News

POST TYPE

ENTERTAINMENT

မိုရီဆာကီဝင်းနဲ့ တွေ့ဆုံခြင်း
25-May-2018 tagged as အနုပညာ



“ကျွန်တော့်ရဲ့  အနုပညာလှုပ်ရှားမှုတိုင်းကို မြန်မာပြည်က ပရိသတ်တွေနဲ့  မီဒီယာတွေ အကုန်လုံးက စောင့်ကြည့်ပြီး အားပေးကြတဲ့အတွက် ကျွန်တော် အသက်ရှင်နေရတာ အဓိပ္ပာယ်ရှိပါလားလို့ ခံစားရပါတယ်”

ဂျပန်နိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာပြည်ဖွားအဆိုတော်နဲ့ သရုပ်ဆောင် မိုရီဆာကီဝင်းက မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ FUJIFILM ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ပွဲကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို ခေတ္တပြန်လည်ရောက်ရှိလာတဲ့ မိုရီဆာကီဝင်းနဲ့ တွေ့ဆုံပြီး သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား “Ready Player One” ရိုက်ကူးမှု အတွေ့အကြုံများ၊ ဇာတိမြေရုပ်ရှင်အကြောင်းနဲ့ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအပေါ် သူ့ရဲ့ခံစားမှုကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးတဲ့ ဟောလိဝုဒ်ရုပ်ရှင် Ready Player One မှာ ပါဝင်ဖို့  ဘယ်လိုအရွေးချယ်ခံခဲ့ရတာလဲ။
M : ဒီဇာတ်ကားအတွက် ၂၀၁၅ ခုနှစ်မှာ ကျွန်တော် ပထမဆုံး Audition ( သရုပ်ဆောင်ရွေးပွဲ ) ဝင်ခဲ့ပါတယ်။ သူတို့က ပထမဆုံးတော့ Video Audition အရင်ဝင်ရတာပါ။ ကိုယ်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်ကို သူတို့ဆီ အရင်ပို့ရတယ်။ သူတို့က သဘောကျတဲ့အတွက် ကျွန်တော့်ကို ဆက်သွယ်လာတော့ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်သွားတယ်။ အဲ့ဒီမှာ ဒါရိုက်တာစတီဗင်စပီးဘာဂ်လည်းရှိနေတော့ သူက ကျွန်တော့်ကို ဘယ်ကလာလဲ၊ ဘာကြောင့်ဝင်ပြိုင်ဖြစ်တာလဲမေးတယ်။ ကျွန်တော်ကလည်း မြန်မာပြည်ကလာတယ်၊ လက်ရှိ ဂျပန်မှာ နေနေတယ်ဆိုတာကို သူ့ကို ပြောပြပါတယ်။

Voice : ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်နဲ့ တွေ့ပြီးတဲ့အချိန်မှာ အဝင်းကို ရွေးချယ်တယ်ဆိုတာကို သိရတာလား။
M : သူနဲ့ တွေ့ပြီးတဲ့ အချိန်မှာ တန်းသိရတာတော့ မဟုတ်ပါဘူး။ အဲဒီကားမှာ ကျွန်တော် ပါမပါ သိရဖို့အတွက် ရှစ်လလောက်တော့ စောင့်ရပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာမှ ကျွန်တော် အရွေးခံရတယ်ဆိုတာ သိရတယ်။ အဲ့ဒီ နောက်ပိုင်း အင်္ဂလန်ကိုသွားပြီးတော့ လေးလလောက် ဇာတ်ကားရိုက်ကူးရတယ်။ ရုံတင်တာတော့ ၂၀၁၈ ခုနှစ်မှ တင်တာပေါ့နော်။ အစကတော့ မြန်မာပြည်မှာ မပြဘူးလို့ သိရတယ်။ နောက်မှာ မြန်မာပြည်မှာလည်း ပြတယ်ဆိုတာကိုသိရတော့ ကျွန်တော် အရမ်းဂုဏ်ယူသွားတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေက ကိုယ်ပါတဲ့ ဟောလိဝိုဒ်ရုပ်ရှင်ကားကို အားပေးကြတာသိရတော့ အရမ်းဝမ်းသာပါတယ်။

