News

POST TYPE

ENTERTAINMENT

ခင်မင်မှုသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်၊ ခင်လေးနွယ်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ဆုံခြင်း
13-May-2018

“သူငယ်ချင်းတွေကို သံယောဇဉ် အရမ်းတွယ်ပြီးသွားပြီဆိုတော့ ခွဲလို့မရတော့ဘူးပေါ့နော်” သက်မွန်မြင့်

“သူငယ်ချင်းနှစ်ယောက်က ကောက်နေရင်တောင် ကျန်တဲ့သူငယ်ချင်းတွေက ဝင်ချော့ပေးလိုက်ရင် စိတ်ပြန်ပြေသွားတာပါပဲ” ခင်လေးနွယ် 

ခင်မင်မှုသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် သက်မွန်မြင့်၊ ခင်လေးနွယ်တို့ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ဆုံပြီး၊ သူငယ်ချင်းဘဝအမှတ်တရများအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သက်မွန်နဲ့ ခင်လေးတို့ နှစ်ယောက်လုံးက အနုပညာလောကကို စဝင်တဲ့အချိန်က မတိမ်းမယိမ်း ဖြစ်မယ်ထင်တယ်နော်။ ခင်မင်မှုသက်တမ်း ဘယ်လောက်ကြာပြီလဲ။
TMM : သက်မွန်တို့နှစ်ယောက်က မော်ဒယ်လ်စလုပ်တုန်းကတော့ မခင်သေးဘူး။ နောက်တော့မှ ခင်သွားကြတာပါ။ ခင်လာတာကတော့ ၁၆ နှစ်ကျော်လောက်တော့ရှိပြီ။ သူနဲ့က ကြော်ငြာတွေ အတူရိုက်ဖြစ်ရင်းနဲ့ စဆုံတယ်။ နှစ်ယောက်လုံးကလည်း ဒီဇိုင်နာ မပုံ့ဆီမှာပဲ အင်္ကျီချုပ်ကြတာဆိုတော့ ပိုပြီးတော့ ရင်းနှီးသွားတယ်။ 

Voice : သူငယ်ချင်းတစ်ယောက်နဲ့ တစ်ယောက်က ဘယ်လို ဖေးမကူညီမှုလေးတွေရော ရှိခဲ့ကြလဲ။
KLN : ခင်လေးတို့ သူငယ်ချင်းတွေက အစားတစ်ခုခု သွားစားကြမယ်လို့ ချိန်းလိုက်ရင်တော့ အားလုံးဆုံကြတယ်။ အစားအသောက်ပိုင်းမှာတော့ အတွဲညီကြတယ်။ သူငယ်ချင်းတွေ တွေ့ဖြစ်ကြရင် အနုပညာအလုပ်အကြောင်းတော့ သိပ်မပြောဖြစ်ကြဘူး။ အချင်းချင်း တွေ့နေရရင်ကို ပျော်နေကြတာ။ စိတ်ညစ်စရာတွေလည်း သိပ်မပြောကြဘူး။ ပျော်အောင်ပဲ နေကြတယ်။ ဒါပေမဲ့ တစ်ခုခုလိုအပ်ရင်တော့ အားလုံးက ကူညီဖို့ အမြဲအဆင်သင့် ရှိကြပါတယ်။ 

Voice : သက်မွန်ကတော့ သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်ထားနိုင်ပြီနော်။ အပျိုကြီး မခင်လေးအတွက်ရော လက်တွဲဖော် မရှာပေးတော့ဘူးလား။
TMM : သူ့ကိုတော့ သက်မွန်က တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တယ်။ သက်မွန်ကို အားမကျစေချင်ဘူး။ သက်မွန်တောင် အိမ်ထောင်ပြုလိုက်တော့ သူငယ်ချင်းတွေကို အရင်လို အချိန်မပေးနိုင်တော့ဘူး။ သက်မွန်က ကားရိုက်ဘက်ကို အရမ်းဇောကပ်ပြီးတော့ အလုပ်နောက်ကို လိုက်တယ်။ အဲ့ဒါကို သူတို့က နားလည်ပေးပြီးတော့ သက်မွန်အားတာနဲ့အတူတူ လာနေပေးကြတယ်။ ရှားရှားပါးပါး သူတို့နဲ့တွေ့ရတဲ့အချိန်က နည်းသွားတယ်။

