News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် ဝါဆိုမိုးဦး၊ သဉ္ဇာတို့ ညီအစ်မနဲ့တွေ့ဆုံခြင်း
31-May-2018

“သူ့ကိုတော့ ဝါဆို ငယ်ငယ်တုန်းကလို မဖြစ်စေချင်ဘူး ”
ဝါဆိုမိုးဦး

“မမလိုပဲ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်”
သဉ္ဇာ

သရုပ်ဆောင် ဝါဆိုမိုးဦး၊ သဉ္ဇာတို့ ညီအစ်မနဲ့တွေ့ဆုံပြီး ညီမဖြစ်သူရဲ့ မွေးနေ့အတွက် Surprise လုပ်ပေးဖြစ်တဲ့အကြောင်း၊ အနုပညာလောကထဲ ဝင်ရောက်တော့မယ့် ညီမဖြစ်သူအတွက် ဆုံးမစကားများ၊ အစ်မဖြစ်သူကို အားကျရတဲ့အချက်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ညီမလေရဲ့ မွေးနေ့မှာ ဝါဆိုက Surprise လုပ်ပေးခဲ့တယ်လို့ သိရတယ်။ အဲဒီအကြောင်းကနေစပြီး ပြောပြပေးပါဦး။
WSMO : ဝါဆိုက သူ့မွေးနေ့အတွက် Surprise လုပ်ပေးမှာကို သူ ကြိုမသိထားဘူးပေါ့နော်။ ဝါဆိုတို့ သူငယ်ချင်းတွေ အကုန်လုံး ည ၁၂ နာရီမှာ သူ့အိမ်ကိုသွားပြီးတော့ Surprise လုပ်ပေးခဲ့တာပါ။ ညီမလေးအတွက် မွေးနေ့ဆုတောင်းကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက်ပြီးတော့ အောင်မြင်အောင် လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပညာရေးဘက်မှာလည်း ထူးချွန်ပြီးတော့ မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းတစ်ယောက်လည်း ဖြစ်စေချင်ပါတယ်။

Voice : သဉ္ဇာက အနုပညာလောကထဲဝင်ဖို့ ဘာတွေ လိုအပ်ချက် ရှိနေသေးတယ်လို့မြင်လဲ။
WSMO : အနုပညာလောကထဲဝင်ဖို့ဆိုရင် သူအများကြီး လေ့လာရဦးမှာပါ။ သူက အခုမှ ကလေးပဲ ရှိသေးတယ်။ ဝါဆို ကိုယ်တိုင်လည်း သူ့ကို ကလေးတစ်ယောက်လိုပဲ မြင်သေးတယ်။ အိမ်မှာလည်း ကလေးလေးလိုပဲ နေနေတာဆိုတော့ အလုပ်အတွေ့အကြုံတွေလည်း သူ့မှာ လောလောဆယ် မရှိသေးဘူး။ အနုပညာ အလုပ်ဆိုတာလည်း ဝါဆိုက သူ့ကိုဆွဲခေါ်ခဲ့တာလည်း မရှိသေးဘူး။ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံလေးတွေတင်တော့ ဝါဆို့ ညီမလေးဆိုပြီး ပရိသတ်တွေက ဝန်းရံအားပေးကြတာပဲ ရှိပါသေးတယ်။

Voice : သဉ္ဇာက Photogenic ဖြစ်တယ်နော်။ သူ့ဓာတ်ပုံလေးတွေကိုတော့ ပရိသတ်တော်တော်များများက အားပေးကြတယ်။
WSMO : အဲဒါကလည်း သူ့ရဲ့ အနုပညာ စန်းပေါ့နော်။ ဝါဆိုကလည်း သူ့ကိုလက်တွဲခေါ်ပေးရတာမျိုး မရှိသေးဘူး။ သူ့ဟာသူ အနုပညာလမ်းကြောင်းပေါ်ကို ရောက်သွားတာ ဖြစ်တဲ့အတွက် သူ့မှာ ပြင်ဆင်မှုတွေတော့ အများကြီး လိုအပ်ပါသေးတယ်။ အခုဆိုရင် သူ ရိုက်ထားတဲ့ကြော်ငြာတွေ၊ ဓာတ်ပုံတွေကို ပရိသတ်တွေက အားပေးကြတယ်။ သူက အသစ်ဆိုပေမယ့် ကင်မရာ မကြောက်တတ်တဲ့အတွက် အက်တင်တွေ ဘာတွေလုပ်ရင် ကြောင်မနေဘူး။ အဲဒါကတော့ သူ့ရဲ့ အားသာချက်တစ်ခုပေါ့။ နောက်ပိုင်းကျရင်တော့ အနုပညာအလုပ်တွေ သေချာလုပ်လာပြီဆိုရင် ဝါဆိုရဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာပါ။

