News

POST TYPE

ENTERTAINMENT

ဟာသလူရွှင်တော် ခင်လှိုင်၊ မအေးအေးပြုံးတို့ ဇနီးမောင်နှံနဲ့တွေ့ဆုံခြင်း
06-May-2018 tagged as အနုပညာ

“ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဘဝအစမှာတော့ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်” (ခင်လှိုင်)

“အစ်မတို့ လင်မယား နှစ်ယောက်လုံးက ယုံကြည်ချက်နဲ့ ကြိုးစားခဲ့ကြတာပါ” (အေးအေးပြုံး)

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ဟာသလူရွှင်တော် ခင်လှိုင်၊ မအေးအေးပြုံးတို့ ဇနီးမောင်နှံနဲ့တွေ့ဆုံပြီး အိမ်ထောင်သက် ၂၉ နှစ်တာကာလမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲများ၊ အမှတ်တရ ဖြစ်ရပ်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : အိမ်ထောင်သက် ၂၉ နှစ်တောင် ပြည့်ခဲ့ပြီဆိုတော့ ပြန်ကြည့်လိုက်ရင် ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။
KH : ကျွန်တော်တို့ နှစ်ယောက်ရဲ့ဘဝအစမှာတော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ နှစ်ဖက်မိဘတွေကလည်း ချမ်းသာကြတာမဟုတ်ဘူး။ အိမ်ထောင်ဦးကာလကို သုညကနေ စခဲ့ကြရတာပါ။ ကိုယ်တို့နှစ်ယောက်ကို အစက မိန်းမဘက်က မိဘတွေက သဘောမတူဘူး။ သူတို့သမီးက ငယ်သေးတာလည်း ပါတယ်။ နှစ်ယောက်လုံးက ယဉ်ကျေးမှုမှာ ဝန်ထမ်း စလုပ်တာလည်း မကြာသေးဘူးဆိုတော့လေ။ နေစရာဆိုလည်း ကိုယ်တိုင်တောင်မှ သူတို့ သစ်စက်လိုင်းခန်းမှာ ကပ်နေရတာဆိုတော့ မယူစေချင်သေးဘူးပေါ့။ သူ့သမီးနဲ့ သဘောမတူဘူးဆိုပေမယ့် မိန်းမရဲ့ အမေက ကိုယ့်ကို အရမ်းချစ်ပါတယ်။ ကိုယ့် မွေးစားအမေလိုပါပဲ။ အခုချိန်မှာ ပြန်တွေးရင်တော့ အားလုံးက အမှတ်ရစရာတွေချည်းပါပဲ။ 

Voice : မိန်းမရဲ့မိဘတွေ သဘောမတူတဲ့ကြားက အစ်မကို ဦးခင်လှိုင် ဘယ်လိုရအောင် ယူခဲ့တာလဲ။
KH : အမှန်တော့ ကိုယ်က သူတို့အိမ်မှာလည်း ကပ်နေသေးတယ်၊ သူတို့သမီးကိုလည်း ယူခဲ့တယ်ဆိုတော့ ပြောရရင် အရိပ်နေနေ အခက်ချိုးချိုး လုပ်ခဲ့တာပေါ့။ အမှန်တော့ မိန်းမရဲ့အမေက ကိုယ့်ဘက်ကနာပြီး သူ့သမီးနဲ့ မယူစေချင်တာပါ။ သူ့အမေက ဗေဒင်တွေဘာတွေ တွက်တတ်တယ်။ ငါ့သားက တစ်နေ့ကျရင် အောင်မြင်မှာ၊ ငါ့သမီးကို မယူနဲ့လို့ပြောတယ်။ ကိုယ်တို့နှစ်ယောက်ကို သုံးကြိမ်လောက်ခွဲတယ်။ သုံးကြိမ်လောက် ခိုးပြေးရတယ်။ ဦးခင်လှိုင်တို့ဘဝအစမှာ ဒါလေးက အမှတ်တရလေးပါပဲ။ ရေစိုခံတဲ့ ကျောပိုးအိတ်တစ်လုံးထဲမှာ ဦးခင်လှိုင် အငြိမ့်ခန်းကရင် ဝတ်တဲ့ ကချင်ပုဆိုးနှစ်ထည်ကို ဆက်ပြီးချုပ်ထားတဲ့ တောင်ရှည်တစ်ထည်၊ တိုက်ပုံတစ်ထည်၊ လည်ကတုံးတစ်ထည်၊ ဘေထုပ်ထဲက ရွေးထားတဲ့ ဘောင်းဘီတို တစ်ထည် ရှိတယ်။ မိန်းမမှာက ခါးဝတ်ခါးစား တစ်စုံပဲရှိတယ်။ နှစ်ယောက်ခိုးပြေးကြတော့ အပြင်သွားရင် ဦးခင်လှိုင် သူငယ်ချင်းက အင်္ကျီတစ်ထပ် အပိုဝတ်လာတယ်၊ ကိုယ့်မိန်းမကို တစ်ထည်ပေးဝတ်ရတယ်။ အဲ့ဒီလောက်အထိကို အခက်အခဲတွေနဲ့ ဘဝစခဲ့ရတာပါ။

