News

POST TYPE

ENTERTAINMENT

ချမ်းချမ်းနဲ့ တွေ့ဆုံခြင်း
09-May-2018 tagged as အနုပညာ



“အဆိုတော် အသစ်တွေထဲမှာ ၈၀ ရာခိုင်နှုန်းလောက်ကို ကြည့်မယ်ဆိုရင် Melody World က ကလေးတွေပဲ ဂီတရေစီးကြောင်းထဲမှာ ပြေးနေတာလေ”

နာမည်ကျော်တေးသံရှင် ချမ်းချမ်းနဲ့တွေ့ဆုံပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ Melody World သီချင်းဆိုပြိုင်ပွဲအတွက် သူ့ခံစားမှု၊ တေးရေး ကေအေတီ၊ တေးသံရှင် ကိုကိုမောင်တို့နဲ့ပတ်သက်တဲ့ အမှတ်တရခံစားမှုများ၊ ဘုဏ်းသိုက်နဲ့ အိမ်ထောင်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ချမ်းချမ်းတို့ကို စင်တင်ပေးခဲ့တဲ့ Melody World ပြိုင်ပွဲက နောက်နှစ်ဆို ဆက်လက်ကျင်းပဖို့တောင် မသေချာတော့ဘူးလို့ ကြားနေရတယ်။ ဒီအပေါ်မှာ ဘယ်လိုခံစားမှုရှိလဲ။
CC : အဓိကကတော့ အဆိုပြိုင်ပွဲတွေ အရမ်းများလာတဲ့အချိန်မှာ စပွန်ဆာရရှိဖို့ကအစ ပိုခက်ခဲလာတယ်လို့ထင်တယ်။ နောက်ပြီး Melody World ကို လုပ်နေတဲ့ ဆရာဦးချိုပြုံးတို့ လွှင့်တဲ့ရုပ်သံလိုင်းကလည်း ထိထိရောက်ရောက်မသွားဘူး ဖြစ်နေတယ်။ ပရိသတ်တွေရဲ့ ကြည့်ရှုအားပေါ် မူတည်ပြီးတော့ အစီအစဉ်တစ်ခုက ရေပန်းစားမှုဆိုတာ ဖြစ်လာတာလေ။ လူကြည့်များတဲ့ အစီအစဉ်တစ်ခုဖြစ်ဖို့ ပရိသတ်တွေစိတ်ဝင်စားဖို့ကျတော့ စပွန်ဆာတွေရဲ့ ပံ့ပိုးမှုအားက အရမ်းလိုအပ်ပါတယ်။ ဆရာဦးချိုပြုံးတို့ကျတော့ အဲ့ဒီအပိုင်းမှာ အားနည်းသွားတာလည်း ပါနိုင်တယ်။ ပြိုင်ပွဲက လုပ်လာတာလည်းကြာပြီဆိုတော့ လူတွေက အသစ်အဆန်းပိုင်းကို လှည့်ချင်ကြတယ်။ ဒီပြိုင်ပွဲမှာ လာပြိုင်တဲ့သူတွေက အရည်အချင်းရှိတဲ့သူတွေချည်းပဲဆိုတော့ ဆရာဦးချိုပြုံးကို စိတ်ဓာတ်မကျစေချင်ပါဘူး။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ အနိုင်ပိုင်းပြီး ရပ်လိုက်တာက ပိုကောင်းမယ်လို့ အစ်မမြင်ပါတယ်။

