News

POST TYPE

ENTERTAINMENT

X Box နဲ့ တွေ့ဆုံခြင်း
22-May-2018



“ရှိုးပွဲအကြီးကြီးလုပ်ဖို့ ပိုက်ဆံလည်း မရှိသလို၊ သီချင်းတွေလည်း သိပ်မရှိသေးတဲ့အတွက် ပွဲအသေးလေးပဲ လုပ်ခဲ့တာပါ”

လူငယ်ပရိသတ်ကြိုက် ဟစ်ပ်ဟော့ပ် အဆိုရှင် X Box နဲ့ တွေ့ဆုံပြီး မေလ ၁၉ ရက်နေ့ က ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ Hard Rock Café မှာ ပြုလုပ်ခဲ့တဲ့ House Party အကြောင်း၊ ဒုတိယအယ်လ်ဘမ် “99” မှာ သီချင်းပုံစံတွေ ပြောင်းလဲခဲ့ရတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “99” စီးရီးထွက်တုန်းက ပရိုမိုးရှင်း မလုပ်ခဲ့ဘဲ၊ နောက်တော့မှ House Party ဆိုပြီး လုပ်ဖြစ်တာက ဘယ်လိုကြောင့်ဖြစ်မလဲ။
XB : ကျွန်တော့် ပရိသတ်နဲ့ နောက်ထပ်အဆင့်တစ်ခုကို သွားချင်တဲ့အတွက် ဒုတိယအယ်လ်ဘမ် “99” ထွက်တဲ့အချိန်မှာ ပရိုမိုးရှင်းမလုပ်ခဲ့ဘူး။ ဘာပွဲမှလည်း မလုပ်ခဲ့ဘူး။ ခွေထွက်ပြီး သုံးလေးလအတွင်းမှာ ပရိသတ်နဲ့ မထိတွေ့ခဲ့ဘူးပေါ့နော်။ House Party ကတော့ ဘဝမှာ ပရိသတ်တွေကို လက်မှတ်ရောင်းပြီး ပထမဆုံးဖျော်ဖြေဖူးတဲ့ပွဲပါ။ ပရိသတ်တွေ အများကြီးလာခဲ့ပေးတဲ့အတွက်လည်း အရမ်းပျော်ခဲ့ရပါတယ်။

Voice : ကိုယ့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပွဲကို ပွဲကြီးမလုပ်ဘဲ ဘာကြောင့်ပွဲသေးပဲ လုပ်ခဲ့တာလဲ။
XB : ကျွန်တော့် အနေအထားနဲ့က ရှိုးပွဲအကြီးကြီး မလုပ်နိုင်သေးပါဘူး။ ရှိုးပွဲအကြီးကြီးလုပ်ဖို့ ပိုက်ဆံလည်း မရှိသလို၊ သီချင်းတွေလည်း သိပ်မရှိသေးတဲ့အတွက် ပွဲအသေးလေးပဲ လုပ်ခဲ့တာပါ။ ပွဲမှာတော့ ကျွန်တော့်ကို ဟိုးအရင်ကတည်းက အားပေးခဲ့တဲ့ လူငယ်ပရိသတ်တွေ သိခဲ့ဖူးတဲ့ သီချင်းအပုဒ် ၂၀ လောက်ကိုပဲ ရွေးပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရွှေထူး၊ ထက်ယံ၊ Lil’Z တို့လည်း လာရောက်အားဖြည့်ပေးခဲ့ကြပါတယ်။ ကျွန်တော်နဲ့အတူသီချင်းတွဲဆိုခဲ့ဖူးတဲ့ အမျိုးသမီး အဆိုတော်တွေလည်း လာဆိုပေးကြပါတယ်။ 

Voice : ပထမဆုံး လက်မှတ်ရောင်းပြီး ဖျော်ဖြေတဲ့ One Man Show အသေးစားလေးဆိုတော့ သီဆိုရတာ ဘယ်လောက်အထိ စိတ်ကျေနပ်မှုရခဲ့လဲ။
XB : မနှစ်ကတုန်းက ကျွန်တော့်ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “9” ဒီဗီဒီထွက်တုန်းက ပရိုမိုးရှင်းပွဲကြီးကို Junction Square မှာ လုပ်ခဲ့တယ်။ လူတွေလည်း အရမ်းများခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါက  Free Show ပေါ့။ အဲ့ဒီပွဲမှာတော့ ပရိသတ်ပေါင်းစုံတွေ့ခဲ့ရတာပေါ့။ ဒုတိယ အယ်လ်ဘမ်ထွက်တော့ ပရိုမိုးရှင်း မလုပ်ဘူးဆိုတာက ကျွန်တော့်ကိုယ်ကျွန်တော် စာမေးပွဲ စစ်ချင်တာလည်းပါတယ်။ ပရိသတ်တွေကိုလည်း ရာသီဥတုပူတဲ့အချိန်မှာ Outdoor မှာ မဖျော်ဖြေချင်ဘူး။ အဲ့ဒါကြောင့် နေရာကောင်းကောင်းလေးမှာ အေးအေးဆေးဆေးကြည့်လို့ရအောင် Hard Rock မှာလုပ်ခဲ့တာပါ။