Voice : အခက်အခဲတွေကြားထဲက အိမ်ထောင်ရေး သာယာအောင်ရော ဘယ်လို ကြိုးစားခဲ့ကြရလဲ။
KH : ဦးခင်လှိုင်တို့ပထမဆုံးစစုမိတာ စတီးပန်းကန်ပြား နှစ်ချပ်ပေါ့။ ကျောပိုးအိတ်ထဲမှာ ထည့်ထားတယ်။ ပွဲကတဲ့ နေရာမှာ ကြုံသလိုအိပ်ရတယ်။ ဦးခင်လှိုင်က ဇာတ်အဖွဲ့နဲ့အတည်တကျ ကတာမဟုတ်ဘူး။ ချီကောက် ကတာပါ။ နောက်ထပ်ထပ်ပြီး စုမိတာက တစ်ယောက်အိပ် ခြင်ထောင်တစ်လုံး၊ နှစ်ယောက်အိပ်က ဈေးကြီးတော့ မဝယ်နိုင်ဘူး။ ပိတ်ခြင်ထောင်လေးပါ။ အဲ့ဒါတွေကို ကျောပိုးအိတ်ထဲမှာထည့်ပြီး လင်မယားနှစ်ယောက် ကပွဲတွေ လျှောက်ကနေရတာပေါ့။ နောက်တော့ သူ့အမေတွေက ပြန်ခေါ်ထားတဲ့အတွက် နေစရာလေး ရှိသွားတယ်ပေါ့။ ဦးခင်လှိုင်တို့နှစ်ယောက်က ဘယ်လောက်ပဲ အခက်အခဲတွေ ရှိရှိ၊ နှစ်ယောက်အတူ ရင်ဆိုင်တယ်။ ပျော်စရာရှိရင်လည်း အတူတူပဲ၊ ဝမ်းနည်းစရာတွေရှိရင်လည်း အတူတူပါပဲ။ နှစ်ယောက်က အေးအတူ၊ ပူအမျှနဲ့ ဘဝကို ဖြတ်သန်းခဲ့ကြတာပါ။

Voice : ရှေ့ဆက်ပြီးတော့ရော နှစ်ယောက်အတူတူ ဘဝကို ဘယ်လို ဖြတ်သန်းသွားဖို့ စဉ်းစားထားကြလဲ။
KH : ဦးခင်လှိုင်က မိန်းမကို ပြောထားတယ်။ ငါတို့ရှာထားတာတွေ အကုန်လုံးက အမြတ်တွေချည်းပဲလို့။ အရင်းက ကျောပိုးအိတ်တစ်လုံးပဲ ရှိတယ်။ အဲ့ဒီတော့ ဦးခင်လှိုင်တို့နှစ်ယောက်က တတ်နိုင်သမျှ အလှူအတန်းတွေ လုပ်မယ်။ နောက်ဆုံး ကျောပိုးအိတ်တစ်လုံးနဲ့ အဝတ်အစား တစ်စုံစာ ကျန်သွားရင် အရင်းပဲလို့၊ အဲ့ဒါကြောင့် ဦးခင်လှိုင် ဘယ်တော့မှ မတွန့်တိုဘူး။ခရီးသွားရင်လည်း တပည့်၊ သားသမီးတွေ ကြိုက်တာစား၊ အစားအသောက်နဲ့ ပတ်သက်လို့ ဘယ်တော့မှ မတွန့်တိုဘူး။ အိမ်မှာဆိုလည်း ဧည့်သည်ကြိုက်တဲ့အချိန် လာခဲ့၊ ဟင်းမပြတ်စေရဘူး။ ဦးခင်လှိုင် လူပျိုပေါက်အရွယ် ၈၈ အရေးအခင်းနဲ့ကြုံတုန်းက ငတ်ဖူးတယ်။ ဆန်မရှိတော့ ပီလောပီနံဥတွေ ပြုတ်စားရတယ်။ ဆန်ကွဲတွေ ကျိုစားရတယ်။ ကိုယ့်သားသမီးတွေကျရင် အဲ့ဒီလို ဖြစ်မှာစိုးလို့ ဦးခင်လှိုင် ဆန်လုံးဝ အပြတ်မခံဘူး။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အမြဲဖြည့်ထားတယ်။

Voice : အစ်မကရော ဇနီးတစ်ယောက်အနေနဲ့ ဦးခင်လှိုင်ရဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။
AAP : အစ်မတို့လင်မယား နှစ်ယောက်လုံးက ယုံကြည်ချက်နဲ့ ကြိုးစားခဲ့ကြတာပါ။ သားသမီးတွေရလာတဲ့ အခါကျတော့လည်း အကုန်လုံးက လိမ္မာကြတယ်။ အစ်မတို့က သိပ်ပြီး လှည့်ကြည့်စရာ မလိုဘူးပေါ့နော်။ သူတို့ လိမ္မာလို့လည်း အစ်မတို့နှစ်ယောက်က စိတ်အေးလက်အေးနဲ့ စီးပွားရှာပြီး လှူနိုင်တန်းနိုင်တာပါ။ အစ်ကိုကလည်း အစ်မကို စိတ်ချမ်းသာအောင်ထားပါတယ်။ အစ်မလိုအပ်တာတွေ အကုန်လုံးကိုလည်း အမြဲတမ်း ဖြည့်ဆည်းပေးပါတယ်။ အစ်မတို့မိသားစုလေး အခုလို ပျော်ပျော်ရွှင်ရွှင် နေနိုင်တာကလည်း ထမင်းရှင် ပရိသတ်ကြီးက အစ်ကို့ကို အားပေးကြလို့ပါ။ ပရိသတ်တွေအားပေးလို့ရတဲ့ အနုပညာကြေးတွေကိုလည်း အစ်မတို့က အမြဲတမ်း အလှူအတန်းတွေ လုပ်ပေးမှာပါ။ 

သန့်ဇင်ဦး


  • VIA