Voice : ဒီပြိုင်ပွဲကနေ အရည်အချင်းရှိတဲ့ အဆိုတော်တွေအများကြီးကိုတော့ မွေးထုတ်ပေးနိုင်ခဲ့တယ်နော်။
CC : Melody World ပြိုင်ပွဲက ထွက်လာသမျှ ကလေးတွေအားလုံးသည် အဆိုတော်တွေ ဖြစ်ကုန်ပါပြီ။ သူ့နေရာနဲ့သူလည်း အောင်မြင်နေကြပါပြီ။ ဒါကတော့ မြေကြီး လက်ခေတ်မလွဲပါပဲ။ ကြိုက်တဲ့နေရာ သွားကြည့်လို့ရပါတယ်။ အဆိုတော် အသစ်တွေထဲမှာ ၈၀ ရာခိုင်နှုန်းလောက်ကို ကြည့်မယ်ဆိုရင် Melody World က ကလေးတွေပဲ ဂီတရေစီးကြောင်းထဲမှာ ပြေးနေတာလေ။ အဲ့ဒါကြောင့် အစ်မကတော့ Melody World ပြိုင်ပွဲကို ကျင်းပပေးခဲ့တဲ့ ဆရာဦးချိုပြုံးအတွက် ဂုဏ်ယူပါတယ်။ ဆရာ စိတ်ဓာတ်ကျစရာလည်း မလိုဘူး။ အားငယ်စရာလည်း မလိုပါဘူး။ ဆရာ ဂုဏ်ယူရမှာပါ။

Voice : Melody World ရဲ့ ၂၀၀၇ ခုနှစ်ပြိုင်ပွဲဝင်တွေ စုစည်းပြီး တေးရေးကေအေတီနဲ့ တေးသံရှင် ကိုကိုမောင်တို့အတွက် အမှတ်တရ စီးရီးတစ်ခွေ လုပ်ဖို့ရှိတယ်လို့ သိထားတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
CC : ဆရာ ကေအေတီက စကားနည်းတယ်။ ဒါပေမဲ့ သူက အနုပညာသမားအစစ် ဖြစ်ပါတယ်။ ဆရာက ပိုက်ဆံစကား ဘယ်တော့မှမပြောပါဘူး။ ဆရာရေးတဲ့ ကဗျာတစ်ကြောင်းကအစ အရမ်းရသရှိပါတယ်။ ဆရာ ကွယ်လွန်သွားတဲ့အတွက် အနုပညာလောကမှာ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုကိုမောင်ကကျတော့လည်း အသံအရမ်းကောင်းတယ်။ သူ့ရဲ့အသံက အရမ်းအေးချမ်းတယ်။ သူ့ကို အစ်မက ဒုတိယခင်မောင်ထူးလို့တောင် ပြောချင်တယ်။ သူ မမျှော်လင့်ဘဲ ကြွေလွင့်သွားတဲ့အချိန်မှာ Melody World က ရဲဘော်ကောင်းတစ်ယောက် ဆုံးရှုံးသွားသလို ခံစားရပါတယ်။ သူ့ကိုတော့ အမြဲသတိရတယ်။ သူ့သီချင်းတွေလည်း အမြဲနားထောင်ဖြစ်ပါတယ်။ အစ်မတို့လုပ်မယ့်စီးရီးမှာ သူ့သီချင်းတွေကို ယောကျာ်းလေးတွေက အဖွဲ့လိုက် ပြန်ဆိုထားတာလေးလည်း ပါပါမယ်။ သူလည်း ရောက်ရာဘဝမှာ ပြန်ကြားရင် စိတ်ချမ်းသာရမှာပါ။

Voice : ကိုဘုဏ်းသိုက်နဲ့ အစ်မရဲ့လက်ရှိ အိမ်ထောင်ရေး အခြေအနေကရော ဘယ်လိုရှိလဲ။ အစ်မတို့မိသားစုလေးကို ချစ်တဲ့ပရိသတ်တွေကရော ပြန်လည်ပေါင်းစည်းစေချင်ကြတယ်။
CC : အမှန်အတိုင်းပြောရရင် အစ်မ အဲ့ဒီအကြောင်းကို မေ့ထားတာကြာပါပြီ။ အစ်မတို့ အခုလည်း ကိုယ့်ဟာကိုယ် အသက်ရှင်နေကြတာပဲလေ။ အရမ်းလည်း ပျော်တယ်။ ကိုယ့်ဘာသာကိုယ် အလုပ်တွေလည်း လုပ်လို့ရနေတယ်လေ။ သမီးလေးကလည်း အစ်မတို့ အိမ်ထောင်ရေးကြောင့် ဘယ်လို Side Effects မျိုးမှ မခံစားရဘူး။ အစ်မကလည်း သူ့ကို အမေမေတ္တာအပြည့်အဝပေးတယ်။ သူ့အဖေကလည်း အဖေ မေတ္တာ အပြည့်အဝပေးတယ်။ အစ်မတို့က ရန်သူတွေ မဟုတ်ပါဘူး။ အခုချိန်မှာ မိတ်ဆွေတွေလိုပါပဲ။ သူလည်း သူ့ရဲ့အောင်မြင်မှုအတွက် လျှောက်လှမ်းနေသလို၊ အစ်မလည်း အစ်မဘဝကို အကောင်းဆုံးသွားနေတာဆိုတော့ ထွေထွေထူးထူးတော့ ဘာမှမပြောချင်ပါဘူး။