Voice : ပရိသတ်များများဆံ့မယ့်နေရာမျိုးမှာရော ပွဲကြီးထပ်လုပ်ချင်စိတ်ရောရှိလား။
XB : တစ်နိုင်ငံလုံးကို ပေါက်ရောက်မယ့် သီချင်းတွေ နောက်ထပ်တော်တော်များများ ဖန်တီးနိုင်မယ့်အချိန်ကျရင်တော့ ပရိသတ်အများကြီးလာကြည့်လို့ရမယ့် One Man Show အကြီးကြီး ထပ်လုပ်ဖို့ စိတ်ကူးရှိပါတယ်။ အဓိကကတော့ သီချင်းအသစ်တွေအများကြီး ထပ်လုပ်ချင်သေးတယ်။ ကျွန်တော့်မှာ ခိုင်မာ၊ အားကောင်းတဲ့ သီချင်းတွေ လိုနေသေးတယ်လို့ ယူဆပါတယ်။ One Man Show ပွဲကြီး မလုပ်နိုင်သေးခင်မှာတော့ ရန်ကုန်မှာလုပ်ခဲ့တဲ့ House Party လိုပဲ မန္တလေးမှာ တစ်ပွဲထပ်လုပ်ဖို့ရှိပါတယ်။

Voice : ဒုတိယအယ်လ်ဘမ် “99” အပေါ် ပရိသတ်အားပေးမှုအတိုင်းအတာကရော ဘယ်လိုရှိလဲ။
XB : ဒီခွေမှာပါတဲ့ သီချင်းတွေကို မကြိုက်တဲ့ ပရိသတ်ကလည်း မကြိုက်ဘူး။ ကြိုက်တဲ့ ပရိသတ်ကလည်း ကြိုက်တယ်။ ပရိသတ်တွေက ခွေထွက်တဲ့အချိန်မှာ ပရိုမိုးရှင်းလုပ်ပါဆိုလည်း မလုပ်ခဲ့ဘူး။ သူတို့ကြိုက်တဲ့ သီချင်းပုံစံလေးတွေ ပြန်ဆိုပေးပါဆိုလည်း ကျွန်တော် မဆိုဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် ခေါင်းမာမာနဲ့ ရူးရူးမိုက်မိုက် စွဲလမ်းတဲ့အရာတစ်ခုကို ပရိသတ်ကို ပေးလိုက်တယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော့် ပရိသတ် အစစ်အမှန်တွေကတော့ ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းနောက်ကို လိုက်လာခဲ့ပါတယ်။

Voice : ကိုယ့်ကို ပရိသတ် လက်ခဲထားတဲ့ ပုံစံတစ်ခုကနေ ခွဲထွက်ချင်တာက ဘာကြောင့်ဖြစ်မလဲ။
XB : တချို့ ပရိသတ်တွေကျတော့ ကျွန်တော့်ကို သူတို့ လက်ခံထားတဲ့ ပုံစံတစ်ခု ရှိတယ်။ သူတို့ ကြိုက်တဲ့ သီချင်းပုံစံလည်း ရှိကြတယ်။ ဒုတိယ အယ်လ်ဘမ်မှာ သူတို့မကြိုက်တဲ့ သီချင်းပုံစံတွေပါတဲ့အတွက် အားမပေးဘူးဆိုပြီး ပြောတာမျိုးတွေလည်း ပြန်ကြားရပါတယ်။ ဘာပဲပြောပြော ကိုယ်ချပြချင်တဲ့ သီချင်းပုံစံတွေကို ပရိသတ်တွေ လက်ခံလာအောင် ကြိုးစားရမှာက ကျွန်တော်တို့ ဂီတသမားတွေရဲ့ တာဝန်ပါ။ “99” ခွေက ပရိုမိုးရှင်း မလုပ်တာတောင်မှ ရောင်းအားကကျေနပ်လောက်တဲ့ အတိုင်းအတာတစ်ခုအထိ ရောက်ခဲ့ပါတယ်။

သန့်ဇင်ဦး