Voice : ဇာတ်ကား ရိုက်ကူးရေးပိုင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။
M : ဒီဇာတ်ကားကို သူတို့က လေးလတောင် အချိန်ပေးပြီး ရိုက်ခဲ့တယ်။ နေ့တိုင်း မနက်ကနေ ညနေ ၅ နာရီလောက်အထိ ရိုက်ရတယ်။ စနေ၊ တနင်္ဂနွေဆို ရိုက်ကွင်းနားတယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေကို အားလပ်ရက်ပေးတယ်။ သူတို့ကကျတော့ ငွေအများကြီး အကုန်အကျခံပြီး ရိုက်နိုင်တော့ အားလုံးပြည့်စုံတယ်လေ။ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ စတူဒီယိုထဲမှာဆိုလည်း ရိုက်ကူးရေးပစ္စည်းတွေက အပြည့်ပဲ။ ဒီကားက VR နဲ့  ပတ်သက်တဲ့အကြောင်းကို ရိုက်ထားတာဆိုတော့ ရိုက်ကွင်းပေါ်မှာလည်း ဂိမ်းကစားလို့ရတဲ့ နေရာလေးတစ်ခု လုပ်ပေးထားတယ်။ ရိုက်ကွင်းအားတဲ့အချိန်မှာလည်း ဂိမ်းကစားဖြစ်တယ်။

Voice : ကမ္ဘာကျော် ဒါရိုက်တာ စတီဗင်စပီးဘာဂ်ဆီကရော ဘာတွေ လေ့လာသင်ယူခွင့်ရခဲ့လဲ။
M : ဒါရိုက်တာ စတီဗင်စပီးဘာဂ်ကတော့ ကျွန်တော်တို့အတွက်ဆို အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ပါ။ သူနဲ့ စကားပြောခွင့် ရရင်တောင်ကိုယ့်အတွက်ကြီးမားတဲ့ အတွေ့အကြုံကြီးတစ်ခုရလိုက်သလိုပဲလေ။ သူရိုက်တဲ့ကားမှာ ကိုယ်ပါဝင်ခွင့်ရတာဆိုတော့ ရင်ခုန်တာတော့ ပြောမနေပါနဲ့ ။ ရိုက်ကွင်းပေါ်မှာဆိုလည်း သူက ကမ္ဘာကျော် ဒါရိုက်တာဆိုပေမယ့် မာန်မာနမရှိဘူး။ ကျွန်တော်တို့ လူငယ်တွေကို စကားတွေပြောပေးတယ်။ ကျွန်တော်တို့ ကြိုးစားချင်စိတ်ရှိလာအောင်လည်း တွန်းအားပေးပါတယ်။

Voice : မြန်မာပြည်က ပရိသတ်တွေက အဝင်းရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး အားပေးကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။
M : ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို မြန်မာပြည်က ပရိသတ်တွေနဲ့  မီဒီယာတွေ အကုန်လုံးက စောင့်ကြည့်ပြီး အားပေးကြတဲ့အတွက် ကျွန်တော်အသက်ရှင်နေရတာ အဓိပ္ပာယ်ရှိပါလားလို့ ခံစားရပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေဆိုတာက ပရိသတ်တွေ အားပေးတော့မှ ရပ်တည်လို့ရတာပါ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးလေးက ပြောဖို့လွယ်သလို၊ စာလုံးပေါင်းရတာလည်း လွယ်ပါတယ်။ ဒါပေမဲ့ စကားနဲ့ပြောလို့မရလောက်အောင် ကျွန်တော့်စိတ်ထဲမှာ ခံစားရတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်လုပ်နိုင်တဲ့ အနုပညာအလုပ်နဲ့ ပရိသတ်တွေကို အတတ်နိုင်ဆုံးပေးဆပ်သွားမှာပါ။

Voice : မြန်မာ - ဂျပန် ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ဇာတိမြေ” ကရော ဘယ်တော့လောက် ရုံတင်ပြသမလဲ။ မြန်မာနိုင်ငံ ပြန်ရောက်ခိုက်မှာရော အဝင်း ဘယ်တွေကိုသွားဦးမလဲ။
M : ဒီကားရုံတင်ဖို့  ရုံမလွတ်သေးဘူးလို့ ကြားတယ်။ လွတ်တဲ့ရုံရှိရင်တော့ အမြန်ဆုံးပြလို့ရမှာပါ။ ကျွန်တော်လည်း ပရိသတ်တွေကို အမြန်ဆုံးကြည့်ခွင့်ရစေချင်ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်တိုင်းမှာ ကျွန်တော်က ရက်အကြာကြီး မနေဖြစ်ဘူး။ အလုပ်တွေပြီးတာနဲ့ ပြန်တာဆိုတော့ ဘယ်မှသိပ်မရောက်ဖြစ်သေးဘူး။ ဒီတစ်ခေါက် ပြန်ရောက်တော့ ကျွန်တော့်အစ်ကိုက ခေါက်ဆွဲသုပ်နဲ့  အာလူးပူတီလိုက်ကျွေးတော့ စားဖြစ်တယ်။ အရမ်းစားကောင်းပါတယ်။ နောက်ပြီး ကျွန်တော့်ပရိသတ်တွေနဲ့ ဆက်သွယ်လို့ရအောင် Instagram Account လည်း ဖွင့်ထားပါတယ်။ အဲဒီ Account မှာလည်း Follow လုပ်ထားလို့ရပါတယ်။

သန့်ဇင်ဦး