Voice : ကိုဘုဏ်းသိုက်က ရုပ်ရှင်ကားကြီးတွေတောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့်ရနေပြီနော်။ သူ့ရဲ့အနုပညာအိပ်မက်လေးတွေ အကောင်အထည်ပေါ်လာတဲ့အပေါ်ကိုရော မချမ်း ဘယ်လိုခံစားရလဲ။
CC : သူ့အတွက် အစ်မကတော့ မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ပြောချင်တာက သူက အရမ်းတော်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ယောကျာ်းတစ်ယောက်၊ သမီးလေးအတွက်လည်း အဖေကောင်းတစ်ယောက်ပါ။ သူဒီ့ထက်မက ပိုပြီး အောင်မြင်ပါစေ၊ အနုပညာအလုပ်တွေ လုပ်နိုင်ပါစေလို့ အစ်မ ဆုမွန်ကောင်းတောင်းပေးပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အပြည့်အဝအားပေးပြီးတော့ သူ့ဘဝမှာ သူလုပ်ချင်တဲ့ အနုပညာတွေကို ဆက်တိုက်လုပ်ခွင့်ရပါစေ၊ လမ်းမှားဘယ်တော့မှမရောက်ပါစေနဲ့လို့ အစ်မ ဆုတောင်းပေးပါတယ်။

Voice : တလောက မချမ်းရဲ့ မိသားစုနဲ့ ကမ်းခြေသွားတုန်းက ရေကူးဝတ်စုံနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံအပေါ် ပရိသတ်တချို့က မကြိုက်ဘူးလို့ ဝေဖန်ကြတယ်နော်။ မချမ်းက အဲ့ဒီလိုမျိုး ဝတ်လေ့ဝတ်ထမရှိတဲ့အတွက် လက်မခံနိုင်သေးတာ ဖြစ်မယ်ထင်တယ်နော်။
CC : အစ်မက ကမ်းခြေကို မိသားစုနဲ့သွားတယ်။ ကမ်းခြေရောက်တော့ ရေကူးတယ်။ ရေကူးတဲ့အချိန်မှာ ထဘီကြီးနဲ့လည်း ကူးလို့မရဘူးလေ။ အရမ်းပူနေတဲ့ရာသီမှာ ဘယ်သူမှ မရှိတဲ့ကျွန်းမှာ အစ်မဘာသာ အစ်မရေကူးတယ်ကွာ။ ဒါကတော့ အစ်မရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ အစ်မကို လာတားလို့မရဘူး။ ရေကူးအင်္ကျီဆိုတာ ရေကူးဖို့အတွက် ထုတ်ထားတာလေ။ ဘုရားသွား၊ ကျောင်းတက်ဖို့အတွက် ထုတ်ထားတာမဟုတ်ဘူး။ ကမ်းခြေမှာဝတ်ဖို့ အသင့်တော်ဆုံးက ရေကူးဝတ်စုံပဲလို့ မြင်တယ်။ အစ်မအနေနဲ့ ရေကူးဝတ်စုံဝတ်ပြီး တစ်ခါမှလည်း မဂ္ဂဇင်းတို့၊ ကြော်ငြာတို့အတွက် ဓာတ်ပုံအရိုက်မခံခဲ့ဘူး။ အစ်မခန္ဓာကိုယ် အဲ့လောက်အထိ အပေါစားမဆန်ဘူး။ ရိုက်တဲ့သူတွေကိုလည်း အပေါစားဆန်တယ်လို့ ပြောတာမဟုတ်ဘူး။ အစ်မရဲ့ခံယူချက်ကို ပြောပြတာပါ။ 

သန့်ဇင်ဦး