ်ဆောင်၊ ကျွန်တော်ကတော့ ဒုတိယနေရာက ပါရတာပေါ့။ ကျွန်တော်ကလည်း ကိုနေတိုးရှေ့က ဦးဆောင်တယ်ဆိုတဲ့ စိတ်နဲ့ ပေါ့လိုက်တာတွေရှိတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့ ပထမဆုံးကားဆိုတော့ လိုအပ်ချက်တွေရှိရင်လည်း နားလည်ပေးတယ်။ ဖြည့်ပြီးကြည့်ပေးကြတယ်။ ဒုတိယကားမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း ထပ်ပြီး မမှားချင်တော့တဲ့အတွက် အများကြီး လေ့လာပြင်ဆင်ထားပါတယ်။

Voice : ရွှေထူးခေါင်းဆောင်အနေနဲ့ ရုပ်ရှင်ရိုက်ဖို့ ဇာတ်လမ်းတည်နေတာကြာပြီနော်။ စိတ်ကြိုက်ဇာတ်လမ်းမရသေးလို့ ကြာနေတာလား။
SH : ဒီဇာတ်ကားထဲမှာ ကျွန်တော်က သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်နေရာက သရုပ်ဆောင်ရတာပါ။ အဲ့ဒါကြောင့် သီချင်းဆိုတဲ့ Show Mood တွေ ဂီတလောကဘက်က အကြောင်းလေးတွေကို ထည့်ပေးဖို့အတွက် ကျွန်တော့်ဘက်က ဇာတ်ညွှန်းရေးဆရာကို ထပ်ပြောရတာပေါ့နော်။ ဇာတ်ညွှန်းရေးတဲ့ ကိုမိုးနီလွင်တို့လည်း ကျွန်တော် ခေါင်းစားသမျှကို ခံပေးကြပါတယ်။ ကိုယ်ဖြစ်ချင်တာလေးတွေများနေတဲ့အတွက် ပြောပြရင်းနဲ့ပဲ ဇာတ်လမ်းတည်ဖို့ ကြာနေတာပါ။ 

Voice : ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ရွှေထူးပိန်သွားတယ်လို့ ပရိသတ်တွေက ပြောကြတယ်။ စိတ်သစ်လူသစ်နဲ့ ရွှေထူးကို ဘယ်တော့လောက် ပြန်မြင်ရမလဲ။
SH : စိတ်သစ်လူသစ် ဖြစ်အောင်တော့ ကိုယ့်ဟာကိုယ်တော့ ကြိုးစားပြီး နေရတာပေါ့နော်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကိုယ့်လို ခံစားနေရတဲ့သူ တစ်ယောက်လည်းရှိတဲ့အတွက် ကိုယ်ခံစားရတာက ဘာမှမပြောပလောက်ပါဘူး။ ကျွန်တော် ပြောချင်တာကတော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် Relationship တစ်ခုမှာ ကာယကံရှင်နှစ်ယောက်က အသိဆုံးပါပဲ။ တချို့တွေကျတော့လည်း သမာသမတ်ကျကျ ဝေဖန်ပေးတတ်တယ်။ ကိုရွှေထူး သီချင်းတွေတော့ ကြိုက်တယ်၊ ယောကျာ်းတစ်ယောက်အနေနဲ့တော့ ဒီလိုမလုပ်သင့်ဘူးဆိုတာကို သူတို့ ထောက်ပြတယ်။

Voice : အခုဆို ရွှေထူးက Single ပြန်ဖြစ်သွားပြီဆိုတော့ ဘယ်လိုခံစားချက်ရှိလဲ။
SH : အဲ့ဒါကတော့ အဆင်ပြေအောင်နေရတာပဲလေ။ ကိုယ့်စိတ်ကိုလည်း အဆင်ပြေအောင် နေရတယ်။ ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီလေ။ တစ်ခါတလေကျရင်တော့လည်း ကိုယ့်ဟာကိုယ် အားတင်းထားရတာလေးတွေရှိတာပေါ့နော်။ အရင်တုန်းကဆို ကျွန်တော် အမြဲတမ်း တက်တက်ကြွကြွနေတယ်။ အခုကတော့ ကိုယ့်ဟာကိုယ် ပြန်အားတင်းနေရတယ်။ ကျွန်တော့်ပရိသတ်တွေအတွက် သီချင်းအသစ်တွေလည်း အများကြီး လုပ်ထားပါတယ်။

သန့်ဇင်ဦး