Voice : သဉ္ဇာကရော ဝါဆိုကို ဘယ်အချက်တွေ ကြည့်ပြီး အားကျခဲ့တာလဲ။ အစ်မလို အောင်မြင်အောင်ရော ဘယ်လိုကြိုးစားသွားမလဲ။
TZ : မမကတော့ ညီမလေးကို သင်ပေးတာတွေ အများကြီးပါပဲ။ အနုပညာလောကထဲ ဝင်မယ်ဆိုရင် လူတွေနဲ့ စကား ဘယ်လိုပြောရတယ်၊ ဘယ်လို နေထိုင်ရတယ်ဆိုတာတွေကို အမြဲတမ်း သင်ပေးပါတယ်။ မမကို အားကျတဲ့အထဲမှာ ဖက်ရှင်ပိုင်းလည်း ပါတယ်။ မမက ပရိသတ်ကို ဘယ်လို ဖက်ရှင်ဆန်းဆန်းလေးတွေနဲ့ မရိုးအောင် ဝတ်ပြရမလဲဆိုတာကို အမြဲတမ်း စဉ်းစားနေတယ်။ မမရဲ့ ဖက်ရှင်လေးတွေကို ညီမလည်း သဘောကျပါတယ်။ မမလိုပဲ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။

Voice : အနုပညာလောကရဲ့ အနိမ့်အမြင့်၊ အတက်အကျတွေကိုရော ညီမလေး နားလည်အောင် ဘယ်လို ပြောပြထားလဲ။
WSMO : လောလောဆယ်တော့ အဲဒီအကြောင်းတွေကို ဝါဆို မပြောပြထားသေးဘူး။ အနုပညာ အလုပ်တွေကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ သူ့ကို လုပ်စေချင်သေးတယ်။ သူ အခုလုပ်နေတာကလည်း စီးပွားရေးဆန်ဆန် မဟုတ်သေးဘူးလေ။ သူ့ကိုအားပေးတဲ့သူတွေအတွက်၊ သူ့ကို ကမ်းလှမ်းလာတဲ့ အလုပ်လေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နေတယ်။ သူ့ကို လောလောဆယ်တော့ ကလေးတစ်ယောက်လိုပဲ နေစေချင်သေးတယ်။ အနုပညာရှင်တစ်ယောက်မှာ ထားရှိရမယ့် စိတ်တွေ၊ သဘောထားတွေကို သင်ပြရမယ့်အရွယ်လည်း မဟုတ်သေးဘူး။ အဲဒါကြောင့် သူ့ခေါင်းထဲမှာ ဘာမှ မထည့်ပေးသေးဘူး။

Voice : တချို့ကျတော့လည်း ကိုယ့်ညီတွေ၊ ညီမတွေ အနုပညာလောကထဲ ဝင်လာရင် ကိုယ့်လောင်းရိပ်မိသွားမှာစိုးတယ်။ ကိုယ်ပိုင်ပုံစံနဲ့ပဲ အောင်မြင်စေချင်ကြတယ်။ ဝါဆိုကရော ဘယ်လိုသဘောထားရှိလဲ။
WSMO : သူကတော့ သူ့စတိုင်လ်လေးနဲ့သူရှိတယ်။ အဲဒါကတော့ စိတ်ပူစရာ မလိုဘူး။ သူ့ပုံစံနဲ့ဝါဆိုပုံစံကတော့ အမြဲတမ်းကွဲနေတယ်။ သူ့ကိုတော့ ဝါဆို ငယ်ငယ်တုန်းကလို မဖြစ်စေချင်ဘူး။ ဝါဆိုကျတော့ လူကြီးတွေလက်အောက်မှာ ကြီးပြင်းခဲ့ရတဲ့အတွက် လူကြီးတစ်ယောက်ရဲ့ပုံစံမျိုး ဖြစ်နေတယ်။ ပရိသတ်တွေက ရင့်တယ်ဆိုပြီး ပြောကြတယ်။ သူ့ကိုကျတော့ ကလေးလိုပဲ ပေါ့ပေါ့ပါးပါးလေး ဖြစ်စေချင်တယ်။ ဖက်ရှင်ကအစ အရမ်းကြီး လူကြီးမဆန်ဖို့ပြောပြပေးဖြစ်ပါတယ်။

သန့်ဇင်ဦး