Voice : မခင်လေးကရော တစ်ကိုယ်တည်း အပျိုကြီးပဲလုပ်တော့မှာလား။
TMM : ခင်လေးကတော့ အိမ်ထောင်ပြုဖို့ ကံမပါသေးဘူးနဲ့ တူပါတယ်။ ကိုယ်တိုင်လည်း လက်ရှိမှာ တစ်ယောက်တည်းနေရတဲ့ အရသာကို ပိုကြိုက်နေတယ်။ ဒါပေမဲ့ ဖူးစာကံဆိုတာတော့ ပြောလို့မရဘူးပေါ့နော်။ ဖူးစာပါခဲ့ရင်တော့ အိမ်ထောင်ပြုဖြစ်ရင်လည်း ပြုဖြစ်မှာပေါ့။ သက်မွန် အိမ်ထောင်ပြုမယ်ပြောတုန်းကတော့ မပြုနဲ့လို့တားခဲ့သေးတယ်။ အိမ်ထောင်ပြုလိုက်ရင် သူငယ်ချင်းတွေ တွေ့ရတဲ့အချိန်က လျော့သွားတာပဲလေနော်။ ဒါပေမဲ့ သက်မွန်ရင်သွေးလေးတွေ ရလာတော့လည်း ချစ်စရာလေးတွေဆိုတော့ ချစ်သွားပြန်ရော။

Voice : သူငယ်ချင်းဆိုတာက သက်မွန်နဲ့ ခင်လေးတို့ဘဝအတွက် ဘယ်လောက်အထိ အရေးပါလဲ။ 
TMM : သက်မွန်က သူငယ်ချင်းတွေအပေါ် သံယောဇဉ်အရမ်းကြီးတယ်။ ခင်တွယ်တတ်တယ်။ သူငယ်ချင်းတွေကြားထဲမှာတော့ အမြဲတမ်း အဆင်ပြေနေတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ စိတ်ခုတာတို့၊ စိတ်ကောက်တာတို့၊ စိတ်ဆိုးတာတို့ရှိတာပေါ့နော်။ ဒါပေ့မဲ့ ကိုယ်က သူငယ်ချင်းတွေကို ချစ်နေတဲ့အခါကျတော့ ခွဲမှမခွဲနိုင်တာနော်။ သူငယ်ချင်းတွေနဲ့ တွေ့လိုက်ရင်လည်း စိတ်ကောက်တယ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဘူး။ ဟီးဟီးဟားဟားနဲ့ ပျော်သွားကြပြန်ရော။ သူငယ်ချင်းတွေကို သံယောဇဉ်အရမ်းတွယ်ပြီးသွားပြီဆိုတော့ ခွဲလို့မရတော့ဘူးပေါ့နော်။ 
KLN : ခင်လေးကလည်း သူငယ်ချင်းတွေကို အရမ်းခင်တတ်တယ်။ သူငယ်ချင်းတွေကို ကိုယ့်ရဲ့ အခက်အခဲတွေ ရင်ဖွင့်တာမျိုးလည်းရှိတယ်။ မွေးချင်းမောင်နှမတွေပြီးရင် သူငယ်ချင်းတွေက ကိုယ့်အတွက် အရင်းနှီးဆုံး လူတွေပါပဲ။ သူငယ်ချင်းတွေအပေါ်ကို ခင်လေးလည်း စိတ်ဆိုး၊ စိတ်ကောက်တဲ့ အချိန်တွေလည်း ရှိတယ်။ သူငယ်ချင်းနှစ်ယောက်က ကောက်နေရင်တောင် ကျန်တဲ့သူငယ်ချင်းတွေက ဝင်ချော့ပေးလိုက်ရင် စိတ်ပြန်ပြေသွားတာပါပဲ။ သူငယ်ချင်းတွေအပေါ်ကျတော့ အတေးအမှတ်လည်း မထားတတ်ဘူး။ လူတိုင်းမှာ သူငယ်ချင်းမိတ်ဆွေဆိုတာတော့ ရှိသင့်ပါတယ်။ စိတ်ထဲမှာ မကျေနပ်တာတွေရှိရင်လည်း မသိမ်းထားနဲ့။ ပြဿနာသေးသေးလေးတွေကနေ ကြီးသွားတတ်တယ်။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ဖြေရှင်းသင့်ပါတယ်။

သန့်ဇင်ဦး